Snap Inc. (မူလ Snapchat Inc.) ရဲ့ Spectacles 3 AR မျက်မှန်အသစ် ထွက်ရှိလာပါပြီ။ လူငယ်တွေအကြားမှာ ရေပန်းစားတဲ့ Spectacles စမတ်နေကာမျက်မှန်စီးရီးရဲ့ တတိယမြောက်မျိုးဆက် ဖြစ်ပါတယ်။

မနှစ်က မော်ဒယ် Spectacles 2 ထက် ဒီဇိုင်းပိုကျစ်သွားပြီး၊ နောက်ထပ် HD ကင်မရာတလုံး ထပ်ထည့်ပေးထားပါတယ်။ HD ကင်မရာနှစ်လုံး ဖြစ်သွားတာကြောင့် Depth Effects တွေ ပိုကောင်းလာပြီး၊ 3D Effect ပါတဲ့ ဓာတ်ပုံတွေ ရိုက်နိုင်လာပါတယ်။

Spectacles 3 ရဲ့ ဈေးနှုန်းကတော့ ၃၈၀ ဒေါ်လာပါ။ ၁၅၀ ဒေါ်လာပဲ ရှိတဲ့ မနှစ်က Spectacles 2 နဲ့ ယှဉ်ရင် ၂ ဆ လောက် ဈေးကြီးသွားပါတယ်။

ဒီဇိုင်းမှာ မှန်က အရင်မော်ဒယ်ထက် ပိုဝိုင်းသွားပြီး၊ ဖရိန်ကတော့ လေးထောင့်ကျကျ ဖြစ်သွားပါတယ်။ ပိုလှသွားတယ်လို့ ပြောရမှာပါ။ Carbon နဲ့ Mineral ဆိုပြီး နှစ်ရောင် ထုတ်မှာဖြစ်ပါတယ်။ ဖရိန်ကို ပေါ့ပါးတဲ့ စတီးနဲ့ ပြုလုပ်ထားပါတယ်။ နေကာမျက်မှန်ဆိုတဲ့အတိုင်း Color Glass လို့လည်း ခေါ်တဲ့ Tinted Glass နဲ့ ဖြစ်တာကြောင့် ခရမ်းလွန်ရောင်ခြည်ကို လျော့ချပေးပြီး နေအပူရှိန်ဒဏ်က ကာကွယ်ပေးမှာပါ။

Spectacles 3

Photo: Snap

HD ကင်မရာနှစ်လုံးက ဓာတ်ပုံကို 1642×1642 pixels ၊ ဗီဒီယိုကို 1216×1216 pixels နဲ့ ရိုက်ကူးပေးနိုင်ပါတယ်။ 4GB Storage ပါတာကြောင့် ဗီဒီယို ၁၀၀ ဒါမှမဟုတ် ဓာတ်ပုံ ၁,၂၀၀ လောက် သိမ်းထားနိုင်မှာပါ။ မျက်မှန်ကို အားအပြည့်သွင်းထားရင် ဗီဒီယို ၇၀ လောက်နဲ့ ဓာတ်ပုံ ၂၀၀ လောက် ရိုက်နိုင်တယ်လို့ ဆိုပါတယ်။ အားပြန်သွင်းချင်ရင် မျက်မှန်ကို ဘူးထဲ ပြန်ထည့်ထားလိုက်ရုံပါပဲ။ အားအပြည့်ဖြစ်ဖို့ ၇၅ မိနစ်လောက်တော့ ကြာပါလိမ့်မယ်။ မျက်မှန်ဘူးကိုတော့ USB-C ကနေ အားပြန်သွင်းရမှာပါ။

Spectacles 3 ရဲ့ အဓိကထူးခြားချက်ကတော့ ဒုတိယမြောက် HD ကင်မရာတလုံး ပါဝင်လာတာပါ။ ဒီကင်မရာရဲ့ Depth ဖမ်းယူနိုင်စွမ်းကို အသုံးချပြီး 3D Effects အသစ်တွေလည်း ထည့်ပေးထားပါတယ်။ ဒီ Effects တွေကို Spectacles 3 မျက်မှန်မှာပဲ ရမှာပါ။ ဒီနှစ်နောက်ပိုင်းမှာ အပြင်က Developers တွေကိုလည်း Depth Effects တွေ ဖန်တီးခွင့်ပေးမယ်လို့ ကုမ္ပဏီက ပြောထားပါတယ်။ 3D ပုံအစစ်တော့ မဟုတ်ပေမယ့် 3D ဆန်ဆန် ရုပ်လုံးကြွဓာတ်ပုံတွေလည်း ရိုက်ကူးနိုင်ပါတယ်။

အရင်မော်ဒယ်တွေအတိုင်း မျက်မှန်အပေါ်က ခလုတ်ကို နှိပ်လိုက်ရုံနဲ့ ဓာတ်ပုံ၊ ဗီဒီယို ရိုက်နိုင်မှာပါ။ ရိုက်နေတယ်ဆိုရင် ကင်မရာဘေးမှာ မီးလေး လင်းနေမှာပါ။ မျက်မှန်က ရိုက်လိုက်တဲ့ ပုံတွေကို Android ဒါမှမဟုတ် iOS Devices နဲ့ Sync လုပ်ပြီးရင် ဖုန်းထဲကနေ Edit လုပ်နိုင်ပါတယ်။ ပြီးရင် Snapchat က Friends တွေကို ပို့ရင်ပို့ ဒါမှမဟုတ် တခြား Platform မှာ တင်ဖို့ Export လုပ်ရုံပါပဲ။

နည်းပညာအခက်အခဲ ရှိသေးတာကြောင့် Spectalces က ရိုက်လိုက်တဲ့ ပုံကိုတော့ Snapchat အကောင့်ထဲ အလိုအလျောက် ပို့ပေးမှာ မဟုတ်ဘူးလို့ ကုမ္ပဏီက ဆိုပါတယ်။ Wi-Fi ဒါမှမဟုတ် Bluetooth နဲ့ ချိတ်ပြီး Download ပြန်လုပ်ပေးရဦးမှာ ဖြစ်ပါတယ်။

Snapchat ဆိုတာ လူငယ်တွေ အဓိကသုံးကြတဲ့ Messaging App ဖြစ်တာကြောင့် Spectacles 3 နေကာမျက်မှန်ကိုလည်း လူငယ်တွေကိုပဲ ပစ်မှတ်ထားရောင်းချသွားမှာပါ။ ကုမ္ပဏီကတော့ ထုံးစံအတိုင်း အရေအတွက်အကန့်အသတ်နဲ့ပဲ ထုတ်မယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလထဲ Spectacles.com ကနေ ရောင်းချသွားမှာပါ။

Ref: The Verge, Gizmochina