ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်မှာ နိုင်ငံပေါင်းစုံက နည်းပြတွေ ကိုင်တွယ်ခဲ့ကြပြီး စုစုပေါင်း(၂၄၀)ဦး ကိုင်တွယ်ခဲ့ကြပါတယ်။ အများဆုံးက အင်္ဂလိပ်နည်းပြတွေဖြစ်ပြီး (၁၁၇)ဦးအထိ ကိုင်တွယ်ခဲ့ကြတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့ကြတဲ့ တောင်အမေရိကနည်းပြတွေကတော့ လက်ချိုးရေလို့ရပြီး စုစုပေါင်းမှ (၆)ဦးသာ ကိုင်တွယ်ခဲ့ကြပါတယ်။ အဲဒါကြောင့် ပရီးမီးယားလိဂ်ကလပ်တွေကို ကိုင်တွယ်ခဲ့ကြတဲ့ တောင်အမေရိကနည်းပြတွေက ဘယ်သူများလဲဆိုတာ ဗဟုသုတအဖြစ် သိရှိနိုင်အောင် ဖော်ပြလိုက်ပါရစေ . . .

Osvaldo Ardiles

အော့စ်ဗယ်လ်ဒိုအာဒီလက်စ် Osvaldo Ardiles ဆိုတဲ့ နည်းပြအမည်က ပရိသတ်တွေနဲ့ သိပ်ရင်းနှီးမှာ မဟုတ်ပါဘူး။ အာဂျင်တီးနားလူမျိုးနည်းပြ အာဒီလက်စ်ဟာ စပါးအသင်းကို ၁၉၉၃-၉၄ တစ်ရာသီသာ ကိုင်တွယ်ခဲ့ပြီး သူက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးတောင်အမေရိကနည်းပြလည်းဖြစ်ပါတယ်။ ကစားသမားဘ၀မှာ စပါးအသင်းနဲ့အတူ FA ဖလား၊ UEFA ဖလား(ယူရိုပါလိဂ်)တွေ ရယူခဲ့ပေမယ့် နည်းပြဘ၀မှာတော့ စပါးအသင်းအတွက် အောင်မြင်မှု မရယူနိုင်ခဲ့ပါဘူး။

Luiz Felipe Scolari

၂၀၀၂ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူခဲ့တဲ့ ဘရာဇီးလ် နာမည်ကျော်နည်းပြ စကိုလာရီ Luiz Felipe Scolari ဟာလည်း ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်မြေကို ခြေချခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ချယ်လ်ဆီးနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ စကိုလာရီဟာ ပရီးမီးယားလိဂ်မှာတော့ အခြေအနေမကောင်းခဲ့ဘဲ ၂၀၀၉ ဖေဖော်ဝါရီ (၉)ရက်မှာ ရာထူးက ထုတ်ပယ်ခံခဲ့ရတာကြောင့် တစ်ရာသီတောင် မခံလိုက်ပါဘူး။

Mauricio Pochettino

အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနို Mauricio Pochettino ဟာ စပါးအသင်းရဲ့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အသင်းကို ကိုင်တွယ်ခဲ့တဲ့ ဒုတိယမြောက် အာဂျင်တီးနားနည်းပြဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ တတိယမြောက် တောင်အမေရိကနည်းပြဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဆောက်သမ်တန်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး အရည်အသွေးမြင့် ကစားသမားတွေကို စင်တင်ပေးခဲ့တာကြောင့် တစ်ရာသီအကြာမှာပဲ စပါးအသင်းက နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ စပါးအသင်းနည်းပြဘ၀ (၅)နှစ်တာကာလအတွင်း ဆုဖလား မရယူနိုင်သေးပေမယ့် ပရီးမီးယားလိဂ်မှာ အဆင့်တစ်ခု ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Manuel Pellegrini

မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ တောင်အမေရိကနည်းပြအဖြစ် ရှားရှားပါးပါး ခန့်အပ်ခံခဲ့ရသူက အခုဝက်စ်ဟမ်းအသင်း နည်းပြ ပယ်လီဂရီနီ Manuel Pellegrini ဖြစ်ပါတယ်။ ချီလီလူမျိုးနည်းပြ ပယ်လီဂရီနီဟာ မန်စီးတီးအသင်းကို ၂၀၁၃ ကနေ ၂၀၁၆ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်၊ လိဂ်ဖလား(၂)ကြိမ် ရယူနိုင်ခဲ့တာကြောင့် သူ့ရဲ့ မန်စီးတီးနည်းပြဘ၀က အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။

Gus Poyet

ကစားသမားဘ၀တုန်းက ချယ်လ်ဆီး၊ စပါးအသင်းတွေနဲ့အတူ ထင်ရှားခဲ့တဲ့ ဥရုဂွေးကစားသမားဟောင်း ပိုယက် Gus Poyet ကတော့ နည်းပြဘ၀မှာ ရုန်းကန်နေရဆဲပါပဲ။ ၂၀၁၃ ခုနှစ်မှာ ဆန်းဒါးလန်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ပိုယက်ဟာ ပထမရာသီမှာ အခြေအနေကောင်းခဲ့ပြီး ၂၀၁၃-၁၄ ရာသီ လိဂ်ဖလားဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးခဲ့ပေမယ့် ဒုတိယရာသီမှာတော့ စိတ်ပျက်စရာ ရလဒ်တွေနဲ့အတူ ရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။ အခုအချိန်မှာတော့ ပိုယက်ဟာ ဂရိကလပ် AEK အေသင်အသင်းနည်းပြအဖြစ် ဆောင်ရွက်နေပါပြီ။

Mauricio Pellegrino

အာဂျင်တီးနား ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ပယ်လီဂရီနို Mauricio Pellegrino ကလည်း ပိုချက်တီနို Mauricio Pochettino လိုပဲ ဆောက်သမ်တန်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မြေကို ပထမဆုံးခြေချခဲ့တယ်။ ၂၀၁၇ ဇွန်လ (၂၃)ရက်မှာ ဆောက်သမ်တန်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ပယ်လီဂရီနိုဟာ ပိုချက်တီနိုလိုမျိုး မစွမ်းဆောင်နိုင်ခဲ့တာကြောင့် ၂၀၁၈၊ မတ်လ(၁၂)ရက်မှာ ရာထူးက ထုတ်ပယ်ခံခဲ့ရတာကြောင့် အသင်းကို (၁)နှစ်နီးပါးလောက်ပဲကိုင်တွယ်ခဲ့ရပါတယ်။

Akhayar Sports ပရိသတ်ကြီးရေ . . ပရီးမီးယားလိဂ်မှာ နည်းပြခဲ့ကြတဲ့ တောင်အမေရိကနည်းပြတွေထဲမှာ ပယ်လီဂရီနီတစ်ယောက်ပဲ ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီး အများစုက ပရီးမီးယားလိဂ်ရပ်ဝန်းမှာ မရှိတော့ပါဘူး။ အခုဖော်ပြခဲ့တဲ့ Article ကို ဖတ်ပြီး ပရိသတ်တွေ ဗဟုသုတ ရလိမ့်မယ်လို့ မျှော်လင့်သလို နောက်ထပ်လည်း အခုလို စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေကို ဆက်လက်ဖော်ပြသွားမှာဖြစ်တာကြောင့် စောင့်မျှော်အားပေးကြပါဦး . .

REF:Wikipedia
Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com