Roger Moore လို့ ပြောလိုက်တာနဲ့ James Bond မင်းသားဟောင်းကြီးဆိုတာနဲ့ တွဲမြင်ကြမှာပါ။ ဟုတ်ပါတယ်၊ သူဟာ 007 James Bond မင်းသားတစ်ယောက်ပါပဲ။ သူ့အကြောင်းမပြောခင် ပထမဦးဆုံး ဝမ်းနည်းစရာအနေနဲ့ မင်းသားကြီး Roger Moore ဟာ မနေ့က မေလ ၂၃ ရက်နေ့မှာ ကင်ဆာရောဂါနဲ့ ဆွစ်ဇာလန်နိုင်ငံမှာ ဆုံးပါးသွားရရှာပြီဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၉နှစ်ရှိပြီ ဖြစ်ပါတယ်။

 

Roger Moore အကြောင်း အကြမ်းဖျင်းပြောပြရရင်တော့ ၁၉၄၇ ခုနှစ် အောက်တိုဘာလ ၁၄ ရက် နေ့မှာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ စတော့ခ်ဝဲလ်အရပ်မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံး James Bond ရုပ်ရှင်အဖြစ် Live and Let Die (၁၉၇၃) မှာ စတင်ပါဝင်လာခဲ့ပြီး ရှောင်ကွန်နရီရဲ့ နေရာမှာ သူ့ကို ရွေးချယ်ခဲ့ကြတာပါ။

သူ့ရဲ့ ပထမဆုံးခြေလှမ်းက Model တစ်ယောက်ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ Television Series တွေ ဆက်တိုက်ရိုက်ကူးလာခဲ့ရတာပါ။ Ivanhoe ၊ The Alaskans ၊ Maverick လို TV Series တွေ ရိုက်ကူးခဲ့ပြီး The Saints (၁၉၆၂ – ၁၉၆၉) မှာတော့ Simon Templar အဖြစ် သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့ပါတယ်။ နောက်ဆက်ရိုက်တဲ့ TV Series ကတော့ The Persuaders ဖြစ်ပြီး အဲ့ဒါပြီးမှ သူ့အတွက် James Bond ဇာတ်ရုပ်အနေနဲ့ ပထမဆုံးကား Live and Let Die မှာ စတင်ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီကစပြီး Roger Moore ကို James Bond နဲ့တွဲမြင်ခဲ့ကြပေမယ့် Roger Moore မှာ အခြားစိတ်ဝင်စားစရာကောင်းတဲ့ လူသိနည်းတဲ့ အချက်တွေ ဒီလိုမျိုး ရှိပါသေးတယ်ဗျ။

၁။ Roger Moore ရဲ့ အဖေဟာ ရဲအရာရှိတစ်ယောက်ဖြစ်ပြီး အမေကတော့ စားသောက်ဆိုင်တစ်ဆိုင်က Cashier ဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။

၂။ သူ့မှာ မိန်းမလေးယောက်ရှိခဲ့ပြီး Doom van Steyn ၊ Dorothy Squires ၊ Luisa Matioli တို့ ဖြစ်ပြီး လက်ရှိ သူသေဆုံးချိန်မှာတော့ နောက်ဆုံးဇနီး Kristina Tholstrup နဲ့ အတူနေထိုင်ခဲ့တာဖြစ်ပါတယ်။

၃။ ရှောင်ကွန်နရီ သရုပ်ဆောင်ခဲ့တဲ့ ဂျိမ်းစ်ဘွန်းနေရာကို သူရယူခဲ့ရတာ ဖြစ်ပြီး စုစုပေါင်း ဂျိမ်းစ်ဘွန်းရုပ်ရှင်ကား ခုနှစ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ကာ ဒီဇာတ်ကားတွေ အတွက် အချိန် ၁၂ နှစ်လောက် သုံးခဲ့ရပါတယ်။ သူပါဝင်ခဲ့တဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားတွေကတော့

  • Live and Let Die (၁၉၇၃)
  • The Man With the Golden Gun (၁၉၇၄)
  • The Spy Who Loved Me (၁၉၇၇)
  • Moonraker (၁၉၇၉)
  • For Your Eyes Only (၁၉၈၁)
  • Octopussy (၁၉၈၃)
  • A View to Kill (၁၉၈၅) တို့ ဖြစ်ပါတယ်။

 

၎။ သူ့ရုပ်ရှင်တွေထဲမှာတော့ သူ့ကို စော်ကြည်ဘဲ၊ မြာပွေသူတစ်ယောက်အနေနဲ့ တွေ့ရတာ များပြီး အပြင်လောကမှာလည်း သူဟာ ချစ်မှုရေးရာများပြားပြီး စော်ကြည်ဘဲ တစ်ယောက်ပဲ ဖြစ်ပါတယ်။

 

၅။ သူဟာ ဆုအများအပြားကို ရရှိဖူးပြီး ၂၀၀၃ ခုနှစ်မှာတော့ သူ့ရဲ့ ပရဟိတလုပ်ဆောင်မှုများအတွက် အင်္ဂလန်ဘုရင်မကြီး Elizabeth II ရဲ့ သူကောင်းပြုမှုကို ခံခဲ့ရပါတယ်။

၆။ ပြင်သစ်အစိုးရဟာလည်း ၂၀၀၈ခုနှစ်မှာ သူ့ကို  “Commander of the Ordre des Arts et des Lettres” အဖြစ်ခန့်အပ်ခဲ့ပါတယ်။ (Ordre des Arts et des Lettres ဆိုတာ အနုပညာသရုပ်ဆောင်မှုတွေမှာ ထူးချွန်မှုအတွက် အသိအမှတ်ပြုတဲ့အနေနဲ့ ပြင်သစ်ယဉ်ကျေးမှုဝန်ကြီးဌာနက ချီးမြှင့်တဲ့ ဆုဖြစ်ပါတယ်။)

၇။ သူဟာ သူ့ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိအနေနဲ့ My Word is my Bond ဆိုတဲ့ စာအုပ်ကို ထုတ်ဝေခဲ့ပြီး ဒုတိယမြောက် ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ် ဖြစ်တဲ့ Last Man Standing ဆိုတဲ့ စာအုပ်ကိုတော့ ၂၀၁၄ ခုနှစ် အသက် ၈၁ နှစ်အရွယ်မှာ ထုတ်ဝေခဲ့ပါတယ်။

၈။ သူဟာ ကင်ဆာရောဂါတွေနဲ့ လုံးပန်းနေခဲ့ရသူဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာ ဆီးကျိတ်ကင်ဆာကို ခံစားခဲ့ရပြီး ၂၀၁၂ ခုနှစ်မှာတော့ အရေပြားကင်ဆာရောဂါအတွက် ကုသမှုအမျိုးမျိုးကို ခံယူခဲ့ရသူပါ။ သူကင်ဆာရောဂါခံစားရချိန် သူ့ဘေးမှာ သူ့ရဲ့ စတုတ္တမြောက် ဇနီး Kristina Tholstrup နဲ့ ကလေး ၃ယောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

၉။ သူ့ရဲ့ သရုပ်ဆောင်လမ်းကြောင်းကို စတင်ဖို့ အမေရိကန်နိုင်ငံကို မပြောင်းရွှေ့ခင် ၁၉၅၀ ခုနှစ်အတွင်းမှာ ဒုတိယကမ္ဘာစစ်အတွက် ဗြိတန်တပ်မတော်မှာ ဝင်ရောက်အမှုထမ်းခဲ့ပါသေးတယ်။

 

ခန့်ငြားချောမောတဲ့ ရုပ်ရည်၊ ယောက်ျားပီသတဲ့ အသွင်အပြင်၊ အမျိုးသမီးတွေ ဝိုင်းဝိုင်းလည်ပြီး မာတီနီသောက်လေ့ရှိတဲ့ ဘွန်းဇာတ်ရုပ်ကနေ အနားယူရုံတင်မဟုတ်ဘဲ အခုလို ကမ္ဘာမြေကနေပါ ထာဝရအနားယူသွားရှာတဲ့ မင်းသားကြီး Roger Moore ကိုတော့ ဘွန်းဇာတ်ရုပ်တွေနဲ့ အတူ ကျွန်တော်တို့ ထာဝရသတိရနေရတော့မှာပေါ့ဗျာ။

 

ရိုးလူ (အခရာ)

www.akhayar.com