၂၀၁၉-၂၀ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့် မဲခွဲပွဲအခမ်းအနားကို လာမယ့်တစ်ပတ် ကြာသပတေးနေ့ကျရင် မိုနာကိုမှာ ကျင်းပသွားမှာဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်တွေထဲက တစ်သင်းကတော့ Group Of Death ထဲ ကျဖို့ရှိနေပါပြီ။ အခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးလ်၊ စပါး၊ ချယ်လ်ဆီးအသင်းတို့ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး ဒီ(၄)သင်းထဲမှာ အုပ်စုကျပ်ထဲကျဖို့ အဖြစ်နိုင်ဆုံးက စပါးအသင်းဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ပေမယ့် စပါးအသင်းဟာ မဲအိုး(၁)ထဲမှာ ထည့်သွင်းမခံရတာကြောင့် အုပ်စုကျပ်ထဲကျဖို့ ရှိနေတာပါ။ ကျန်တဲ့ ပရီးမီးယားလိဂ်အသင်းတွေကတော့ မဲအိုး(၁)ထဲမှာ ပါနေတာဖြစ်ပါတယ်။

UEFA ရဲ့ စည်းမျဉ်းအရ တစ်နိုင်ငံတည်းက ကလပ်တွေ အုပ်စုတွင်း အတူမကျဖို့ သတ်မှတ်ထားတာကြောင့် စပါးအသင်းဟာ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်၊ PSG ဒါမှမဟုတ် ဇင်းနစ်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျဖို့ရှိနေပါပြီ။ အခုလောလောဆယ် ချန်ပီယံလိဂ်ခြေစစ်ပွဲတွေ ကစားနေတာကြောင့် မဲအိုး(၁)ကလွဲပြီး ကျန်တဲ့ မဲအိုးတွေအတွက် သတ်မှတ်ချက် မထွက်သေးပါဘူး။ မန်စီးတီး၊ ချယ်လ်ဆီး၊ လီဗာပူးလ်အသင်းတို့ဟာ မဲအိုး(၁)ထဲမှာ ပါနေပေမယ့် ရီးယဲလ်၊ အင်တာမီလန်၊ လိုက်ပ်ဇစ် စတဲ့အသင်းတွေနဲ့ အုပ်စုကျပ်ထဲ ကျဖို့တော့ရှိနေပါတယ်။ ဒါပေမဲ့ ဒီ(၃)သင်းဟာ မထင်မှတ်ဘဲ အုပ်စုချောင်ဖို့လည်း ရှိနေပြီး ရှက်တာဒိုးနက်၊ ကလပ်ဘရုဂေး၊ K.R.C ဂျန့်တို့နဲ့ကျမယ့် အခြေအနေရှိနေတာကြောင့် စပါးအသင်းလောက်တော့ အခြေအနေမဆိုးသေးပါဘူး။ ဒါကြောင့် ချန်ပီယံလိဂ်အုပ်စုမှာ ဘယ်အသင်းတွေ ဘယ်လို အုပ်စုထဲမှာ ကျမလဲဆိုတာ လာမယ့်ကြာသပတေးကျရင် စောင့်ကြည့်ရမှာပါ . .

REF:The Sun
Photo:Getty Images,The Sun
Naing Linn(Akhayar)
www.akhayar.com