ကိုယ်ဟာကိုယ် အပူမရှာချင်လို့ တစ်ယောက်တည်းနေတဲ့ Single အမျိုးသမီးလေးတွေ ရှိကြတယ်မှတ်လား။ Single လေးတွေဖြစ်လို့ ဟိုက၊ ဒီက၊ အမျိုးတွေထဲက အခုချိန်ထိ မစွံသေးဘူးလား အရည်အချင်းမရှိဘူးလားဆိုပြီး စသလိုလို နောက်သလိုလို အမြဲအမေးခံနေရလို့ Single ဖြစ်ရတာကို စိတ်မကုန်ဘဲ အမေးခံရတာကို စိတ်ကုန်လာတဲ့သူတွေလည်း အများကြီး ရှိပါတယ်။။ ဘယ်လိုပဲ စိတ်ကုန် စိတ်ကုန် စစ်တမ်းတွေအရတော့ Single အမျိုးသမီး အရေအတွက်တွေဟာ ပိုတိုးလာနေတာကို တွေ့ရှိနေရပါတယ်။ ဒီလိုတိုးလာတာကို ကြည့်ပြီး အမျိုးသမီးတွေဟာ တစ်ယောက်တည်းနေရတာကို ပိုကြိုက်လာကြတယ် (သို့) တစ်ယောက်တည်းနေရတာက ပိုပျော်ရွှင်ဖို့ကောင်းတယ်ဆိုပြီး ခံယူထားလားလို့တောင် ယူဆလို့ရပါတယ်။

ဒါ့အပြင် သုတေသနလေ့လာမှုတွေအရလည်း Single အမျိုးသမီးလေးတွေဟာ အပျော်ဆုံးဖြစ်တယ်ဆိုပြီး လေ့လာတွေ့ရှိထားပါတယ်။ ဘယ်လိုအချက်တွေကြောင့် Single အဖြစ်နေရတာကို ကြိုက်နှစ်သက်ပြီး ပျော်ရွှင်နေကြရတာလဲဆိုတာကို အောက်မှာ ဖတ်ရှုကြည့်လိုက်ကြရအောင်။

RS တည်ဆောက်ဖို့အတွက် ကြိုးစားရတာ ခက်ခဲလာကြလို့ပါ

ဒီခေတ်မျိုးဆက် အမျိုးသမီးလေးတွေဟာ စိတ်သိပ်ရှုပ်မခံကြတော့သလို RS တည်မြဲဖို့အတွက်နဲ့ ထိန်းသိမ်းဖို့အတွက် ခွန်အားစိုက်ထုတ်ပြီး ကြိုးစားတည်ဆောက်နေရတာကို မလုပ်ချင်ကြတော့သလို အလုပ်မဟုတ်ဘူးဆိုပြီလည်း တွေးတောလာကြပါတယ်။ ကြိုးစားတည်ဆောက်နေရပြီး အချိန်တွေကုန်သွားကာ ဘာမှ မဖြစ်ထွန်းလာရင် စိတ်ပင်ပန်းမှုပဲ ရလာတာကို သိလာပြီးတဲ့နောက် သူတို့ဟာ ကြိုးစားတည်ဆောက်မှု မလုပ်ကြတော့ဘဲ Single တွေပဲလုပ်ကာ သူငယ်ချင်းတွေနဲ့ပဲ ပျော်ပျော်ပါးပါး အချိန်ကုန်လာကြပါတယ်။

ဘာလုပ်လုပ် အပြစ်ရှိတယ်လို့ ခံစားချက်မဝင်ဘဲ ကိုယ်အတွက်ပဲ ကိုယ်ကြည့်ပြီး လုပ်လို့ရလို့ပါ

RS ဖြစ်နေရင် ဘာလိုပဲဖြစ်ဖြစ် သူဘက်ကိုယ်ဘက် ကြည့်ပြီး ညိနှိုင်းနေရပါတယ်။ ကိုယ်လုပ်ချင်တာရှိရင်တောင် တစ်ဖက်လူအဆင်မပြေရင် မျိုသိပ်ပြီး မလုပ်ဘဲ နေရပါတယ်။ တစ်ယောက်တည်း ဖြစ်ရင်တော့ ကိုယ်လုပ်ချင်တာကို ဘယ်သူကိုမှ မငဲ့ကွက်ဘဲ အပြစ်ရှိတယ်လို့လည်း ခံစားချက်မဝင်ဘဲ စိတ်လွတ်ကိုယ်လွတ် လုပ်လို့ရပါတယ်။ UK က အမျိုးသမီး ၆၁ ရာခိုင်နှုန်းဟာ သူတို့ Single ဖြစ်နေတဲ့ အပေါ် စိတ်ညစ်တာမျိုးမရှိဘဲ ကျေနပ်နေကြပါတယ်ဆိုပြီး ကောက်ယူရရှိခဲ့ပါတယ်။

သူငယ်ချင်းကောင်းတွေရှိနေတဲ့အတွက် Single အဖြစ်နေနိုင်ခြင်း

အမျိုးသမီးတစ်ချို့က ဝမ်းနည်းကြေကွဲနေတဲ့အချိန်နဲ့ ပျော်ရွှင်နေတဲ့အချိန်မှာ ရင်ဖွင့်ပြောပြလို့ရမယ့် သူငယ်ချင်းကောင်းသာရှိရင် ချစ်သူမရှိဘဲနဲ့လည်း နေနိုင်ပါတယ်တဲ့။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က သုတေသနလုပ်တဲ့သူတွေ ရှာဖွေတွေ့ရှိတဲ့ ထူးခြားအချက်တစ်ခုက အမျိုးသမီး ၇၅ ရာခိုင်နှုန်းဟာ ချစ်သူမရှာဘဲ အတော်ကြာ နေထိုင်နေတာကို တွေ့ရှိရပါတယ်။ အဲဒီလို နေထိုင်တဲ့ အမျိုးသမီးတော်တော်များများမှာလည်း သူငယ်ချင်းကောင်းတွေ ရှိနေတာကို တွေ့ရှိရပါတယ်။ ဒီရာခိုင်နှုန်းကို တွေ့လိုက်တဲ့အခါမှာ ဘာလိုအကြောင်းတွေကြောင့်များ တစ်ကိုယ်တည်းနေထိုင်နေကြတာလဲဆိုပြီး လူတိုင်း တွေးမိကြမှာပါနော်။ အမှန်ကတော့ သူတို့ဟာ တစ်ကိုယ်တည်း နေရတာထက် အချစ်စစ်ကိုပဲ လိုချင်တဲ့အတွက် ရှာဖွေရင်းနဲ့ တစ်ကိုယ်တည်းနေရတာဟာ ပိုအဆင်ပြေပြီး တစ်ကိုယ်တည်းလည်း အခက်အခဲမရှိဘဲ နေနိုင်တာကို သိမြင်သွားတဲ့အတွက် Single တွေအဖြစ်နဲ့ပဲ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေဟာ စစ်မှန်မှုတွေရရှိမယ်ဆို ဘယ်လောက်ပဲဖြစ်ဖြစ် စောင့်နိုင်ကြသလို ခိုင်မာတဲ့ စိတ်ခံစားချက်တွေလည်း ထားရှိကြကာ အားလပ်ချိန်တွေကို သူတို့ကိုယ်သူတို့ တိုးတက်ဖို့ လုပ်ရင်းနဲ့ ကုန်ဆုံးတတ်ကြပါတယ်။ အဲဒီလိုပြုလုပ်ခြင်းကလည်း သူတို့ကို ပျော်ရွှင်စေသလို ယုံကြည်မှုတွေ တိုးစေတယ်လို့ လက်ခံယုံကြည်ထားကြပါတယ်။

ဒါ့အပြင် အခုနောက်ပိုင်း အမျိုးသမီးတွေဟာ Social Networks တွေအပေါ်မှာ အချိန်ဖြုန်းရတာ ပိုပြီးနှစ်သက်လာကာ ပိုအချိန်ကုန်ဆုံးလာကြတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေဟာ အခက်အခဲနဲ့ တွေ့လာရင်လည်း ကိုယ့်ကိုယ်တိုင် ကြိုးစားပြီးဖြေရှင်းတာမျိုး၊ သိတဲ့လူတွေကို မေးမြန်းအကူအညီတောင်းပြီး ဖြေရှင်းတာမျိုး လုပ်လာကြတဲ့အတွက် အမှီခိုကင်းကင်းနဲ့ Single ဘဝကို ဖြတ်သန်းနိုင်ကြတာ ဖြစ်ပါတယ်။ Single ဘဝကို ဖြတ်သန်းနိုင်လေလေ Single ဘဝမှာ နေရတာကို ပိုကြိုက်လာလေလေ ဖြစ်လာကြပါတယ်။ သေချာတာတစ်ခုကတော့ အမျိုးသမီးတွေဟာ Single ဖြစ်လာရင် သူငယ်ချင်းအပေါင်းအသင်းတွေ ပိုပေါလာပြီး သူငယ်ချင်းတွေနဲ့သာ အချိန်ကုန်ဆုံးကာ ပျော်ရွှင်မှုတွေ ရှာဖွေလာကြပြီး စိတ်ပျို ကိုယ်နုလာကြပါတယ်။

ဒါလေးဖတ်ပြီးတော့ Single လုပ်ချင်တဲ့စိတ်တွေ မဟားတရား ပေါ်ပေါက်လာကြပြီမှတ်လား။ ဒါပေမယ့်လည်း Single ဖြစ်ရခြင်းမှာလည်း လူသိပ်မသိတဲ့ ဆိုးကျိုးတွေလည်း ရှိကောင်းရှိနိုင်ပါတယ်နော်။ ဒါပေမယ့် နောက်ဆုံးရှာဖွေတွေ့ရှိမှုအရ Single အမျိုးသမီးတွေဟာ အပျော်ဆုံးဖြစ်တယ်ဆိုတဲ့အပေါ် ပရိသတ်ကြီးရဲ့ အမြင်ကရော ဘယ်လိုရှိပါသလဲ ဝေဖန်သုံးသပ်ပေးပါဦးနော်။ လက်ခံတယ်ဆိုရင်တော့ သုတေသနအရရှာဖွေတွေ့ရှိမှုတွေကို ကိုယ်ပတ်ဝန်းကျင်က Single လေးတွေကို လက်တို့ပြီး ပြောပြပေးလိုက်ကြဖို့ မမေ့ပါနဲ့ဦးနော်။

H.H(Akhayar)

www.akhayar.com