လှည်းတန်းက သန့်မှသန့်တဲ့ ငရုတ်သီး ဝက်သားတုတ်ထိုးတဲ့..

 

ဝက်သားတုတ်ထိုးလည်း စားချင်တယ်။ သန့်တာလေးမှလည်း ကြိုက်တယ်။ အချဉ်လည်း ကောင်းမှဆိုတဲ့သူတွေ လုံးဝကြိုက်သွားမယ့် လတ်တလောနာမည်ကြီးတုတ်ထိုးဆိုင်လေးတစ်ဆိုင် တွေ့ခဲ့ပြီဗျို့…

“ငရုတ်သီး” ဝက်သားတုတ်ထိုးတဲ့။ နာမည်ကြားရုံနဲ့တင် ငရုတ်သီးတွေနဲ့ ဝက်သားတုတ်ထိုးရောချက်ထားတယ်လို့ ထင်ရင်တော့ လုံးဝမှားမယ့်အမျိုး။ ဝက်သားတုတ်ထိုး သန့်သန့်လေးကို ရှယ်အချဉ် ၂မျိုးနဲ့ ဆိုင်ကလေးမှာ အေးအေးလူလူစားရတဲ့ တုတ်ထိုးဆိုင်လေးပါ။

ဝက်သားတုတ်ထိုး ဘာစားစား တစ်ချောင်း ၁၀၀ ။ ကြာဆံကြော်တစ်ပွဲ ၅၀၀ နဲ့ အေးအေးဆေးဆေး တိုက်ခန်းမြေညီထပ်လေးမှာ စားရတဲ့ ဝက်သားတုတ်ထိုးဆိုင်လေးပါ။

ဒီဆိုင်ရဲ့ စိတ်ချမ်းသာစရာအကောင်းဆုံးက သန့်ရှင်းမှု နဲ့ အချဉ် ပါပဲ။ သန့်တယ်ဆိုတော့ ဘယ်လိုများလဲမှတ်တယ် ဆလပ်ရွက်၊ သခွားသီးလေးတွေကို ရေဆေးပြီး ခြင်းလေးနဲ့ထည့်ပေးတယ်။ ဟင်းချိုခွက်လေးတွေကအစ သန့်ရှင်းနေရော။ အချဉ်အတွက်လည်း ခွက်ကလေးတွေနဲ့ တစ်ခွက်စာ သန့်သန့်လေး လာချပေးတယ်။ ဟင်းချိုက အိုးကြီးထဲက အအေးငှဲ့သလို Free Flow သောက်လို့ရတယ်။ တော်တော်အရသာရှိတယ်။

နောက်ထပ်အရမ်းကောင်းတာက အချဉ်ပဲ။ အချဉ် ၂မျိုးချပေးတယ်။ တစ်ခုက မန်ကျည်းသီးနဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနဲ့ အချဉ်။ ဝက်သားတုတ်ထိုးအရသာကို ထိပ်ဆုံးထိရောက်အောင်ခေါ်သွားတဲ့ ရှယ်အချဉ်ပါပဲ။ ချဉ်တယ်၊ငန်တယ်၊စပ်တယ် စားဖူးသမျှ ထဲ တော်တော့ တော်တော်ကောင်းတဲ့အချဉ်လေး။ နောက်တစ်မျိုးကတော့ ငရုတ်ဆီအနီနဲ့အချဉ်လေး။ သူကတော့ ခပ်ချိုချိုစပ်စပ်ပါပဲ။ ဒီအချဉ်ကတော့ ပုံမှန်ပါပဲ။

ဝက်သားတုတ်ထိုးစားကြည့်ပြန်တော့လည်း အူကအစသေချာဆေးထားတဲ့အရသာမျိုး မညှီဘူး မနံဘူး ပြီးတော့ ဝက်သားတုတ်ထိုးအရသာလေးကအစ ၁၀၀ နဲ့ပေးရတာ တန်လောက်အောင်ကို အရသာရှိတယ်။

အူပိတ်လေးတွေဆို ထူးထူးခြားခြားကြက်ဥအစာသွပ်ထားလေရဲ့။ ဝက်သားတုတ်ထိုးထဲမယ် ကောက်ညှင်းအူပိတ်ပဲ စားဖူးခဲ့သမျှ ကြက်ဥပေါင်းနဲ့အစာသွပ်ထားတာလေးလည်း ခပ်ဆိမ့်ဆိမ့်လေးနဲ့ တော်တော်စားကောင်းတာ သိရတယ်။

တစ်ခုပဲ။ အဲ့လို စုံစုံလင်လင်စားဖို့တော့ ဆိုင်ဖွင့်ချိန် ၁၁:၃၀ လောက်တည်းက သွားမှ စားချင်တာအစုံစားရမှာနော်။

ဆိုင်ပိုင်ရှင် ၂ယောက်၊၃ယောက်လောက်တည်းနဲ့ဆိုတော့ လက်မလည်ပေမယ့် စေတနာလည်းကောင်းတယ်။ ဝန်ဆောင်မှုလည်း ကောင်းတယ်။

 

အဲ့ဒါမို့ ဝက်သားတုတ်ထိုးကို လမ်းဘေးမှာမစားချင်တဲ့သူတွေ၊ အချဉ်ကောင်းကောင်းနဲ့ဆိုင်ကောင်းကောင်းမှာ စားချင်တဲ့သူတွေ၊ ဈေးတန်တန်နဲ့ အဝစားချင်တဲ့သူတွေ တစ်ခေါက်မရောက်မဖြစ် စားရမယ့် ငရုတ်သီး ဆိုင်လေးပါပဲလို့။

မနက် ၁၁:၃၀ ကနေ ည ၈ နာရီလောက်ဖွင့်တယ်ဆိုပေမယ့် ညနေ ၆,၇ နာရီလောက်ဆို အကုန်ကုန်သွားတတ်တာမို့ စောစောစားမှ ကောင်းကောင်းရွေးလို့ရမယ်ဆိုတာလေးတော့ ဝက်ချစ်သူတွေ၊ တုတ်ထိုးခရေဇီတွေ သိစေချင်မိ။

လိပ်စာက ကျောင်းရှေ့မှတ်တိုင်၊ အဝေရာလမ်းထဲ တည့်တည့်ဝင်သွားလိုက်တာနဲ့ အိမ်နံပါတ် ၇ မှာ ငရုတ်သီး ဝက်သားတုတ်ထိုးဆိုတဲ့ ဆိုင်းဘုတ်လေးတွေ့ပါလိမ့်မယ်ဗျို့။

တစ်ခေါက်လောက်သွားစားကြည့်ပြီး ကြိုက်သွားမှာ အသေအချာပါပဲလို့။

ချစ်လှစွာသော
FoodieEi (Akhayar)