ကိုယ်နှစ်ရှည်လများ တိတ်တခိုးချစ်ခဲ့ရတဲ့သူနဲ့ ခင်မင်ရင်နှီးခွင့်ရပြီးနောက် ပထမဦးဆုံးချိန်းတွေ့ခွင့်ရပြီဆိုရင် အတိုင်းမသိ ဝမ်းသာသလို ပြီးပြည့်စုံတဲ့ ချိန်းတွေ့မှုမျိုးဖြစ်အောင် လုပ်နိုင်ပါ့မလားဆိုပြီး စိတ်ဖိစီးမှုတွေလည်း ဖြစ်ကြပါတယ်။ ချစ်မြတ်နိုးရတဲ့သူနဲ့ ပထမဦးဆုံး ချိန်းတွေ့ရမှာဆိုတော့ သူကိုယ့်အပေါ် အမြင်ကြည်လင်ပြီး အကောင်းမြင်သွားစေဖို့အတွက် အစစအရာရာ ပြည့်စုံအောင် ပြုလုပ်ချင်ကြတာကိုလည်း အပြစ်ဆိုလို့မရပါဘူး။ အဲဒီလို ပြည့်စုံအောင် ပြုလုပ်ဖို့အတွက်နဲ့ ပထမဦးဆုံးချိန်းတွေ့မှုကို တစ်သက်တာမမေ့ဘဲ စွဲထင်သွားစေဖို့အတွက် ဆောင်ရန်ရှောင်ရန်လေးတွေကို ဖော်ပြပေးချင်ပါတယ်။ ဘယ်လိုအချက်တွေလဲဆိုတာကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုကြည့်ကြပါဦးနော်။

(၁) ယုံကြည်စိတ်ချလို့ရကြောင်းပြသပါ

မြန်မာနိုင်ငံမှာဆိုရင်တော့ အရင်တုန်းက ပထမဆုံးချိန်းတွေ့မှုပြုလုပ်ရင် ကောင်မလေးတွေဘက်က အဖော်တစ်ယောက်ယောက်လောက် ခေါ်လာတာမျိုး ရှိတတ်ပါတယ်။ အခုခေတ်မှာတော့ ဒီလိုမျိုးသိပ်မရှိတော့ပေမယ့် ခေတ်ကာလကြီးက မကောင်းဘဲ ကြောက်စရာကောင်းတဲ့အတွက် ပထမဦးဆုံးတွေ့မယ့်အချိန်မှာ ကိုယ်နဲ့ချိန်းတွေ့မယ်သူကို ကိုယ်ဟာ ယုံကြည်စိတ်ချလို့ရကြောင်း လူကြီးလူကာင်းဖြစ်ကြောင်း သိသာမြင်သာအောင် ပြထားပေးမယ်ဆိုရင် ပထမဆုံးချိန်းတွေ့မှုကနေ နောက်ထပ် နောက်ထပ် ချိန်းဆိုမှုတွေ ဆက်လက် ပြုလုပ်ဖို့ လွယ်ကူလာမှာ ဖြစ်ပါတယ်။ အဓိကတော့ ကိုယ်နဲ့ရှိနေရတာ လုံခြုံတယ် ပေါ့ပါးလွတ်လပ်မှုရှိတယ်ဆိုတာ တစ်ဖက်လူသိအောင် လုပ်ပေးဖို့ အရေးကြီးဆုံးပါပဲ။

(၂) အချိန်အတိအကျရောက်ပါစေ

ပထမဆုံးချိန်းတွေ့မှုမှာ အမှတ်ရဖို့အတွက်ဆိုရင် အချိန်အတိအကျ ရောက်အောင် ကြိုးစားဖို့ကလည်း အရေးကြီးတဲ့အချက်တွေထဲမှာ တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ ချိန်းထားတဲ့အချိန်ထက် ကြိုရောက်ပြီး စောင့်နေမယ်ဆိုရင်တော့ ပိုတောင်ကောင်းပါသေးတယ်။တချို့လူတွေက သူတို့သာ နောက်ကျချင်နောက်ကျမယ် သူတစ်ပါးကို စောင့်ရတာ တစ်စက်ေလးမှ မကြိုက်တဲ့သူတွေ ရှိပါတယ်။ နောက်ကျတာကလည်း တစ်ဖက်လူကို မလေးစားရာရောက်သလို အလေးအနက် မထားဘူးလို့လည်း ထင်သွားစေနိုင်ပါတယ်။ အချိန်အတိအကျရောက်ရင်တော့ အချိန်လေးစားသူ ပြောထားတဲ့အတိုင်း ကတိတည်သူဆိုပြီး အမှတ်တွေ အများကြီး သိမ်းပိုက်ခွင့် ရမှာပါ။ ကဲ ပထမဆုံးချိန်းတွေ့မှုမှာ အချိန်လေးစားသူအဖြစ် နာမည်ကောင်းရအောင် ယူလိုက်ပါ။

(၃) ဖုန်းမသုံးပါနဲ့

အိမ်မှာနေရင် ပျင်းပျင်းရှိ ဖုန်းကို လက်ကမချ သုံးနေတတ်တဲ့အကျင့်ကို ပထမဆုံးချိန်းတွေ့တဲ့နေရာအထိ မယူဆောင်သွားသင့်ပါဘူး။ အဲဒီအကျင့်ကိုသာ ယူဆောင်သွားမိမယ်ဆိုရင် တစ်ဖက်လူပြောတာကို အာရုံမစိုက်နိုင်သလို တစ်ဖက်လူကို စိတ်မဝင်စားဘူးလို့လည်း ပြသရာလည်း ရောက်စေပါတယ်။ လျစ်လျူရှုတာ၊ စိတ်မဝင်စားတာမျိုးနဲ့ ရိုင်းပြတဲ့သူမျိုးလို့ အထင်မခံရစေဖို့အတွက် ဖုန်းကို အသုံးမပြုဘဲနေတာ အကောင်းဆုံးပါပဲ။ ခုမှစတွေ့ရတာဖြစ်လို့ ကြောင်တောင်တောင်ဖြစ်ပြီး ဖုန်းသုံးနေတာဆိုရင် အဲဒီလိုလုပ်မယ့်အစား တစ်ဖက်လူပြောတာကို အာရုံစိုက်နားထောင်ခြင်းဖြင့် အမှတ်ယူလိုက်ပါ။

(၄) စကားကို ကိုယ်ကချည်းပဲ လုပြောနေတာမျိုးမလုပ်ပါနဲ့

ပထမဆုံးချိန်းတွေ့မှု ပျင်းခြောက်ခြောက်ကြီးမဖြစ်စေဖို့ သူ့အကြောင်း ကိုယ်အကြောင်း ဖလှယ်တာမျိုး၊ ရယ်စရာအတိုအထွာ ဟာသလေးတွေ ပြောဖို့ကလည်း အရေးကြီးပါတယ်။ အဲဒီိလိုပြောတဲ့အခါမျိုးမှာ စကားဝိုင်းကို ကိုယ်ကချည်းပဲ လွှမ်းမိုးထားတာမျိုးနဲ့ ငါ့စကားနွားရဆိုပြီး အနိုင်ရအောင် အတင်းလုပြောတာမျိုး မဖြစ်ဖို့ သတိထားသင့်ပါတယ်။ အပေးအယူမျှတဲ့ စကားဝိုင်းလေးဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ ကိုယ်က စကားပြောကောင်းသူမဟုတ်ဘူးဆိုရင်လည်း တစ်ဖက်လူပြောတာကို သေချာလေးနားထောင်ပေးပါ။ နားထောင်ပေးခြင်းကနေ သူက ဘယ်လို လူမျိုးလဲ၊ ဘယ်လိုစိတ်ထားမျိုးရှိလဲဆိုတာကို လေ့လာအကဲခတ်ကြည့်လို့ ရပါတယ်။ ဒါ့အပြင် နားထောင်ကောင်းတဲ့သူတွေဟာ တစ်ဖက်လူကို ဆွဲဆောင်နိုင်ပြီး နှစ်လိုဖွယ်လည်းကောင်းပါတယ်။

(၅) အကောင်းမြင်စိတ်ထားရှိပါ

ပထမဦးချိန်းတွေ့တဲ့အခါ စိတ်လှုပ်ရှားလွန်ပြီး အလွဲလွဲအမှားမှား ပြုလုပ်မိတတ်တာကတော့ သဘာဝပါပဲ။ အဲဒီလို ပြုလုပ်မိမှာ စိုးရိမ်ပြီး အဆိုးမြင်စိတ်တွေ ထားရှိတာကတော့ မဖြစ်သင့်ပါဘူး။ စိတ်က အဆိုးမြင်စိတ်တွေ တွေးလိုက်မိရင် ဆက်တိုက် အလွဲအမှားတွေ လုပ်မိသွားတတ်ပါတယ်။ အလွဲအမှားတွေကနေစပြီး ပြဿနာအကြီးကြီးတွေအထိ ဖြစ်သွားစေနိုင်ပါတယ်။ ပထမဦးဆုံးချိန်းတွေးမှုမျိုးမှ မဟုတ်ဘဲ ဘယ်ကိစ္စမှမဆို အကောင်းမြင်စိတ်ကို တတ်နိုင်သမျှ ထားတတ်အောင် အလေ့အကျင့်လေး ပြုလုပ်ထားပါ။

(၆) ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရင် အလုပ်တစ်ဝက်လောက်က ပြီးမြောက်အောင်မြင်နိုင်တဲ့အတွက်
ယုံကြည်ချက် အပြည့်ထားလိုက်ပါ။ ယုံကြည်မှုအပြည့်ရှိတဲ့သူတွေကလည်း သူများနဲ့မတူ ဆွဲဆောင်မှုအားကောင်းတဲ့အတွက် ပထမဆုံးချိန်းတွေ့မှုမှာ ယုံကြည်မှုအပြည့်ထားပြီး တစ်ဖက်လူ တမ်းတမ်းစွဲဖြစ်အောင် ပြုလုပ်လိုက်ပါ။

H.H(Akhayar)

www.akhayar.com