ဘာစီလိုနာမြို့မှာကျင်းပခဲ့တဲ့ MWC 2017 ပွဲမှာ အင်အားကြီး Samsung ရဲ့ လဲကျချိန်နဲ့ အတွေ့ အခွင့်အရေးရယူနိုင်ခဲ့သူကတော့ Sony ပါပဲ။ Sony ဟာ သူတို့ရဲ့ အဓိက Flagship တစ်ခုဖြစ်တဲ့ Xperia XZ Premium ဖုန်းအပါအဝင် ဖုန်းမျိုးဆက်သစ် သုံးလေးမျိုးကို ပွဲထုတ်ခဲ့ပါတယ်။

ဒီအထဲကမှ Xperia XZ Premium က မှန်းချက်နဲ့ နှမ်းထွက်ကိုက်ခဲ့ပြီး အားလုံးအကြိုက်တွေ့ခဲ့တဲ့အပြင် အကောင်းဆုံးစမတ်ဖုန်းဆုကိုလည်းရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် Akhayar ပရိတ်သတ်ကြီးအတွက် XZ Premium ဖုန်းမှာ ပါဝင်လာတဲ့ လုပ်ဆောင်ချက်နဲ့ အသေးစိတ်အချက်အလက်တွေကို ဖုန်းထွက်လာလို့ရှိရင် ရွေးချယ်ဝယ်ယူနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။

4K HDR Display နဲ့ထွက်ရှိလာပြီး Snapdragon 835 ပရော်ဆက်ဆာလိုမျိုးတွေပါဝင်လာတာတွေ ၊ ကင်မရာပိုင်းစွမ်းဆောင်ရည်အမြင့်စားတွေက Xperia XZ Premium ဖုန်း ကို လူတွေ ပိုပြီးစိတ်ဝင်စားလာစေခဲ့တာဖြစ်ပါတယ်။ အခုတော့ ဒီဖုန်းမှာ ပါဝင်လာတဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေကို လေ့လာကြည့်ကြပါမယ်။

4K HDR Dislpay

Sony ကတော့ Xperia Z5 တုန်းတည်းက 4K Display ကို သုံးခဲ့ပါတယ်။ အခု Xperia XZ Premium မှာတော့ 4K HDR Display ကို အသုံးပြုထားတာပါ။ HDR နည်းပညာဟာ ရုပ်ထွက်ပိုကောင်းပြီး contrast နဲ့ အရောင်ကို ပိုပြီး စိုပြည်စေပါတယ်။ ဒါ့အပြင်ပုံရဲ့ အသေးစိတ်ကိုလည်း သေချာပိုမြင်ရမှာဖြစ်ပြီး အရိပ်ကျနေတဲ့ အနေအထားတွေမှာတောင် ကြည်လင်ပြတ်သားနေတာကို တွေ့ရမှာပါ။

Sony ကတော့ သူတို့ရဲ့ နည်းပညာကို “triluminos display” လို့နာမည်ပေးထားပြီး ဒီနည်းပညာကြောင့် သင့်အနေနဲ့ နေရောင်အောက်မှာဖြစ်ဖြစ် ၊ ဘေးထောင့်တစ်နေရာကနေဖြစ်ဖြစ်ဖုန်းကို ကြည့်နေမယ်ဆိုရင်တောင် အရောင်လွင့်သွားပြီးမထင်မရှားဖြစ်တဲ့ ပြဿနာမျိုးတွေ ကြုံရမှာမဟုတ်တော့ပါဘူး။ ဒါကတော့ Sony ကနေ အဆင့်မြှင့်တင်မှုပြုလုပ်ထားတဲ့ 4K HDR display ရဲ့ အားသာချက်တွေပဲဖြစ်ပါတယ်။

Snapdrgon 835 ပရော်ဆက်ဆာနဲ့ ဖုန်းစွမ်းဆောင်ရည်ပိုင်း

အရမ်းကောင်းတဲ့ Display အကြောင်း ပြောပြီးတော့ ဖုန်းရဲ့ စွမ်းဆောင်ရည်နဲ့ အလုပ်လုပ်နှုန်းပိုင်းကို ပြန်သွားကြည့်ကြပါမယ်။ ဒီဖုန်းမှာ Qualcomm ရဲ့ နောက်ဆုံးထွက် ပရော်ဆက်ဆာ Snapdragon 835 ပါလာတာပါ။ ဒီဖုန်းမထွက်ခင် Snapdragon 820 နဲ့ 821 ဖြစ်မယ်လို့ ထင်ခဲ့ကြပေမယ့်လည်း Samsung Galaxy S8 မှာပါဝင်လာမယ်ဆိုတဲ့ 835 ပရော်ဆက်ဆာကို Sony က ဦးဦးဖျားဖျားထည့်သွင်းအသုံးပြုလာခဲ့တာဖြစ်ပါတယ်။

CPU ကတော့ Octa-core တွေဖြစ်ပြီး 2.45 GHz နဲ့ 1.9 GHz Core တွေကို လေးခုစီအသုံးပြုထားတာဖြစ်တာကြောင့် လုပ်ဆောင်ချက်ကတော့ အရမ်းမြန်ဆန်လာမှာဖြစ်ပါတယ်။ RAM ကတော့ 4GB ပါရှိပြီး Internal Storage ကတော့ 64 GB ကနေစတင်တယ်လို့ သိရပါတယ်။ စွမ်းဆောင်ရည်ပိုင်းကတော့ လောလောဆယ်မှာ အကောင်းဆုံးဖြစ်နေတာကို တွေ့ရမှာပါ။

ဖုန်းရဲ့ ထည်ဝါတဲ့ ကိုယ်ထည်

ဖုန်းကိုယ်ထည်ဘက်ကို လေ့လာကြည့်မယ်ဆိုရင်လည်း Gorilla Glass 5 ကို ရှေ့ရောနောက်ကိုယ်ထည်မှာပါ အသုံးပြုထားပြီး တောက်ပတဲ့ Luminous Chrome အရောင်တွေကြောင့် ဖုန်းက အတော်လေးကို ရောင်ပြန်ဟပ်ပြီး ခန့်ခန့်ညားညားရှိတာကိုတွေ့ရမှာပါ။ ဒါပေမယ့်လည်း ခြစ်ရာ ၊ စင်းရာထင်လွယ်မယ့် ပုံစံမျိုးဖြစ်တာကြောင့် သတ္တုကိုယ်ထည်ကို သုံးသင့်တယ်လို့လည်း ဝေဖန်လျက်ရှိနေကြပါတယ်။

Slow-motion ဗီဒီယိုနဲ့ ဓာတ်ပုံရိုက်ကူးမှုမှာ ငါးဆပိုမြန်လာတဲ့ ကင်မရာ

ကင်မရာဆို Sony ပဲလို့ ပြောချင်စရာပါပဲ။ စွမ်းဆောင်ရည်မြင့်ကင်မရာတွေက ဒီဂုဏ်ပုဒ်ကို သက်သေထူနေတာအမှန်ပဲဖြစ်ပါတယ်။ သေသေသပ်သပ်လုပ်ထားဆဲ့ Autofocus နည်းပညာနဲ့ triple-sensore စနစ်တွေက Sony Xperia XZ Premium ရဲ့ ကင်မရာမှာပါဝင်လာပါတယ်။ လေဆာ autofocus နဲ့ RGBC အနီအောက်ရောင်ခြည် ဆန်ဆာတွေက slow-motion ရိုက်ဖို့မှာ ကောင်းကောင်း အာရုံခံပြီး အထောက်အကူပြုလာတာကို တွေ့ရပါတယ်။ ပျံသန်းနေ ၊ လှုပ်ရှားနေတဲ့ ပုံရိပ်တွေကို ကောင်းကောင်းဖမ်းယူနိုင်တဲ့ “motion eye” ကင်မရာကိုတော့ ထပ်ပြီး အဆင့်မြှင့်တင်ပေးထားတဲ့ ExmorRS ပုံရိပ်ဆန်ဆာက ကောင်းကောင်းထောက်ကန်ထားတာကို တွေ့ရပါတယ်။

Slow-motion ဗီဒီယိုတွေကိုရိုက်ရာမှာတော့ ကင်မရာက တစ်စက္ကန့်ကို 720p ရှိတဲ့ ဖရိန်ပေါင်း ၉၆၀ အထိ ဖမ်းရိုက်ပေးနိုင်တဲ့အပြင် ဖုန်းကင်မရာနဲ့ ဖုန်းမမ်မိုရီတို့ရဲ့ တိုက်ရိုက်ချိတ်ဆက်အလုပ်လုပ်ဆောင်တဲ့ စနစ်ကြောင့် ဓာတ်ပုံရိုက်ကူးရမှာ ငါးဆအထိပိုမြန်မြန်နဲ့ရိုက်နိုင်တဲ့ “predictive capture” စွမ်းဆောင်ရည်တွေကြောင့် Sony Xperia XZ Premium ရဲ့ ကင်မရာပိုင်းကတော့ အားရစရာပါပဲ။

Z5 တုန်းကတော့ 23MP အထိရှိခဲ့ပြီး အခု XZ မှာတော့ 19MP သာသုံးထားတာဖြစ်ပြီး ၁၉ ရာနှုန်းလောက်ထိ ပိုကြီးလာတဲ့ pixel တွေကို ထည့်သွင်းအသုံးပြုထားတာကြောင့်ဖြစ်ပါတယ်။ Sony ရဲ့ Bionz image processing စနစ်ကတော့ ဒီမှာ ပိုအလုပ်ဖြစ်လာပြီး လှုပ်ရှားမှုတွေကို detect ပိုသိလာတဲ့ အပြင် ပုံရဲ့ noise level ကိုလည်း ကောင်းကောင်းလျှော့ချပေးနိုင်တာကြောင့် ဒီဖုန်းကင်မရာကို သုံးတတ်ရင်တော့ pro ဆန်တဲ့ ဓာတ်ပုံတစ်ပုံကိုတောင် ရရှိနိုင်လောက်ပါတယ်။

Sony ကတော့ ဒီဖုန်းမှာ Android 7.1.1 Nougat ဗားရှင်းကို ထည့်သွင်းထားပြီး ဖုန်နဲ့ရေဒဏ်ကို ခံနိုင်တဲ့ IP68 rating လည်း ရထားပါတယ်။ မေလ သို့မဟုတ် ဇွန်လမှာ ရောင်းချသွားမှာဖြစ်ပြီး ဒါကတော့ Sony ရဲ့ နောက်ဆုံးထွက် Xperia XZ Premium ဖုန်းရဲ့ တန်ဖိုးကြီးဖုန်းတစ်လုံးပီသတဲ့ စွမ်းဆောင်ရည်ကောင်းတွေပဲဖြစ်ပါတယ်။

Paing A K (Akhayar)

Ref : Android Police, The Verge, GSM Arena