မန်ယူအသင်းမှာ ခြေစွမ်းပြနိုင်တဲ့ တောင်အမေရိက ကစားသမားဆိုတာ လက်ချိုးရေလို့ရပြီး သေချာပြောရရင်တော့ ဗလင်စီယာ Valencia ၊ ရာဖေးလ် Rafael နဲ့ တီဗက်ဇ် Tevez တို့လောက်ပဲ ရှိမယ်ထင်ပါတယ်။ ကမ္ဘာ့အဆင့်ရှိပြီး ကောင်းလှပါတယ်ဆိုတဲ့ ဒီမာရီယာ Di María နဲ့ ဆန်းချက်ဇ် Sanchez တို့တောင် မန်ယူအသင်းမှာ ရုန်းကန်ရတာကို ကြည့်ပြီး တောင်အမေရိက ကစားသမားတစ်ဦး မန်ယူအသင်းမှာ ခြေစွမ်းပြဖို့ တော်တော်လေး ခက်ခဲတယ်ဆိုတာကို ထင်သာမြင်သာရှိစေမှာဖြစ်ပါတယ်။ အခုဆိုရင်လည်း မန်ယူအသင်းမှာ တောင်အမေရိကကစားသမားတွေဖြစ်ကြတဲ့ ရိုဟို Rojo ၊ ဖရက်ဒ် Fred နဲ့ ပါရဲရား Pereira တို့က ခြေစွမ်းပြသနိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် အခု ဒီ Article မှာတော့ မန်ယူအသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ တောင်အမေရိက ကစားသမားများ အပိုင်း(၂) ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Varela

ဗာရယ်လာ Varela ကတော့ မန်ယူအသင်းရဲ့ နည်းပြအကူးအပြောင်းတွေကြားမှာ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတဲ့ ကစားသမားလို့ ထင်မိပါတယ်။ ပင်ကိုယ်အရည်အချင်းကောင်းသလို မန်ယူအသင်းအတွက် ကစားခွင့်ရတဲ့ ပွဲတွေမှာလည်း အတိုင်းအတာတစ်ခုထိ အစွမ်းပြနိုင်ခဲ့ပေမယ့် ပထမစာရင်းမှာ အမြဲရှိနေဖို့ကတော့ မလုံလောက်ခဲ့ပါဘူး။ အဲဒီတော့လည်း ဗာရယ်လာ မန်ယူအသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတယ်လို့ ပြောရမှာပါပဲ။

Di María

ဒီမာရီယာ Di María အတွက် မန်ယူအသင်းဟာ ငွေကုန်ကြေးကျခံခဲ့ပေမယ့် နောက်ဆုံးမှာတော့ စိတ်ပျက်စရာတွေသာရခဲ့ပါတယ်။ မန်ယူအသင်းဟာ ဒီမာရီယာ ကို ၂၀၁၄ ခုနှစ်က ဗြိတိန်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်(၅၉.၇)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးကို ခေါ်ယူနိုင်ခဲ့တာကြောင့် ကျေနပ်စရာဖြစ်ခဲ့ပေမယ့် အသင်းကို စရောက်ရောက်ခြင်းသာ ပုံမှန်ခြေစွမ်းပြသနိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ နည်းပြနဲ့ အဆင်မပြေ ဒဏ်ရာပြဿနာတွေနဲ့လည်း ရင်ဆိုင်ခဲ့ရတာကြောင့် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရသလို သူ့ရဲ့မန်ယူကစားသမားဘ၀ကလည်း တစ်ရာသီသာခံခဲ့ပါတယ်။

Falcao

နာမည်ကျော်တိုက်စစ်မှူး ဖယ်လ်ကာအို Falcao ကတော့ ပရီးမီးယားလိဂ်နဲ့ ကံမစပ်တဲ့ ကစားသမားလို့ ပဲပြောချင်ပါတယ်။ အဲ့တော့ မန်ယူအသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတာကလည်း သိပ်တော့မဆန်းခဲ့ပါဘူး။ မန်ယူအသင်းဟာ ၂၀၁၄ ခုနှစ်က ဖယ်လ်ကာအို ကို ပေါင်(၆)သန်းနဲ့ မိုနာကိုဆီကနေ အငှားနဲ့ ခေါ်ယူခဲ့တာပါ။ တိုက်စစ်မှူးကောင်းတစ်ဦးဖြစ်တာကြောင့် ဖယ်လ်ကာအို အပေါ်မျှော်လင့်ချက်ကြီးခဲ့ကြပေမယ့် သူ့ရဲ့ခြေစွမ်းတွေကတော့ မန်ယူအသင်းမှာ ကြက်ပျောက် ငှက်ပျောက်ဖြစ်ခဲ့ရပြီး အသင်းအတွက် သွင်းဂိုး(၄)ဂိုးသာသွင်းယူပေးနိုင်ခဲ့ပါတယ်။

Sánchez

အာဆင်နယ်အသင်းကနေ မန်ယူအသင်းကို ရောက်ရှိလာတဲ့ ဆန်းချက်ဇ် Sánchez ကိုလည်း မန်ယူပရိသတ်တွေဟာ ထုံးစံအတိုင်း မျှော်လင့်ချက်ပိုခဲ့ကြပါတယ်။ ဆန်းချက်ဇ် ကလည်း အစပိုင်းမှာ ဟုတ်တော့မလိုလိုနဲ့ နောက်ပိုင်းမှာတော့ ဒဏ်ရာပြဿနာ ၊ အသင်းဖော်တွေနဲ့ ကွင်းတွင်းတွဲဖက်လို့မရတဲ့ ပြဿနာတွေကြောင့် အသင်းမှာအဆင်မပြေဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဆန်းချက်ဇ် ဟာ ပရော်ဖက်ရှင်နယ် ပီသစွာနဲ့ အခွင့်အရေးကို စောင့်ဆိုင်းပြီး လေ့ကျင့်ကွင်း နဲ့ ကစားခွင့်ရတဲ့အချိန်တွေမှာ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် အခြေအနေေ အကြောင်းတရားတွေအရ မန်ယူအသင်းကို စွန့်ခွာခဲ့ရပါတယ်။

မန်ယူအသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ တောင်အမေရိက ကစားသမားများ (၁)ဖတ်ရန်လင်ခ့်

Photo: Goal.com , The Sun , Daily Mail
Ko Kyue(Akhayar)
www.akhayar.com