အခုနှစ်ပိုင်းအတွင်း ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းအတွက် တောက်လျှောက်ခြေစွမ်းပြနေတဲ့ တောင်ပံတိုက်စစ်ကစားသမား စတာလင် Raheem Sterling ဟာ တစ်ချိန်ကျရင် မက်ဆီ Messi ၊ စီရော်နယ်လ်ဒို Cristiano Ronaldo တို့လို အဆင့်အတန်းမျိုး ရောက်လာမယ်လို့ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် Southgate က မှတ်ချက်ပေးလိုက်ပါပြီ။

စတာလင်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ခြေစစ်ပွဲတွေမှာ အင်္ဂလန်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး (၂)ဂိုးသွင်းယူခဲ့ပြီး ခြေစစ်ပွဲ(၄)ပွဲကစားပြီးချိန်မှာ (၆)ဂိုးအထိ သွင်းယူထားပါတယ်။ မန်စီးတီးအသင်းကို ဂွါဒီယိုလာ Pep Guardiola ကိုင်တွယ်ခဲ့ချိန်ကစလို့ စတာလင်ရဲ့ စွမ်းဆောင်ရည်က တစ်ရှိန်ထိုး မြင့်တက်လာခဲ့ပြီး ကလပ်အသင်းမှာရော၊ နိုင်ငံအသင်းမှာပါ အဓိက ကစားသမားအဖြစ် ပါဝင်နေသူဖြစ်ပါတယ်။

ကလပ်နဲ့ နိုင်ငံနှစ်သင်းအတွက် စတာလင်သွင်းယူခဲ့တဲ့ စုစုပေါင်းဂိုးက ၂၀၁၆-၁၇ မှာ (၁၀)ဂိုး၊ ၂၀၁၇-၁၈ မှာ (၂၃)ဂိုး၊ ၂၀၁၈-၁၉ မှာ (၃၁)ဂိုးအထိ သွင်းယူခဲ့ပြီး ၂၀၁၉-၂၀ ရာသီမှာတော့ လက်ရှိအချိန်အထိ (၈)ဂိုးသွင်းယူထားပါတယ်။ ဒါ့အပြင် ဂိုးပေါက်ကန်သွင်းမှုအလိုက် ဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့ ရာခိုင်နှုန်းက ၂၀၁၆-၁၇ မှာ (၁၁%)၊ ၂၀၁၇-၁၈ မှာ (၁၇%)၊ ၂၀၁၈-၁၉ မှာ (၂၄%)နဲ့ ဒီရာသီမှာတော့ (၃၈%)အထိ မြင့်တက်လာခဲ့ပါတယ်။ မိနစ်အလိုက် သူ့ရဲ့ သွင်းဂိုးပါဝင်ပတ်သက်မှုနှုန်းကလည်း အရင်ကထက် မြင့်မားလာခဲ့ပါပြီ။

ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်း ပြည်တွင်းဆုဖလား(၃)ခု ရယူခဲ့တာမှာ စတာလင်ရဲ့ စွမ်းဆောင်ရည်ကလည်း အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဆောက်ဂိတ်က စတာလင်ဟာ စီရော်နယ်လ်ဒို၊ မက်ဆီတို့လို ကမ္ဘာ့အဆင့်ကစားသမားဖြစ်ဖို့ အသင့်ဖြစ်နေပြီလို့ သုံးသပ်ခဲ့တာပါ။ ကဲ . . Akhayar Sports ပရိသတ်ကြီးရေ .. စတာလင်ဟာ တစ်ချိန်ကျရင် တကယ်ပဲ စီရော်နယ်လ်ဒို၊ မက်ဆီတို့လို အဆင့်အတန်းမျိုးရောက်နိုင်မလားဆိုတာ ကိုယ့်ထင်မြင်ချက်လေးတွေ ပြောခဲ့ပါဦး . .

REF:The Sun
Photo:England football team Facebook,The Sun
Naing Linn(Akhayaar)
www.akhayar.com