[Zawgyi]

စိတ်မပျော်ဘူးထင်ရင် ပျော်အောင် ဘယ်လို နေထိုင်ကြမလဲ

လူသားတွေဟာ ပိုက်ဆံရှာနေတာဆိုတာကလည်း စိတ်ထဲက လိုချင်တာ၊ ဝယ်ချင်တာတွေ ဝယ်ယူဖြည့်ဆည်းဖို့၊ မတောင့်မတ မကြောင့်မကြဖြစ်အောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်။ တစ်ခါတလေကျတော့လည်း ဒီလိုပဲ ငွေတွေရှာရင်းကို ပင်ပန်းလာ၊ စိတ်ပျက်ငြီးငွေ့လာ၊ မပျော်နိုင်ဘူးဆိုတာမျိုး ကြုံရတတ်ပါတယ်။

အရာဝတ္ထုတစ်ခုခုကို လိုချင်လို့၊ တစ်စုံတစ်ခုလုပ်ဆောင်ချင်တာကို မလုပ်ဆောင်ရလို့ မပျော်ဘူးဆိုတာက တော်ပါသေးတယ်။ အကြောင်းချင်းရာ ကြီးငယ်မရှိဘဲ မပျော်ဘူးဆိုရင်တော့ ဒီအချက်လေးတွေကို လုပ်ကြည့်သင့်ပါပြီ။

  • ပင်ပန်းနေရင်၊ ပင်ပန်းနေတယ်လို့ ခံစားရရင် အိပ်ပျော်အောင်သာ အိပ်လိုက်ပါ၊ ဒါဟာ ရိုးရှင်းပေမယ့် နိုးလာရင် အတွေးအမြင်သစ်တွေရနိုင်သလို အားအင်ပြည့်ပြီး လန်းဆန်းမှာလည်း အမှန်ပါပဲ။
  • ကိုယ်စိတ်မပျော်ဘူးထင်ရင် သူများကို ပျော်ရွှင်အောင် လုပ်ပေးပါ၊ တကယ်ပါ၊ အပျော်ဆိုတာ ကူးစက်တတ်ပါတယ်၊ ကိုယ့်ဆီမှာ မရှိတဲ့ ပျော်ရွှင်မှုကို သူများကို ပျော်အောင် လုပ်ပေးရင်းရတဲ့ ပီတိနဲ့ လဲလှယ်ကြတာပေါ့။
  • အောင်မြင်သမျှ ကိစ္စအားလုံးကို ပြန်စဉ်းစားပြီး ပွဲခံပါ၊ ကိုယ့်ကိုယ်ကိုယ် ဆုချပါ။ မပျော်တဲ့အချိန်မျိုးမှာဆိုရင် ငါဒါတွေလည်းလုပ်နိုင်ခဲ့ပါလားဆိုတာ ပြန်တွေးပြီး ယုံကြည်မှုပြန်တည်ဆောက်ပါ။
  • ကိုယ့်ရထားတဲ့ ကံကောင်းခြင်းလက်ဆောင်တွေကို စဥ်းစားကြည့်ပါဦး၊ မွေးတည်းက ခြေလက်အင်္ဂါစုံတာ၊ ပညာသင်ယူနိုင်စွမ်းရှိတာ၊ ဒါတွေ မရှိဘူးဆိုလည်း ချစ်တတ်တဲ့ မိသားစုတွေရထားတာ၊ နောက်ဆုံး ဒါတွေမရှိဘူးဆိုရင်တောင် ကိုယ်က အိမ်ကို ပြန်လုပ်ကျွေးပြုစုနိုင်တာစတဲ့ ကိုယ်ရထားတဲ့ ကံကောင်းခြင်းတွေကို တွေးကြည့်ပါ။
  • ဖုန်း၊ ကွန်ပျူတာ၊ TV စတဲ့ Electronics Devices တွေနဲ့ တစ်နေ့ကို တစ်နာရီလောက်တော့ ဝေးဝေးနေကြည့်ပါ၊ စိတ်ညစ်ညူးမှုလျော့ပါးစေပါတယ်။
  • Alarm ကို ၃၊ ၄၊ ၅ ဆင့်ပေးပြီး ပြန်ပြန်အိပ်နေတာကို ရပ်လိုက်ပြီး တစ်ခါတည်းနဲ့ နိုးထဖို့ ကြိုးစားကြည့်ပါ၊ ဒီလို ပြန်အိပ်တာဟာ အိပ်ရေးမဝတဲ့အပြင် ပိုပင်ပန်းစေပါတယ်။
  • ငြီးငွေ့နေရင် အသစ်တစ်ခုခုကို သင်ယူကြည့်ပါ၊ ကိုယ်တစ်ခါမှကို မလုပ်ဖူးတဲ့ အသစ်အဆန်းတစ်ခုခုကို ကြိုးစားကြည့်တာ၊ သင်ယူကြည့်တာဟာ စိတ်ကို အငြီးပြေစေပါတယ်။
  • လိုအပ်ရင် ငိုရင် ငိုချလိုက်ပါ၊ ဘာလို့ စိတ်ကို တင်းထားမှာလဲ၊ လူမမြင်ချင်ဘူးဆိုရင် အိပ်ရာထဲမှာ ခေါင်းအုံးတွေ ရွှဲနစ်သွားအောင် ငိုလိုက်၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်ကို ရင်ဖွင့်ပြီး ငိုပါ။ ပြီးရင်တော့ အားလုံးကို မေ့ပစ်ပြီး နေ့သစ်တစ်ခုကို စတင်ဖို့ ကြိုးစားသင့်ပါပြီ။

အခရာပရိသတ်ကြီး စိတ်ညစ်ရင် တခြားဘာတွေလုပ်တတ်သေးလဲဆိုတာလည်း ပြောပြလို့ ရပါတယ်။