မန်ယူအသင်းနည်းပြဆိုးလ်ရှား Ole Gunnar Solskjaer ဟာ အသင်းရဲ့အဓိက ကွင်းလယ်လူ ပေါ့ဘာ Paul Pogba ရဲ့ လက်ရှိခြေစွမ်းကျဆင်းနေမှုအပေါ် စိုးရိမ်မှု မရှိဘူးလို့ ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ပါတယ်။ မန်ယူယာယီနည်းပြအဖြစ် ဆိုးလ်ရှား စတင်ကိုင်တွယ်ခဲ့တုန်းက ပေါ့ဘာဟာ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီ (၁၂)ပွဲမှာ (၉)ဂိုးအထိသွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းပွဲတွေမှာတော့ ပေါ့ဘာဟာ အရင်ပုံစံပြန်မရတော့ဘဲ နောက်ဆုံး(၇)ပွဲမှာ တစ်ဂိုးမှ မသွင်းနိုင်ခဲ့သလို ဂိုးဖန်တီးမှု တစ်ကြိမ်သာရှိခဲ့ပါတယ်။

ပေါ့ဘာဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ရီးယဲလ်အသင်းကို ပြောင်းရွှေ့ချင်တယ်လို့ ၀န်ခံခဲ့ပြီးနောက်ပိုင်း အခုလို ခြေစွမ်းကျဆင်းသွားတာက အံ့အားသင့်စရာပါပဲ။ အင်္ဂါနေ့က ကစားခဲ့တဲ့ ၀ုလ်ဗ်နဲ့ပွဲမှာလည်း ပေါ့ဘာဟာ အကောင်းဆုံး မကစားနိုင်ခဲ့တာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါပြီ။ ဒါပေမဲ့ ဆိုးလ်ရှားကတော့ ပေါ့ဘာကို ယုံကြည်နေဆဲဖြစ်ပြီး ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားက “ဒီပွဲမှာ ပေါ့ဘာဟာ လူကာကူ Romelu Lukaku နဲ့ အကောင်းဆုံးတွဲဖက်ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်ဖြစ်နိုင်မယ့် အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ပေါ့ဘာ ဘယ်လိုစွမ်းဆောင်ခဲ့လဲဆိုတာက ကိန်းဂဏန်းသက်သက်ပဲဖြစ်ပါတယ်။ တခြားကစားသမားတွေလိုပဲ ပေါ့ဘာက အရမ်းကို ကြိုးစားတဲ့ကစားသမားတစ်ယောက်ပါ။ တချို့နေ့တွေမှာတော့ သူ ခြေစွမ်းမပြနိုင်တာ သိပ်မထူးဆန်းပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF:Daily Mail
Photo:Manchester Evening News,talkSPORT
Naing Linn(Akhayar)
www.akhayar.com