လူတွေရဲ့စိတ်ထဲမှာ ကျန်တဲ့တောင်းဆုတွေ မပြည့်ရင်နေပါစေ စိတ်ချမ်းသာတဲ့ တောင်းဆုလေးတော့ ပြည့်ချင်ပါတယ် ဆိုပြီး ရှိတတ်ကြတယ်မှတ်လား။လက်တွေ့ဘဝမှာ စိတ်ချမ်းသာအောင် နေဖို့ဆိုတာကလည်း လွယ်မလိုလိုနဲ့ ခက်ပါတယ်။ ဒီနေ့ခေတ်ကြီးမှာဆို ပိုလိုတောင် ခက်တယ်လို့ပြောရတော့မှာပါ။ ခေတ်မီတိုးတက်လာတဲ့ ခေတ်ကြီးကြောင့် ဖြစ်လာတဲ့ စိတ်ဖိအားတွေရော၊ လုပ်ငန်းခွင်ဖိအားတွေကြောင့်ရော၊တခြား တခြားဖိအားတွေကြောင့်ရော ပျော်ရွှင်အောင်နေဖို့ဆိုတာ စိန်ခေါ်မှုတစ်ခုလိုတောင် ဖြစ်လာပါပြီ။

ဒီခေတ်ကြီးမှာ ပျော်ရွှင်ဖို့အတွက်ကို စိတ်ပျော်ရွှင်မှုလေးတွေ တမင်တကာရှာဖွေပြီး နေရတဲ့ခေတ်ကြီး။ အဲ့ဒီလိုနေရတဲ့ခေတ်ကြီးမှာ ဒီအချက်လေးတွေကို ပေါင်းထည့်ပြီး ပြောင်းလဲနေထိုင်ကြည့်လိုပ်မယ်ဆိုရင် နေ့တိုင်းပျော်ရွှင်လာတာမျိုးတော့ မဖြစ်နိုင်ပေမယ့် စိတ်ချမ်းသာအောင် ဘယ်လိုနေရမလဲဆိုတာကိုတော့ သိလာနိုင်မှာပါနော်။ ဘယ်လိုလေးတွေ ပြောင်းလဲနေထိုင်ရမလဲဆိုတာ ကြည့်လိုက်ကြရအောင်။

Volunteer လုပ်ကြည့်ပါ

စိတ်ညစ်ပြီး စိတ်ဖိစီးမှုများနေရင် တခြားသူတွေကို ကူညီပေးလိုက်တာမျိုးလုပ်ကြည့်ပါ။ အဲဒီလို ကူညီပေးတာ၊ ကောင်းတာလေးတွေ လုပ်လိုက်တာဟာ စိတ်ခံစားချက်ကို ပြောင်းသွားစေနိုင်ပါတယ် ။ ကောင်းမှုကုသိုလ်တွေလုပ်တာ၊ တစ်ပါးသူကို ကူညီပေးတာတွေ လုပ်လိုက်ရင် ကိုယ်ဘာသာကိုယ် မကောင်းမြင်နေရာကနေ အကောင်းတွေ မြင်လာပါလိမ့်မယ်။ ဒါကြောင့် ကောင်းမှုကုသိုလ် သေးသေးလေးပဲ လုပ်နိုင်ရင်တောင်၊ အများကြီး မကူညီနိုင်ရင်တောင် လုပ်နိုင်တာလေးကိုပဲ အကောင်းဆုံးလုပ်ပေးပါ။ အဲဒီလို လုပ်လိုက်နိုင်ရင် စိတ်လည်းချမ်းသာပြီး ပျော်ရွှင်မှုလေးတွေ အနည်းငယ်ပိုင်ဆိုင်သွားမှာပါ။

volunteers

သူငယ်ချင်းနဲ့ပျော်ရွှင်မှုဖန်တီးကြည့်ပါ

စိတ်ဖိစီးမှုတွေ အရမ်းဖြစ်နေရင် ပေါ့ပေါ့ပါးပါးနဲ့ ရင်ဖွင့်လို့ရမယ့် အရင်နှီးဆုံးသူငယ်ချင်းနဲ့ တွေ့ကြည့်ပါ။ ကိုယ့်ကိုယ်နားလည်ပေးပြီး ကိုယ်ပြောသမျှ နားထောင်ပေးမယ့်သူ၊ ကိုယ့်ကိုယ်အပြစ်မတင်မယ့်သူမျိုးနဲ့ တွေ့ရင်တော့ အကောင်းဆုံးပါပဲ။ သူတို့နဲ့တွေ့ပြီဆိုရင်တော့ မကောင်းတဲ့ အတင်းအဖျင်းတွေပြောမနေဘဲ ကိုယ်ဖြစ်တဲ့ ပြဿနာကိုသာ ရင်ဖွင့်ပြောဆိုပါ။ ဒါ့အပြင် စိတ်ကို ပျော်ရွှင်လာစေမယ့် အကြောင်းအရာမျိုးကို ရွေးချယ်ပြောနိုင်အောင်ကြိုးစားတာကလည်း စိတ်သက်သာရာ ရပြီး အကောင်းဘက်ကို ပြောင်းမြင်သွားနိုင်စေပါတယ်။ ဒါမှမဟုတ်လည်း ပေါ့ပေါ့ပါးပါး သောက်ပြီး ရင်ဖွင့်တာမျိုးလည်း လုပ်လို့ရပေမယ့် နောက်နေ့မနက်မှာတော့ အရက်နာကျတာမျိုး ဖြစ်တတ်ျတာကိုတော့ သတိပြုပါနော်။

တရားထိုင်ကြည့်ပါ

စိတ်တည်ငြိမ်အေးချမ်းပြီး ပျော်ရွှင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကောင်းတစ်ခုကတော့ တရားထိုင်ကြည့်တာပါပဲ။ တရားထိုင်ဖို့ အချိန်သိပ်မရဘူးဆိုရင်တောင် အေးချမ်းတဲ့နေရာမှာ မျက်လုံးမှိတ်ပြီး တစ်နေ့ကို ၁၅ မိနစ်လောက် ဝင်လေထွက်လေ ရှုကြည့်ပါ။ အဲဒီလို အသက်ရှုလေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ စိတ်နဲ့ခန္ဓာကိုယ်ကို အကျိုးပြုစေမယ့် ကောင်းတဲ့အကြောင်းလေးတွေကိုပဲ တွေးပါ။ အဲဒီဆိုရင် ပူလောင်တဲ့စိတ်တွေ အေးချမ်းသွားပြီး မကောင်းမြင်စိတ်တွေလည်း လျော့နည်းသွားမှာပါ။

Mediation

ပြုံးပါ

အပြုံးက စိတ်ဖိစီးမှုတွေကို ပြေပျောက်စေတယ်လို့ ပြောရင်တော့ ယုံမလားမသိဘူး။ ယုံတာမယုံတာ နောက်ထားပါ ပြုံးဖို့တော့ တိုက်တွန်းချင်ပါတယ်။ ဘာကြောင့် ပြုံးခိုင်းလဲဆိုတော့ ပြုံးလိုက်တဲ့အခါမှာ ဦးနှောက်ကနေ Dopamine ဟော်မုန်းတွေ ထွက်ရှိလာလို့ပါ။ ဒါပေမယ့်လည်း အပြုံးတုကြီး ပြုံးပြီးနေရင်တော့ Dopamine ဟော်မုန်းထွက်ရှိမှာ မဟုတ်ပါဘူးနော်။ပြုံးရင်လည်း အပြုံးစစ်နဲ့ ပြုံးနိုင်အောင် ကြိုးစားကြည့်ပါ။ ဘယ်လိုမှ မပြုံးနိုင်ရင် ဘဝမှာအပျော်ဆုံးဖြစ်ခဲ့ရတဲ့ အချိန်ကို ပြန်စဉ်းစားပြီး ပြုံးတဲ့အကျင့်လလေး လုပ်ကြည့်ပါ။

smile

လေ့ကျင့်ခန်းလုပ်ကြည့်ပါ

လေ့ကျင့်ခန်းလုပ်တာဟာ ခန္ဓာကိုယ့်ကို နာကျင်ကိုက်ခဲမှုတွေ ဖြစ်ကောင်းဖြစ်နိုင်စေပေမယ့် စိတ်ကိုတော့ ပေါ့ပါးသွားစေနိုင်ပါတယ်။ Depression ဝင်နေရင် လမ်းလေးနည်းနည်းလျှောက်ပေးပြီး နေရောင်ခြည်နဲ့ ထိတွေ့ကြည့်ပါ။ မနက်ခင်းပိုင်းမှာ မိနစ်အနည်းငယ်လောက် အကြောလျော့ပေးတာမျိုးလည်း လုပ်ပေးလို့ရပါတယ်။ ဒါမှမဟုတ်လည်း စိတ်ဖိစီးမှုလျော့ကျစေတဲ့ Yoga Class လေးတွေ တက်ကြည့်ပါ။ ပျော်စရာကောင်းမယ်ထင်တဲ့ Activity မျိုးစုံကိုလည်း လုပ်ကြည့်ပြီး ဘယ် Activity လေးက ပျော်စေလဲဆိုတာကို မှတ်သားထားပြီး စိတ်ဖိစီးမှုဖြစ်တိုင်း လုပ်ပြီး ဖြေဖျောက်ကြည့်ပါနော်။

Making Exercise

 

အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးမဝရင် ခေါင်းကိုက်လာပြီး စိတ်တွေရှုပ်တာမျိုးတွေ ဖြစ်တတ်ကြတယ်မှတ်လား။ စိတ်ရှုပ်တာမျိုးတွေမဖြစ်စေဖို့ ခေါင်းကြည့်နေစေဖို့ တစ်နေ့ကို ခုနစ်နာရီ (သို့) ရှစ်နာရီလောက်တော့ အိပ်ရေးဝဝ အိပ်ပေးပါ ။ အိပ်ရာဝင်ခါနီး မိနစ်သုံးဆယ်လောက်အလိုထဲက မီးတွေ၊ တယ်လီဖုန်းတွေနဲ့ ဒီဂျစ်တယ်ပစ္စည်းတွေကို ကြိုပိတ်ထားပါ။ အိပ်ရေးဝဝအိပ်စက်နိုင်ဖို့ အစာအစားတွေကို အလွန်အကျူးစားသုံးတာမျိုး မလုပ်ပါနဲ့။ အိပ်ချိန်လေးပုံမှန်ထားရှိပြီး အိပ်ပေးတာကလည်း အနားကောင်းကောင်းယူတာမျိုးဖြစ်စေပြီး ကောင်းကောင်းအိပ်ပျော်စေပါတယ်။ ဒါကြောင့်မို့ အိပ်ရေးမဝလို့ စိတ်ရှုပ်၊ စိတ်တိုတာမျိုး မဖြစ်စေဖို့ လုံလုံလောက်လောက် အိပ်ပေးပါလို့ တိုက်တွန်းချင်ပါတယ်။

Sleeping girl
လူရယ်လို့ဖြစ်လာရင် စိတ်ဖိစီးမှုဆိုတာ မကင်းနိုင်လို့ စိတ်ဖိစီးမှုတွေ ကြုံလာရင် ဒီနည်းလမ်းလေးတွေကို သုံးပြီး တိုက်ထုတ်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ စိတ်ဖိစီးမှုကင်းတဲ့ လူနေမှုဘဝကို အားလုံးပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

H.H(Akhayar)

www.akhayar.com