မိန်းကလေးတွေမှာ လူမသိသူမသိမှားနေတဲ့အချက်လေးတွေရှိပါတယ်။ တစ်ခါတလေ အဲဒီလူမသိသူမသိအမှားကြီးက လူသိသူသိဖြစ်လာတဲ့အခါ ကြည့်ရဆိုးသွားပါတော့တယ်။ အဲဒါကတော့ အောက်ခံဘရာရွေးချယ်မှုမှားတာပါပဲ။ မိန်းကလေးဆိုတာ အိမ်ထဲနေတဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန်တွေတော်တော်များများမှာ အောက်ခံဘရာနဲ့ ခွဲခွာလို့မရတဲ့အတွက်ကြောင့် မှားယွင်းစွာရွေးချယ်မိမယ်ဆိုရင်တော့ အလှအပအတွက်ရော၊ ကျန်းမာရေးပါ ထိခိုက်သွားနိုင်ပါတယ်။ ဒါကြောင့် မိန်းကလေးတွေနဲ့ အမြဲတမ်းတစ်သားတည်းနေတဲ့ အောက်ခံဘရာလေးတွေကို သင့်လျော်မှန်ကန်အောင် ရွေးချယ်တတ်ပြီလား။

မိမိရဲ့ အတိုင်းအတာကို တိတိကျကျမသိဘူးလား

ဒီမေးခွန်းက အရေးကြီးပါတယ်။ ကိုယ့်ရဲ့ ရင်အတိုင်းအတာကို တိတိကျကျသိဖို့လိုပါတယ်။ ဒါကြောင့် မကြာခဏလည်း တိုင်းတာဖို့ လိုအပ်ပါတယ်။ အိမ်မှာ ကိုယ့်ဘာသာကိုယ် သပ်သပ်ကြီးမတိုင်းဖြစ်လည်း အင်္ကျီသွားချုပ်တဲ့အချိန်မှာ တိုင်းတာထားတာကို မှတ်သားထားပါ။ အမြဲတမ်း ဒီတစ်ဆိုဒ်ထဲဖြစ်နေမှာမဟုတ်တဲ့အတွက်ကြောင့် မကြာခဏတိုင်းတာပေးဖို့လည်း မမေ့ပါနဲ့။ ဆိုဒ်မမှန်တဲ့အောက်ခံဘရာတွေကို ၀တ်နေမိမယ်ဆိုရင် ကြည့်လို့လည်းမကောင်းသလို ကျန်းမာရေးနဲ့လည်း မညီညွတ်ပါဘူး။

အမြဲတမ်းကျပ်ထုတ်နေအောင် ၀တ်ထားတာလား

အောက်ခံဘရာကို အမြဲတမ်းကျပ်ထုတ်နေအောင် ၀တ်ထားဖို့ မလိုအပ်ပါဘူးနော်။ ပွဲလမ်းသဘင်သွားတဲ့အခါလောက်ပဲ ကိုယ်ခန္ဒာအလှအပလေးတွေ ပေါ်လွင်ထင်ရှားအောင် ခပ်ကျပ်ကျပ်အောက်ခံဘရာကို ၀တ်သင့်ပေမယ့် သာမန် ရုံးသွား၊ ကျောင်းသွား၊ ထသွားထလာနေရာတွေကိုတော့ ကျပ်ထုတ်နေအောင် မ၀တ်သွားဖို့ သတိပေးပါရစေ။ အမြဲတမ်း ကောက်ညှင်းထုတ်လေးလို ကျပ်ထုတ်စည်းပြီးဝတ်နေမယ်ဆိုရင်တော့ လွတ်လပ်ပေါ့ပါးမှုလည်းမရှိသလို ရင်သားကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။

ပခုံးကြိုးတွေကို ညှိလေ့မရှိဘူးလား

အောက်ခံဘရာဝတ်ဆင်ရာမှာ အရေးကြီးတဲ့အချက်တစ်ချက်က ၀တ်ပြီးသွားရင် ပခုံးက ညှိကြိုးလေးတွေကို ကိုယ်နဲ့ သင့်လျော်အောင် ညှိပေးဖို့ပါပဲ။ အဲဒီလိုမညှိဘူးဆိုရင်တော့ ရင်သားက ဘယ်လိုမှပုံမကျနိုင်ပါဘူးနော်။ အပေါ်တက်နေလိုက်၊ အောက်ကျနေလိုက်နဲ့ ရုပ်မဆိုးစေဖို့အတွက် အောက်ခံဘရာဝတ်တိုင်း ပခုံးကြိုးလေးတွေကို ညှိပေးဖို့လိုပါတယ်။ အဲဒီ့ပခုံးကြိုးတွေအရမ်းတင်းနေရင်လည်း ဇာတ်ကြောတက်ပြီး ခေါင်းကိုက်တတ်တယ်နော်။

ဒီဇိုင်းတစ်မျိုးထဲပဲ အမြဲတမ်းဝတ်တာလား

ဒီလိုစိတ်ရူးမျိုး ဘယ်တော့မှမတွေးလိုက်ပါနဲ့နော်။ ဒီဇိုင်းတစ်မျိုးထဲကိုပဲ ထည်လဲမ၀တ်ပါနဲ့။ ကိုယ်သွားမယ့်နေရာ၊ ကိုယ်ဝတ်မယ့်အ၀တ်အစားပေါ်မူတည်ပြီး လိုက်ဖက်မယ့် အောက်ခံဘရာကို ရွေးချယ်ရပါလိမ့်မယ်။ တချို့ဝတ်စုံတွေက Cup ကြီးကြီးနဲ့ဝတ်ရပေမယ့် တချို့အ၀တ်အစားတွေကျတော့ ခပ်သေးသေး Cup ကိုရွေးချယ်ဝတ်ရပါလိမ့်မယ်။ နောက်ပြီး ကိုယ်သွားတဲ့နေရာပေါ်မူတည်ပြီး ရင်သားအလှကိုပြသဖို့ Push up Bra မျိုးဝတ်ဆင်ဖို့လိုအပ်သလို ရင်သားကို မသိသာတဲ့အောက်ခံမျိုးလည်း ဘုန်းကြီးကျောင်းကန်တွေသွားတဲ့အခါ ရွေးချယ်ရပါလိမ့်မယ်။

တစ်ထည်ကို လေးငါးရက်လောက်ဝတ်နေလား

အောက်ခံဘရာတစ်ထည်ကို ထည်လဲဝတ်နေတာ ကောင်းတဲ့အကျင့်တော့မဟုတ်ပါဘူးနော်။ အတွင်းထဲမှာ ကိုယ်ခန္ဒာနဲ့ကပ်ဝတ်ထားတဲ့အရာဖြစ်တဲ့အတွက် ချွေးတွေ၊ အညစ်အကြေးတွေနဲ့ ထိတွေ့မှုပိုများပါတယ်။ အောက်ခံဘရာတစ်ထည်ကို မလျှော်ဘဲ အများဆုံးဝတ်လို့ရ နှစ်ရက်ပါပဲ။ တစ်ထည်ကို နှစ်ရက်ပဲဝတ်ပါ။ ပြည့်စုံလုံလောက်အောင် ၀ယ်ထားပါ။ မဟုတ်ရင် ကျန်းမာရေးအတွက် မကောင်းပါဘူး။

မှန်မှန်ကန်ကန်မလျှော်တတ်ဘူးလား

လျှော်ပုံလျှော်နည်းမှားရင်လည်း ကြာကြာမခံပါဘူး။ ဒီ့ထက်ပိုဆိုးတာက ပုံပျက်သွားတာပါပဲ။ Cup ကြီးကြီး အောက်ခံဘရာတွေဆို ပိုသတိထားရပါတယ်။ တခြားအ၀တ်အထည်တွေနဲ့အတူတူ အ၀တ်လျှော်စက်ထဲကို ၀ရုန်းသုံးကားပစ်ထည့်ပြီး လျှော်လိုက်တာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ ဒါဟာ ကိုယ်ဈေးကြီးပေးပြီး ၀ယ်ထားတဲ့ အောက်ခံဘရာတွေကို ဖျက်ဆီးလိုက်တာနဲ့အတူတူပါပဲ။ နှမျောစရာကြီးပါ။

အောက်ခံဘရာဆိုတာ မိန်းကလေးတွေရဲ့ ချစ်စရာအသုံးအဆောင်ပစ္စည်းလေးလို့ဆိုရင် မမှားပါဘူးနော်။ ကောင်မလေးတွေကို ပိုလှလာအောင်၊ ပိုပြီးဆွဲဆောင်မှုရှိလာအောင် ကူညီပေးနေတဲ့အရာပါ။ ဒီတော့ အောက်ခံဘရာကို နည်းလမ်းမှန်မှန်နဲ့ ရွေးချယ်ဝတ်ဆင်တတ်ဦးမှ လှလည်းလှမယ်၊ ကျန်းမာရေးနဲ့လည်း ညီညွှတ်ဦးမှာနော်။ အဲဒီတော့ အောက်ခံဘရာဝယ်တော့မယ်ဆိုရင် အခုပြောထားတဲ့အချက်လေးတွေကိုမမေ့ပါနဲ့ …. အိုခေ။

Moethaesay (Akhayar)

www.akhayar.com