မာလာဟင်း ၊ မာလာဟော့ပေါ့ ၊ မာလာငါးပေါင်း၊ မာလာခေါက်ဆွဲ  . . .  ။ တော်တော်မျက်နှာများတဲ့ မာလာပါဗျာ ။ မျက်နှာများသလို အရသာကလည်း ကျွန်တော်တို့အကြိုက် ပူပူ စပ်စပ် မွှေးမွှေး ကြိုင်ကြိုင်မဟုတ်လား ။ မိုးအေးအေး ဆောင်းအေးအေး ဘယ်လိုအေးအေး ၊ ချမ်းအေးနေတဲ့ ရာသီဥတုမျိုးနဲ့ဆို သိပ်ကိုလိုက်ဖက်တဲ့ အစားအစာတစ်မျိုးပေါ့ ။ အဲဒီမာလာ (Mala) ဆိုတာ အားလုံးသိပြီးကြတဲ့အတိုင်း တရုတ်အစားအစာတစ်မျိုးပေါ့ဗျာ ။ တရုတ်အသံထွက်နဲ့ဆို မာလား လို့အသံထွက်တယ်တဲ့ဗျ ။ Ma (Numb) ၊ La (Spicy) လို့ အဓိပ္ပာယ်ရတဲ့အတိုင်း ပူတယ် စပ်တယ် ထုံတယ် ပေါ့ဗျာ ။ မြန်မာမှု ဒဲ့ပြုရရင်ဖြင့် ပူစပ်ထုံ ဆိုပါတော့ 😀 ။

 

အဲဒီ မာလာရဲ့ ရာဇဝင် ဘယ်က အစချီတယ်တော့ အသေအချာမသိပေမယ့် အခုနှစ်ထဲ နာမည်ကြီးလာတဲ့ သူ့ရဲ့ မျိုးဆက်သစ်လေး  Mala Xian Guo (မာလာရှန်းကုန်း ဒါမှမဟုတ် မာလားရှန်းကွေန်း) ဆိုတဲ့ ဟင်းအမယ်သစ်လေး ကတော့ ကျွန်တော်တို့ဆီမှာပါ တော်တော်နာမည်ကြီးလာတာကလား။ ဒီမှာ မစားဖူးခင်ကတည်းက စင်ကာပူက ဘော်ဒါတွေ ပြောပြောနေတာကြောင့် ကြားဖူးခဲ့တာ ။ Mala ကတော့ ပူတယ် စပ်တယ် ထုံတယ် ဟုတ်ပြီဗျာ ။

 

Xian Guo ကရော ဘာလဲဆိုတော့ Xiang (Fragrant)  ၊ Gon or Guo (Dry) လို့အဓိပ္ပာယ်ရတယ်ဆိုတော့ မွှေးမြသွေ့ခြောက်သော ပူစပ်ထုံဟင်းလို့ ဆိုရမှာပဲ ( မွှေးခြောက်ပူထုံ ငင့် :3 ) ။  အဲ Mala Xian Guo ဟင်းပွဲအပြင်အဆင်ကိုတော့ သိကြတယ်မလားဗျ။ ကျနော်တို့ ဟော့ပေါ့ဆိုင်တွေမှာသွားစားကြသလိုပဲ ၊ အသားတွေ ပင်လယ်စာတွေ အရွက်တွေ ခေါက်ဆွဲတွေ တိုဖူးတွေ မှိုတွေ စိတ်ကြိုက်ရွေးပြီး ကောင်တာကိုပေးလိုက် ၊ သူတို့က အလေးချိန် Gram နဲ့ခွဲပြီး Bill ထုတ်ပေး ၊ ပြီးရင် ဟော့ပေါ့လို မပြုတ်ပဲ ငရုတ်သီးခြောက်နဲ့ အမွှေးအကြိုင်ပေါင်း မြောက်များစွာသုံးပြီး ခြောက်ကပ်ကပ် ကြော်ထားတာမျိုး ။

 

ကဲပါလေ မာလာ့အကြောင်း လျှာရှည်နေတာနဲ့ အဓိက ကိစ္စကိုမရောက်တော့ဘူး။  ဆိုတော့ကာ အဲဒီ Mala Xian Guo နဲ့အတူ ဒီမှာ နာမည်ကြီးလာတဲ့  The Spicy House နဲ့ Chilli Pot ဆိုတဲ့ ဆိုင်နှစ်ဆိုင်ကို သွားစားဖြစ်ခဲ့တယ်ပေါ့ဗျာ ။ ကဲ ဘယ်ဆိုင်က မာလာက  ဘယ်လိုချောပြီး ဘယ်ဆိုင်က မာလာကတော့ ဘယ်လိုလှ ဆိုတာလေးကိုကျွန်တော်တို့ ဆက်ဆွဲကြည့်လိုက်ရအောင် ။

 

Chilli Pot တဲ့ ၊ The Spicy House တဲ့ ။ ဆိုင်နာမည်တွေ ကြားတာနဲ့တင် ရေသန့်တစ်ဘူး အရင် ကောက်မှာ ထားလိုက်ဘီလေ 😛 ။ Spicy House ကို အရင်စသွားစားဖြစ်တယ် ။ ဆိုင်ခွဲတွေရှိတဲ့ထဲကမှ လမ်းသင့်နေတာနဲ့ ၆မိုင်ခွဲ ပြည်လမ်းပေါ်က Market Place အပေါ်ဆုံးထပ်မှာ ဖွင့်ထားတဲ့ဆိုင် ။ Market ထဲမှာဆိုတော့ ဈေးလေးဘာလေး ဝယ်ရင်းပြုရင်း စားလို့ရတယ်ဆိုတော့ အိမ်ရှင်မတွေ အိမ်ရှင်ထီးတွေအတွက်ဆို အဆင်တော်တော်ပြေတဲ့ နေရာလေးလို့ဆိုရမှာပဲဗျ ။ ၆မိုင်ခွဲဆိုတော့ သွားရလာရ နည်းနည်းလှမ်းတယ်လို့တော့ဆိုရမယ် ။ Market Place အောက်ထဲမှာ Parking Area လေးအဆင်ပြေတာတော့ မဆိုးဘူးပေါ့။ ဆိုင်ကို ရောက်သွားတဲ့ အချိန်မှာ လူပြည့်နေတယ် ။ ဆိုင်ကဝန်ထမ်းလေးတွေက ခရီးဦးကြိုပြုရင်း ၁၅မိနစ်လောက်တော့ စောင့်ရမယ်ပြောတယ် ။ ဟင်းတွေရွေးရင်း စောင့်ဖို့ ခုံအားတာနဲ့ နေရာချက်ချင်းစီစဉ်ပေးမယ့်အကြောင်းပြောပါတယ် ။

 

Chilli Pot ကို ရောက်တော့လည်း အလားတူပါပဲ ။ လူအပြည့်ပါ ။ သူတို့ဆိုင်က ဝန်ထမ်းလေးတွေလည်း ပျူငှာဖော်ရွေကြပါတယ် ။ Chilli Pot ကတော့ ဒဂုံ(၁)ကျောင်းဘေး နဝဒေးလမ်းထဲကဆိုင်ပါ။ နေရာက Downtown ဖြစ်နေတော့ သွားရလာရတော့ အဆင်ပြေပြီးသားပေါ့လေ။ Car Parking မလွယ်တာလေးကတော့ မြို့ထဲမှာ အထူးအဆန်းမဟုတ်ဘူးလို့ပဲ ဆိုပါရစေတော့။

 

ဆိုင်အပြင်အဆင်ပိုင်း

နှစ်ဆိုင်လုံး သပ်သပ်ရပ်ရပ်လေးပါပဲ ။ နေရာထိုင်ခင်းပိုင်းမှာတော့ Spicy House က နည်းနည်းကျဉ်းတယ်ဗျ ။ စားပွဲဝိုင်းအပြင်အဆင်ကလည်း Face-to-Face Duet Table ပုံစံမျိုးတွေဆိုတော့ အများဆုံး ထိုင်ရင်တောင် တစ်ဝိုင်းကို ၄ယောက်လောက်ထိပဲ အဆင်ပြေမယ် ။ ခုံတော့ဆက်ထိုင်လို့ရပေမယ့် တစ်ဝိုင်းနဲ့တစ်ဝိုင်း အရမ်းကပ်လွန်းနေတော့ ဆိုင်နေရာလေးသာ ပိုကျယ်သွားခဲ့မယ်ဆိုရင်တော့ အများကြီးအဆင်ပြေသွားမယ်ထင်တယ်ဗျ ။ အခုလို စားပွဲစောင့်နေရတဲ့ပုံစံနဲ့တော့ စုံတွဲတွေအတွက်အဆင်ပြေပေမယ့် မိသားစုတွေအတွက်တော့ သိပ် အဆင်မပြေလှဘူးရယ် ။

Chilli Pot ကတော့ နေရာထိုင်ခင်း ကျယ်တယ်။ ပိုအဆင်ပြေတယ်။ တစ်ဝိုင်းကို အနည်းဆုံး ၄ယောက်ကနေ ၆လောက်ထိထိုင်လို့ရတယ်ဆိုတော့ မိသားစုတွေ မိတ်ဆွေသူငယ်ချင်းတွေထိုင်ဖို့လည်း အိုကေတယ်။ ဆိုတော့ကာ  နေရာ ဒီဇိုင်း ကာလာ အနေအထား ဘာညာကို ပြောရမယ် ဆိုရင်ဒေါ့ဖြင့် . . .

 

နေရာ

  • The Spicy House           ****
  • Chilli Pot                        ****

 

သွားလာရလွယ်ကူမှု

  • The Spicy House           ***
  • Chilli Pot                        *****

 

 Service ပိုင်းလေး

အသားတွေ အရွက်တွေ ရွေးတဲ့အချိန်မှာလည်း  နှစ်ဆိုင်လုံးဟာ လူရှုပ်နေပေမယ့် မေးမြန်းတဲ့အခါ ဂရုတစိုက်ပြောပြကြတယ်။ ဟင်းပွဲ မှာတဲ့အချိန်မှာလည်း Menu ကို သေချာရှင်းပြကြပုံချင်း အတူတူလောက်ပဲဗျ ။ Spicy House က Bill ကြိုရှင်းရပြီး Chilli Pot ကတော့ နောက်မှရှင်းရုံပဲ (မတူအောင် တိုင်ပင်ပြီးများ လုပ်ထားကြလားမသိဘူး)။ ဟင်းပွဲမှာတဲ့ ကြာချိန်လည်း နှစ်ဆိုင်လုံး နာရီဝက်သာသာဆိုတော့ သိပ်မကွာပါဘူး ။

  • The Spicy House            *****
  • Chilli Pot                          *****

 

ကဲ အရေးကြီးဆုံးနဲ့အဓိက အကျဆုံးဖြစ်တဲ့  အရသာလေးဆီ သွားလိုက်ရအောင်ဗျာ ။

 

အရသာ

Spicy House မှာ Menu တွေ အများကြီး ခွဲပေးထားပေမယ့် အဓိကကတော့ ၂မျိုးပဲ ။ Dry Fried နဲ့ Soup Base ။ တစ်ခုရှိတာက Spicy House ဟာ သူတို့ဆိုင်ရဲ့ Menu မှာ Mala Xian Guo လို့ သုံးနှုန်းခြင်းမရှိပဲ Mala Fragrant Pot လို့သုံးပါတယ်။  Dry Fried ရဲ့ အပြင်အဆင် အရသာက Mala Xian Guo အတိုင်းဖြစ်ပေမယ့် Soup Base ကတော့ Hot Pot ဆန်ပါတယ် ။ အရည်သောက်ဖြစ်တဲ့အတွက် အပြင်အဆင်ကွဲသလို အရသာပိုင်းလည်း နည်းနည်းလေးကွဲတယ်။ ဒီတော့ ၂မျိုးလုံး မှာစားရတာပေါ့လေ (စိတ်တောင်သိပ်မကောင်းဘူး ရှလွတ်) ။ Spiciness Taste လေးမျိုး ခွဲပေးထားတဲ့ထဲက ပုံမှန်အစပ်ကိုပဲမှာပေမယ့် Soup Base ကတော့ တော်တော်ကို အရသာ အမွှေးအကြိုင်ပြင်းပါတယ် ။ ဟင်းရည်ကတော်တော် စပ်ပါတယ် ( စပ်တယ်ဆိုတာထက် ပူတာလို့ပြောရင် ပိုမှန်ပါမယ် ) ။ လျှာပေါ်မှာ Ma ( Numb ) အထုံတော်တော်ကျန်ပါတယ်။ အထုံအရသာနှစ်သက်သူတွေအတွက်တော့ အဆင်ပြေမှာပါ ။ Dry Fried ကတော့ နည်းနည်းငန်သွားပါတယ် ။ အငန်စားတတ်တဲ့ ကျွန်တော်တောင် ငန်တယ်လို့ပြောရပါတယ် ။ အသားနယ်ထားတဲ့ အရသာကတော့ အားရစရာပါပဲ ။ ဆီအသုံးလေး လျှော့ရင်တော့ ပိုကောင်းမလားပေါ့လေ ။ ဟင်းရည်ဟာ အပူချိန်ရှိတုန်းက ထမင်းနဲ့ ဆမ်းစားလို့ကောင်း အရည်သောက်လေးလုပ်လို့ကောင်းပေမယ့် အေးသွားတဲ့အခါမှာ ဆီတွေမတရား ဝေ့တက်လာပြီး တော်တော် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာကြောင့်ပါ ။ ပြီးတော့ ပုံမှန်အစပ်သာ ပြောတာဗျ ၊ တော်ရုံ အပူအစပ်စားနိုင်တဲ့ ကျွန်တော်တောင် စားပြီးတဲ့အချိန် စားပွဲပေါ်မှာ တစ်ရှူးက အပုံလိုက်ဖြစ်နေပြီ ၊ ရေက ၂ဘူးမြောက် မှာလိုက်ရပြီ ။

Chilli Pot ကတော့ Mala Xian Guo လို့ နာမည်တပ်ထားတဲ့အတိုင်းပဲ ၊ ရှင်းတယ် ။ Dry fried တစ်မျိုးပဲရတယ်ဗျ ။  Chilli Pot မှာ ငါးနဲ့ကြံမဆိုင်ဟင်းချိုတို့ ပင်လယ်စာအစုံကြော် စသဖြင့် တခြား Menu လေးတွေ ရှိပေမယ့် အဓိက က Mala Xian Guo ပဲ။ Dry Fried ပဲ။ Hot Pot ပုံစံမရဘူး ။ Spicy နဲ့ Extra Spicy ဆိုပြီး Taste ၂မျိုး ခွဲပေးထားပါတယ် ။ Chilli Pot ရဲ့ Mala Xian Guo အရသာကလည်း တစ်မျိုး တစ်ဘာသာပေါ့လေ ။ အနံ့အရသာ အရမ်းမပြင်းဘူးဗျ ။ အတော်ပဲ ။ လျှာပေါ် အထုံကျန်တာ တော်တော် အဆင်ပြေတယ် ။ ပုံမှန် Spicy မှာထားတော့ အပူ အစပ်သိပ်မပြင်းဘူး ။ ချွေးတောင် စို့ရုံလေးပဲရှိတယ်။ နည်းနည်းလေးပိုစပ်သင့်တယ် ထင်ပါတယ်။ Chilli Pot မှာ အပူအစပ် စားမယ်ဆိုရင်တော့ Extra Spicy သာ မှာကြပါဗျို့ ။ ပြီးတော့ ကျွန်တော့ပါးစပ်နဲ့တော့ အရသာ နည်းနည်းပေါ့တယ်ဗျ ။ ပုံမှန်စားတဲ့ သူတွေအတွက်တော့ ကွက်တိနေမှာပါ။  ခေါက်ဆွဲနဲ့ ပင်လယ်စာ အရသာကို တော်တော် သဘောကျတယ် ။ အသားကတော့ နည်းနည်းပေါ့တယ်ပေါ့လေ ။ နောက်သဘောကျတာကတော့ ဆီအရမ်းမသုံးထားဘူး ။ အင်း အဆင်ပြေသားပဲ တခြားထွေထွေထူးထူး အပြစ်တင်စရာမရှိလောက်ဘူးလို့ ထင်နေတုန်းမှာပဲ မှိုတစ်ဖတ်က ပြဿနာ စရှာပါတယ် ။ အဲဒါနဲ့ တခြားမှိုဖတ်တွေ ရှာမြည်းကြည့်လိုက်တော့ မှိုက မလတ်တော့ပါဘူး ။ ကောင်တာက သားငါး အသီးအရွက်တွေသာမက အားလုံးရဲ့အခြေအနေကို နည်းနည်းပိုဂရုစိုက်သင့်တယ်လို့ အကြံပေးချင်ပါတယ် ။ စားနေတုန်းက ပြောဦးမလို့ပဲ ဪ ပြီးရင်လည်း စာထဲထည့်ပြောမှာပဲလေဆိုပြီး မပြောတော့တာ ။ ဟုတ်ကဲ့ အဲဒါလေးတစ်ခုပါပဲ ( တော်သေးတယ် အဲဒီမှိုက ၃ပွင့်ပဲ ထည့်လာလို့ ဟီး ) ။

Mala Xiang Guo/ Dry Fried အတွက် Soup Base မပါ

  • The Spicy House            ***
  • Chilli Pot                         ****

 

ဈေးနှုန်း

ယှဉ်ကြည့်လိုက်တော့ အသီးအရွက်တွေ အသားတွေမှာ သိပ်မကွာကြပေမယ့် ပင်လယ်စာပိုင်းမှာတော့ Spicy House က ဈေးကြီးတယ် ပြောရမှာပဲဗျ ။ Chilli Pot မှာက ပင်လယ်စာအားလုံးကို စာရင်းတစ်ခုထဲ ထားတွက်ပြီး Spicy House က ပုဇွန်ကို  တခြားပင်လယ်စာတွေနဲ့ သပ်သပ် ခွဲတွက်ပါတယ် ။ Chilli Pot ရဲ့ ပုဇွန်က ပုဇွန်ထုပ်ကြီးတွေဖြစ်ပြီး အကောင်တော်တော်ကြီးပါတယ် ။ ပုဇွန်စားဖို့အတွက် တစ်ခါသုံးလက်အိတ်လေးတွေလည်းပေးထားပါတယ်။ Spicy House က ပုဇွန်ကတော့ ကျွန်တော်တို့ အိမ်မယ် သာမန် ချက်စားနေကျ တစ်ကိုက်စာ အရွယ်လေးတွေပါ ။ ပြီးတော့ တစ်ကောင်ကို တစ်ထောင် ယူပါဒယ် ( ဟွန်း ယူတို့က နည်းနည်းတော့ ကိတ်ဒယ် ) ။ ကျန်တဲ့ ထမင်းတို့ ရေသန့်တို့ Mala Sauce တို့ကတော့ အတူတူပါပဲ ။

  • The Spicy House            **
  • Chilli Pot                         ***

သန့်ရှင်းမှု

  • The Spicy House            ****
  • Chilli Pot                         ****

 

ဒီစာစုလေးဟာ ဘယ်သူ့ကို သာပါစေ နာပါစေ မရွယ်ဘူးဆိုတာ အားလုံးသိကြပါတယ်နော့ -_- ။ သာမန်စားသုံးသူ တစ်ယောက်အနေနဲ့ မာလာ့ကို ချစ်ခင်နှစ်သက်သူ အဲ မာလာဟင်းအရသာကို ချစ်ခင်နှစ်သက်သူ တစ်ယောက်အနေနဲ့  နာမည်တွေက စပြီး အရသာ အဆုံး Hot နေတဲ့ ဒီဆိုင်လေးနှစ်ဆိုင်ကို ကျွန်တော့အကြိုက်အတိုင်း အမြင်အတိုင်း ပြောကြည့်တာပေါ့လေ။ တခြားသူတွေနဲ့လည်း အမြင်ကွဲလွဲမှာပါပဲ ။ ဒီနှစ်ဆိုင်လုံးဟာ တခြားဆိုင်တွေထက် ထူးကဲတဲ့အရသာရှိတယ်ဆိုတာတော့ သေချာပါတယ်။ အထုံကျတဲ့သူတွေအတွက်က Spicy House နဲ့ကွက်တိပါပဲ။ ကျွန်တော့ရဲ့ အကြိုက်အရဆိုရင်တော့ Chilli Pot ကို တစ်ခေါက် ထပ်သွား ကြည့်ချင်ပါတယ်။ Spicy House နဲ့ Chilli Pot က မာလာတို့တွေလည်း ဒီထက် ပိုပြီး တသွေးတမွေးနဲ့ လှနိုင်ကြပါစေ ဆုတောင်ရင်း . . .  တော်သေးပြီ ။

 

DGA (Akhayar)

www.akhayar.com