ရှေးအစဉ်အလာတွေအရ မိန်းမနဲ့ ယောကျာ်းဆိုရင် ယောကျာ်းလေးတွေက မြင့်မြတ်တယ်၊ ထက်မြက်တယ်၊တော်တယ်၊အရာရာကို ဦးဆောင်နိုင်တယ်ဆိုပြီး ပုံသေ သတ်မှတ်ချက်တွေရှိသလိုမျိုး ယောကျာ်းလေးမှန်ရင် ဒီလိုအရည်အချင်းကောင်းတွေနဲ့ ပြီးပြည့်စုံထားရင် ပိုကောင်းပါတယ်။ တော်ပြီး ထက်မြတ်တဲ့ ယောကျာ်းကောင်းလို့ ခံယူထားတဲ့သူတိုင်းမှာ ဒီလိုအရည်အချင်းကောင်းတွေနဲ့ ပြည့်စုံလေ့ရှိကြပါတယ်။ အဲဒီအရည်အချင်းကောင်းတွေက ဘာတွေလဲဆိုတာကတော့….

(၁) ငြင်းခုံရမယ့်ကိစ္စတွေကိုအသာတကြည်ငြင်းခုံနိုင်ခြင်း

လူရယ်လို့ ဖြစ်လာရင် အမြင်မတူတာတွေရှိလို့ အငြင်းအခုံတွေကိုလည်း ရှောင်လွဲလို့မရဘဲ မဖြစ်မနေပြုလုပ်ကြရပါတယ်။ အဲ့ဒီလို အငြင်းအခုံတွေပြုလုပ်တဲ့အခါမျိုးမှာ ကိုယ်ကဘယ်လောက်ပဲမှန်ပါစေ ကိုယ်မှန်တာကိုပဲ စွတ်ပြောတာမျိုး မပြုလုပ်သင့်သလို တစ်ဘက်ကပြောတာကိုလည်း နားထောင်ပေးခြင်းပြုလုပ်ပေးရပါမယ်။ အငြင်းအခုံလုပ်တဲ့အခါမှာလည်း တိုက်ခိုက်နေတဲ့ပုံစံမျိုးနဲ့ ငြင်းခုံတာလည်း မလုပ်သင့်သလို၊ ဒေါသတကြီး ငြင်းခုံတာမျိုးလည်း မပြုလုပ်သင့်ပါဘူး။ ယောကျာ်းကောင်းတွေဟာ ဒေါသထွက်ရင် ဒေါသကို လူမသိအောင် မျိုသိပ်ထားနိုင်ရပြီး သည်းခံစိတ်ရှည်တတ်ရပါတယ်။ ငြင်းခုံရင်တောင် ပညာသားပါပါ မိတ်မပျက်၊ ဆက်ဆံရေး မထိခိုက်အောင် ထိန်းပြီး ငြင်းခုံတတ်အောင် လေ့ကျင့်ထားသင့်ပါတယ်။ အဲဒီလိုဖြစ်ဖို့ဆို ခံစားရသမျှ ခံစားချက်တွေ၊ Emotion တွေ မျက်နှာမှာ မပေါ်အောင် ထိန်းနိုင်ဖို့ လိုပါတယ်။

(၂) ဖြစ်လာသမျှ ပြဿနာကို အဆင်ပြေအောင်ဆောင်ရွက်နိုင်ခြင်း

ဒီနေ့ အဆင်ပြေပြီး နောက်နေ့ အဆင်မပြေတာမျိုးက လောကကြီးမှာ ဖြစ်တတ်တဲ့ သဘောပါ။ အဆင်ပြေရင် ပျော်တတ်ကြပြီး အဆင်မပြေတဲ့အခါ အရာရာကို အပြစ်မြင်တတ်ကြပါတယ်။ အဲ့ဒါကြောင့်မို့ ပြဿနာဖြစ်လာတဲ့အခါမှာ အဆင်ပြေသွားအောင် အမြန်ဆုံးဖြေရှင်းနိုင်တဲ့ စွမ်းရည်လိုအပ်ပါတယ်။ ပြဿနာတွေကို အလျင်အမြန် ဖြေရှင်းနိုင်တဲ့ အစွမ်းအစဆိုတော့ တော်ရုံလူတွေ မလုပ်နိုင်ပါဘူး။ ပြဿနာတွေကို ဘာမှမဟုတ်ပါဘူးလို့ သတ်မှတ်ပြီး ဖြေရှင်းနိုင်တဲ့ စွမ်းရည်ရရှိဖို့ကတော့ ကြည့်မြင်တဲ့ အမြင်ကို ပြောင်းလဲလိုက်ဖို့ အဓိကကျပါတယ်။

(၃) အကူအညီတွေကို လက်ခံတတ်ခြင်း

အမျိုးသားတွေဟာလည်း လူသားတွေထဲက လူသားတွေပဲမို့ အမြဲလိုလို ကြံ့ခိုင်နေဖို့ မလိုပါဘူး။ တစ်ခါတစ်ရံ ကြီးမားတဲ့ အခက်အခဲတွေ ကြုံတွေ့လာတဲ့အခါ ကြံ့ခိုင်သယောင်လုပ်နေစရာမလိုဘဲ အကူအညီပေးနိုင်တဲ့သူဆီကနေ အကူအညီတွေ ရဲရဲကြီး ယူလိုက်ပါ။ စိတ်ပင်ပန်းတဲ့အခါမျိုးမှာလည်း ယုံကြည်စိတ်ချရပြီး ရင်းနှီးတဲ့သူဆီမှာ ရင်ဖွင့်တာမျိုး ပြုလုပ်တတ်ပြီး စိတ်ကို အပန်းဖြေတတ်ဖို့လည်း လိုအပ်ပါတယ်။ ပြီးရင်တော့ အကောင်းဆုံးနဲ့ အမြန်ဆုံးနလန်ပြန်ထနိုင်ကာ ဘဝကို ဟန်ချက်ညီညီ ဖြတ်သန်းနိုင်ခြင်းက တော်ပြီး ထက်မြက်တဲ့ ယောကျာ်းတွေမှာ ရှိတဲ့ အရည်အချင်းတစ်ရပ်ပါပဲ။

(၄) ပိုက်ဆံကို ကောင်းကောင်းစီမံခန့်ခွဲနိုင်ခြင်း

အရမ်းကြီးမချမ်းသာချင်ဘူးလို့ စိတ်ထဲမှာတွေးထားရင်တောင် ဘဝမှာ ပိုက်ဆံက မရှိမဖြစ် လိုအပ်ပါသေးတယ်။ ကိုယ်အိပ်မက်တွေ ပြည့်ဝဖို့၊ မိဘကိုထောက်ပံ့နိုင်ဖို့၊ ကျန်းမာရေးအတွက် ဆေးကုသစရိတ် အစရှိတာတွေ ပြုလုပ်နိုင်ဖို့အတွက်ဆိုရင် ပိုက်ဆံရှိဖို့ လိုပါတယ်။ ပိုက်ဆံကို ကောင်းကောင်းမစီမံ မခန့်ခွဲနိုင်ဘူးဆို ဝင်ငွေနဲ့ ထွက်ငွေ မမျှဘဲ ရှာသမျှပိုက်ဆံ သဲထဲရေသွန်သလို ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်မို့ ပိုက်ဆံကို ကောင်းကောင်းစီမံခန့်ခွဲတတ်ဖို့ လိုအပ်ပါတယ်။ ကောင်းကောင်းစီမံခန့်ခွဲတတ်ဖို့ဆို ထွက်ငွေတွေကို သေချာစာရင်းမှတ်ပြီး ကိုယ်ရှာနိုင်တာထက် ပိုမသုံးမိစေဖို့ အကျင့် ပြုလုပ်ကြည့်ပါ။ ငွေကြေးစီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး Challenge လေးတွေပြုလုပ်ကာ အောင်မြင်သွားရင် ဆုချတဲ့ အကျင့်ပြုလုပ်ခြင်းကလည်း ငွေကြေး စီမံခန့်ခွဲမှုတွေ ပိုကောင်းလာစေနိုင်ပါတယ်။

(၅) အချိန်ကို စီမံခန့်ခွဲနိုင်ခြင်း

အမျိုးသားတိုင်း တတ်ကျွမ်းသင့်တဲ့ နောက်ထပ်စွမ်းရည်တစ်ခုကိုတော့ အချိန်ကို စီမံခန့်ခွဲတတ်ခြင်းပါပဲ။ အောင်မြင်တဲ့သူတိုင်းကို ကြည့်လိုက်ရင်လည်း အချိန်ကိုလေးစားတဲ့သူတွေနဲ့ အချိန်ကို သေချာစီမံခန့်ခွဲနိုင်တဲ့သူတွေချည်းပါပဲ။ ယောကျာ်းတွေဟာ လုပ်ငန်းခွင်မှာ အချိန်လေးစားတာဟာ တခြားသူကို လေးစာတာနဲ့ တူသလို ကိုယ်အချိန်ကို တန်ဖိုးထားတတ်နဲ့လည်း တူပါတယ်။ အချိန်ကို တန်ဖိုးထားတတ်သူတိုင်းဟာ အချိန်ကို စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းအလိုလိုရှိကြပါတယ်။ ဘာကြောင့်လို့ဆိုတော့ အချိန်ကုန်မှာနှမြောတဲ့သူဟာ အချိန်တိုင်းကို အကျိုးရှိအောင် ဘာပြီးရင် ဘာလုပ်ရမလဲ အစီအစဉ်တွေ ဆွဲထားတတ်တာကြောင့် ဖြစ်ပါတယ်။

(၆) သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျအောင် ဝတ်တတ်ခြင်း

တောင်းမှာအကွပ် လူမှာအဝတ်ဆိုတဲ့ ဆိုရိုးစကားရှိသလိုမျိုး အဝတ်အစားကောင်းကောင်း ဝတ်စားတတ်ခြင်းကလည်း အလုပ်ရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို ပြီးမြောက်အောင်မြင်စေနိုင်ပါတယ်။ ယောကျာ်းလေးတွေအနေနဲ့လည်း အနောက်တိုင်းဝတ်စုံ အမြဲဝတ်ရတာမျိုး မရှိပေမယ့်လည်း တစ်ချိန်တစ်ခါတော့ မဖြစ်မနေ ဝတ်ရတာမျိုး ကြုံလာနိုင်တာမို့ ဟန်ကျပန်ကျ ဝတ်တတ်ဖို့တော့ လေ့ကျင်ထားသင့်ပါတယ်။ အဝတ်အစားကောင်းကောင်းဝတ်တတ်တဲ့ အမျိုးသားတွေကို အမျိုးသမီးတွေ ကြွေတတ်ကြတာမို့ သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျအောင် ဝတ်တတ်ဖို့ကိုလည်း အကျင့်လေး လုပ်ထားပါ။

ဒါလေးတွေက မတတ်မဖြစ်တတ်မြောက်ထားသင့်တဲ့ အခြေခံကျတဲ့ အချက်လေးတွေကို ပြောပြထားတာမို့ တခြားအချက်တွေလည်း ကျန်ရှိကောင်း ကျန်ရှိနိုင်ပါတယ်။ ပရိသတ်ကြီးသိတဲ့ ကျန်ရှိနေတဲ့ အချက်တွေရှိရင်လည်း ပြောပြပေးသွားပါဦးနော်။

H.H(Akhayar)

www.akhayar.com