မန်ယူအသင်းမှာ ခြေစွမ်းပြနိုင်တဲ့ တောင်အမေရိက ကစားသမားဆိုတာ လက်ချိုးရေလို့ရပြီး သေချာပြောရရင်တော့ ဗလင်စီယာ Valencia ၊ ရာဖေးလ် Rafael နဲ့ တီဗက်ဇ် Tevez တို့လောက်ပဲ ရှိမယ်ထင်ပါတယ်။ ကမ္ဘာ့အဆင့်ရှိပြီး ကောင်းလှပါတယ်ဆိုတဲ့ ဒီမာရီယာ Di María နဲ့ ဆန်းချက်ဇ် Sanchez တို့တောင် မန်ယူအသင်းမှာ ရုန်းကန်ရတာကို ကြည့်ပြီး တောင်အမေရိက ကစားသမားတစ်ဦး မန်ယူအသင်းမှာ ခြေစွမ်းပြဖို့ တော်တော်လေး ခက်ခဲတယ်ဆိုတာကို ထင်သာမြင်သာရှိစေမှာဖြစ်ပါတယ်။ အခုဆိုရင်လည်း မန်ယူအသင်းမှာ တောင်အမေရိကကစားသမားတွေဖြစ်ကြတဲ့ ရိုဟို Rojo ၊ ဖရက်ဒ် Fred နဲ့ ပါရဲရား Pereira တို့က ခြေစွမ်းပြသနိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် အခု ဒီ Article မှာတော့ မန်ယူအသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ တောင်အမေရိက ကစားသမားများ အပိုင်း(၁) ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Possebon

မန်ယူပရိသတ် စစ်စစ်ကြီးတွေဆိုရင်တော့ အလားအလာကောင်းတွေရှိတယ်လို့ သတ်မှတ်ခံခဲ့ရတဲ့ မန်ယူအသင်းရဲ့ ဘရာဇီးလ်လူငယ်ကွင်းလယ်လူ ပိုဆီဘွန် Possebon ကို မှတ်မိဦးမယ်ထင်ပါတယ်။ ပိုဆီဘွန် ရဲ့ ကစားသမားဘ၀မှာ ကံဆိုးခဲ့တာကတော့ ဒဏ်ရာပြဿနာဖြစ်ပြီး သူ့ရဲ့ကစားသမားဘ၀ တစ်လျှောက်လုံးအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒီဒဏ်ရာကိုတော့ ၂၀၀၈ ခုနှစ် လိဂ်ဖလားပြိုင်ပွဲ မစ်ဒယ်ဘရော့အသင်းနဲ့ ပွဲမှာ ရရှိခဲ့တာဖြစ်ပြီး ပိုဂါတက်ဇ် Pogatetz ရဲ့ ကြမ်းတမ်းတဲ့ တားဆီးမှုကြောင့် ခြေထောက်ကျိုးခဲ့ရတာ ဖြစ်ပါတယ်။

Kleberson

၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဘရာဇီးလ်အသင်း ချန်ပီယံဖြစ်တဲ့နေရာမှာ ပုံစံကောင်းကို ပြသခဲ့တဲ့ ကွင်းလယ်လူ ကလီဘာဆင် Kleberson ဟာ ၂၀၀၃ ခုနှစ်မှာတော့ မန်ယူအသင်းကို ရောက်ရှိလာခဲ့ပါတယ်။ ဘရာဇီးလ်အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ကလီဘာဆင် အပေါ် မျှော်လင့်ချက်ကြီးကြီးထားခဲ့ကြပေမယ့် မန်ယူအသင်းမှာတော့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး (၂)ရာသီအကြာမှာ ဘက်ဆစ်တက်အသင်းကို ပြောင်းရွှေ့ခဲ့ရပါတယ်။

Forlan

အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်တဲ့ ဖော်လန် Forlan ဟာ မန်ယူအသင်းမှာတော့ ပထမစာရင်းပေါက်အောင် မစွမ်းဆောင်နိုင်ခဲ့ဘဲ အရန်တိုက်စစ်မှူး အဖြစ်နဲ့သာ ဖြတ်သန်းခဲ့ရပါတယ်။ မန်ယူအသင်း ကျဉ်းထဲကျပ်ထဲနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ ဖော်လန် ဟာ ကယ်တင်ပေးနိုင်ခဲ့ပေမယ့် အဓိကတိုက်စစ်မှူးဖြစ်လာဖို့ အထိတော့ သူ့ရဲ့ခြေစွမ်းက မလုံလောက်ခဲ့ပါဘူး။ မန်ယူအသင်းကနေ ထွက်ခွာပြီးနောက်ပိုင်းမှာတော့ ဖော်လန် ဟာ ဗီလာရီးယဲလ် ၊ အက်သလက်တီကိုအသင်းတွေမှာ ထိပ်တန်းအဆင့်ခြေစွမ်းတွေကို ပြသခဲ့ပါတယ်။

Veron

စီးရီးအေကလပ်အသင်းတွေမှာ လျှမ်းလျှမ်းတောက်ခဲ့တဲ့ ဗာရွန် Veron ဟာ ၂၀၀၁ ခုနှစ်မှာတော့ မန်ယူအသင်းကို ရောက်ရှိခဲ့ပါတယ်။ ခြေစွမ်းကောင်းမွန်တဲ့ ကစားသမားဖြစ်တာတဲ့ ဗာရွန် ကို မန်ယူပရိသတ်တွေ မျှော်လင့်ချက်ကြီးခဲ့ပေမယ့် သူ့ရဲ့ခြေစွမ်းက ပုံမှန်မရှိတာကြောင့် အရာမထင်ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် အဲဒီအချိန်က ဗာရွန် ပါလာပြီဆိုရင် မန်ယူအသင်းရဲ့ ကစားပုံကသိပ်မကောင်းဘဲ မပါမှပိုကောင်းတဲ့ ပုံဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ မန်ယူအသင်းမှာ (၂)ရာသီကြာအပြီး ချယ်လ်ဆီးအသင်းကို ဗာရွန် ပြောင်းရွှေ့ခဲ့ပါတယ်။

Fabio

ဖေဘီယို Fabio ကတော့ ရာဖေးလ် ရဲ့ ခြေစွမ်းကို လိုက်မမီခဲ့ဘူးလို့ ပြောရမှာပါ။ မန်ယူအသင်းမှာ ကစားခဲ့တဲ့ သူ့ရဲ့ခြေစွမ်းက မကောင်းသလို တစ်ခါတစ်လေ အမှားအယွင်းတွေပါ ပြုလုပ်ခဲ့ပေမယ့် အသင်းရဲ့ ပွဲကြီးတွေမှာ ပါဝင်ကစားခွင့်ရရှိခဲ့တာကတော့ သူ့အတွက် ကံကောင်းမှု တစ်ခုလို့ပဲ ပြောရမှာပါ။ ဒီအခြေအနေတွေကြောင့် ရှေရည်မှာ အဆင်မပြေတော့ဘဲ အသင်းပြောင်းရွှေ့ခဲ့ရပါတယ်။

အခု ပရိသတ်တွေအတွက် မန်ယူအသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ တောင်အမေရိက ကစားသမားများ အပိုင်း(၁)ကို ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ အပိုင်း(၂)ကိုလည်း ဖော်ပြပေးသွား ဦးမှာဖြစ်လို့ ဆက်လက်စောင့်မျှော်အားပေးကြပါဦး …

Photo: Sky Sports , Man Utd , Stretty News , Goal.com
Ko Kyue(Akhayar)
www.akhayar.com