ကာဖင်း (Caffine) ဓါတ် ဘယ်လောက်ပမာဏက လူကိုထိခိုက်စေသလဲ

ကာဖင်း (Caffine) ဓါတ် သုံးစွဲမှုလွန်သွားတယ်ဆိုတာက တကယ်တော့ ဖြစ်တောင့်ဖြစ်ခဲပြဿနာပါ။ ဒါမျိုးကအများအားဖြင့် ကာဖင်းဓါတ်ပါဝင်တဲ့ ဆေးပြား (ဒါမှမဟုတ်) ကာဖင်းအမှုန့်တွေကို သုံးစွဲမှသာဖြစ်လေ့ရှိပါတယ်။ ပုံမှန်အဖျော်ယမကာတွေ သောက်သုံးရင်းနဲ့တော့ ဖြစ်လေ့မရှိပါဘူး။ ကာဖင်းလွန်မှုအကြောင်းလေ့လာနေတဲ့ ဆွီဒင်နိုင်ငံ Linkoping တက္ကသိုယ်က Alex Wayne Jones ကတော့ “ကာဖင်း၊ အယ်ကိုဟော နဲ့ ဆေးခြောက်အကုန်လုံးက လူကိုလန်းဆန်းစေတဲ့ မူးယစ်ဆေးဝါးတွေဖြစ်ပါတယ်။ အဲ့ဒီအထဲမှာမှ ကာဖင်းကအန္တရာယ်အကင်းဆုံးပါ။” လို့ပြောထားပါတယ်။ ဒါပေမယ့် ကာဖင်းဘယ်လောက်ပမာဏလောက်ရောက်ရင် လူကိုထိခိုက်စေနိုင်တယ်ဆိုတာကိုတော့ သိထားသင့်ပါတယ်။ ဒါမှလည်း ချင့်ချိန်နိုင်မှာပါ။

ကာဖင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများ

ကာဖင်းက ဦးနှောက်၏ ဗဟိုအာရုံကြောစနစ်ကို လှုံဆော်ပေးတဲ့ဓါတ်တစ်မျိုးဖြစ်ပါတယ်။ နောက်ပြီး အရွယ်ရောက်ပြီးတဲ့လူတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ကာဖင်းဓါတ်ပါဝင်တဲ့ လက်ဖက်ရည်၊ ကော်ဖီ၊ ဆိုဒါ နဲ့အခြားအဖျော်ယမကာတွေကို နေ့စဉ်သောက်သုံးလေ့ရှိပါတယ်။ ဒီတရားဝင် မူးယစ်ဆေးဝါးဟာ လူကိုလန်းဆန်းတက်ကြွစေတဲ့အပြင် သိစိတ်ရဲ့လုပ်ဆောင်မှုကို တိုးတက်စေပြီး ရေတိုမှတ်ဥာဏ်ကိုလည်း ကောင်းမွန်စေပါတယ်။ ဒါကြောင့်ပုံမှန်ကော်ဖီသောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် ကောင်းကျိုးရနိုင်တယ်လို့ပြောကြခြင်းဖြစ်ပါတယ်။ ကော်ဖီပုံမှန်သောက်တဲ့သူတွေက နှလုံးသွေးကြောနဲ့ဆက်စပ်တဲ့ရောဂါတွေနဲ့ Type 2 အမျိုးအစားဆီးချိုရောဂါဖြစ်နိုင်စွမ်းကို လျော့ကျစေပါတယ်။ အမေရိကန်ကဝိတ်လျော့ဖို့လမ်းညွှန်မှုတွေမှာလည်း တစ်နေ့ကို ကော်ဖီ သုံးခွက်ကနေ ငါးခွက်လောက်အထိသောက်ဖို့လမ်းညွှန်လေ့ရှိကြတာကိုလည်း တွေ့ရပါတယ်။

အမေရိကန်ကလူတွေက တစ်နေ့ကို ကော်ဖီနှစ်ခွက်လောက် ပျှမ်းပျသောက်သုံးလေ့ရှိပါတယ်။ ဒါဟာတစ်နေ့ကိုကာဖင်း 100 mg ကနေ 200 mg လောက်အထိ သုံးစွဲတယ်ဆိုတဲ့သဘောပါ။ အားဖြည့်အချိုရည် (Energy Drink) တွေကတော့ ကာဖင်း 50 mg ကနေ 300 mg လောက်အထိပါလေ့ရှိပါတယ်။ ဆော်ဒါတစ်ဗူးမှာတော့ 70 mg အောက်လျော့နည်းပြီး ပါလေ့ရှိပါတယ်။ အရွယ်ရောက်ပြီး လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ကာဖင်းဓါတ် 400 mg ထက်ပိုမိုပြီးသုံးစွဲခဲ့မယ်ဆိုရင် ကတုန်ကယင်ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်တိုလွယ်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေပါမယ်။အမေရိကန် ကလေးသူငယ်များကျန်းမာရေးလေ့လာမှုအဖွဲ့အစည်းကြီးက ၁၂ နှစ်ကနေ ၁၈ နှစ်အတွင်းရှိတဲ့

ကလေးတွေအတွက် တစ်နေ့ကာဖင်းဓါတ် 100 mg အောက်သာသုံးစွဲဖို့ အကြံပေးထားပါတယ်။ ဒါဟာတစ်နေ့ကို တစ်ခွက်နှုန်းထက်မပိုဖို့ အကြံပေးတဲ့သဘောပါ။ ကာဖင်းဓါတ်ဟာ နှလုံးခုန်နှုန်းကို မြန်ဆန်စေသလို ခန္ဓာတွင်း သွေးစီးဆင်းမှုကိုလည်း အနှောက်အယှက်ပေးပါတယ်။ အရမ်းများပြားသွားခဲ့ရင်တော့ အသက်ကိုတောင်စိုးရိမ်ရပါမယ်။

ဒါပေမယ့် တချို့တစ်နေ့ကို ကော်ဖီ ၆ ခွက် ဒါမှမဟုတ် ၆ ခွက်ထက်ပိုပြီးသောက်နိုင်တဲ့သူတွေကို တွေ့ကောင်းတွေ့ဖူးမှာပါ။ အဲ့ဒီလိုလူမျိုးတွေက ဘာမှမဖြစ်ပဲနဲ့ တစ်ခါတစ်လေ တစ်ခွက်လောက်သောက်ပြီး ကတုန်ကယင်ဖြစ်နေတဲ့သူတွေလည်း ရှိပါတယ်။ ဒါကတော့ရှင်းပါတယ်။ သူတို့တွေက ကာဖင်းဓါတ်ကိုပိုမိုခံနိုင်ရည်ရှိလို့ပါ။ နောက်ပြီး ဒါက နှလုံးရောဂါအပါအဝင် အခြားကျန်းမာရေးအခြေအနေတွေနဲ့လည်းဆိုင်ပါသေးတယ်။ တကယ်လို့ ကိုယ်က ကာဖင်းဓါတ်ကိုပုံမှန်မှီဝဲနေကြမဟုတ်ဘူးဆိုရင် ပုံမှန်သုံးစွဲနေတဲ့သူတွေလို ခံနိုင်ရည်ရှိမှာမဟုတ်ပါဘူး။

ကာဖင်းဓါတ် ဘယ်လောက်ပမာဏဆိုရင် လူကိုအန္တရာယ်ဖြစ်စေသလဲ

တစ်နေ့ထဲမှာ အချိန်တိုအတွင်း ကော်ဖီအခွက် ၃၀ လောက်သောက်မယ်ဆိုရင် အဆိပ်သင့်သလိုခံစားမှုမျိုးခံစားရပါမယ်။ လက္ခဏာတွေက ပျို့အန်မယ်၊ ဝမ်းဗိုက်တစ်ဝိုက်မှာ နာကျင်မှုကို ခံစားရမယ်၊ သတိလွတ်ချင်သလိုလိုဖြစ်မယ်၊ အခန့်မသစ်ရင် လေဖြတ်သလိုပါဖြစ်နိုင်ပါတယ်။ အဲ့ဒီထက်ပိုပြီးဆိုးလာမယ်ဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ သွေးပြန်ကြောတွေကျဉ်းသွားမယ်၊ သွေးလည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက် နှလုံးခုန်နှုန်းအရမ်းမြန်လာပြီး ပုံမမှန်ဖြစ်မယ်၊ သွေးဖိအားကျဆင်းလာပြီး သတိလွတ်သွားနိုင်သလို တစ်ခါတစ်ရံအသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

Forbes မဂ္ဂဇင်းမှာ Tara Haelle ရေးသားထားတာကတော့ “ဒီလိုဖြစ်ရပ်တွေဟာ တကယ်ရှိပါတယ်။ ဒါပေမယ့်အဖျော်ယမကာတစ်မျိုးတည်းသောက်သုံးနေတဲ့သူတွေမှာတော့ တွေ့ရခဲပါတယ်တဲ့။” ဆေးပညာရပ်ဆိုင်ရာ လေ့လာမှုစစ်တမ်းတွေမှာတော့ ၁၉၅၉ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း ကဖင်းနဲ့ပက်သက်ပြီးသေဆုံးမှုဖြစ်စဉ် ၄၅ ခုသာရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ၂၀၁၇ ခုနှစ်အတွက်လုပ်ထားတဲ့လေ့လာမှုမှာတော့ သေဆုံးမှု ၅၁ ခုအထိရှိခဲ့ပါတယ်တဲ့။ သေဆုံးရတဲ့ အဓိကအကြောင်းရင်းက သွေးထဲမှာ ကာဖင်းပမာဏအလွန်အမင်းများပြားနေလို့ပါ။

ကော်ဖီတစ်ခွက်မှာ ပုံမှန်ဆိုရင် ကာဖင်းဓါတ် 100 mg လောက်ပါဝင်ပြီး သွေးထဲကို 5 (သို့မဟုတ်) 6 mg/L လောက်အထိရောက်စေပါတယ်။ ၂၀၁၇ မှာ ကာဖင်းဓါတ်လွန်ပြီးသေဆုံးခဲ့တဲ့သူတွေရဲ့ သွေးတွေကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ ပျှမ်းပျှ 180 mg/L လောက်အထိ ပါဝင်နေတာကိုတွေ့ရပါတယ်။ ဒါဟာ ပုံမှန်ကော်ဖီသောက်သူတစ်ယောက်အတွက် အခွက် ၃၀ လောက်ကို အချိန်သိပ်မခြားပဲသောက်မှ သွေးထဲရောက်နိုင်တဲ့ပမာဏပါ။

အားဖြည့်အချိုရည် (Energy Drink) တွေကတော့ ကော်ဖီထက် ကာဖင်းဓါတ်ပိုမိုပါဝင်ပါတယ်။ ပျှမ်းပျှအားဖြည့်အချိုရည်တစ်ဘူးမှာ ကာဖင်း 300 mg လောက်ပါဝင်ပါတယ်။ တကယ်လို့အားဖြည့်အချိုရည် ၁၀ ဘူးလောက်ကို အချိန်မခြားဘဲဆက်တိုက်သောက်မယ်ဆိုရင်တော့ ဒါဟာအန္တရာယ်ဖြစ်စေနိုင်ပါတယ်။ နောက်ထပ်အန္တရာယ်ဖြစ်စေနိုင်တာတစ်ခုကတော့ အရက်နှင့်အားဖြည့်အချိုရည်တွေ ရောသောက်တာပါ။ ဒါကတော့အရက်အမျိုးအစားအများကြီး ရှိတဲ့အတွက် တွက်ချက်ခန့်မှန်းပြောဖို့ခက်ပါတယ်။

၂၀၁၇ ခုနှစ်ရဲ့ကဖင်းဓါတ်လွန်မှုကြောင့်သေဆုံးမှုတွေကို လေ့လာရာမှာတော့ ထက်ဝက်လောက်က ကိုယ့်ကိုယ်ကို သက်သေမှုတွေဖြစ်နေတာကိုတွေ့ရပါတယ်။ ချုပ်ပြီးပြောရရင်တော့ ကာဖင်းဓါတ်လွန်မှုတွေ အဓိကဖြစ်ကြတာက ကာဖင်းအမှုန့်တွေ သုံးစွဲလို့ပါ။ ဒါတွေကို အနောက်နိုင်ငံတွေမှာ ကာဖင်းဖြည့်စွက်စာ (Caffien Supplement) လို့ခေါ်ဝေါ်ပြီး တွင်တွင်ကျယ်ကျယ်သုံးစွဲကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ခေတ်စားခြင်းမရှိသေးပါဘူး။ အမေရိကန်နိုင်ငံရဲ့ FDA ကပြောကြားထားတာကတော့ ဒီလိုကာဖင်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကကော်ဖီ ၂၈ ခွက်လောက်သောက်တာနဲ့ အကြမ်းဖျဉ်းညီမျှပါတယ်တဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်အရာမဆိုတန်ဆေးလွန်ဘေးပါ။ ကော်ဖီပဲဖြစ်ဖြစ်၊ ကာဖင်းဓါတ်များပြားတဲ့ အားဖြည့်အချိုရည်တွေပဲဖြစ်ဖြစ် အလွန်အကျွံ မသုံးစွဲသင့်ပါဘူး။ အရက်နဲ့အားဖြည့်အချိုရည်ရောသောက်ကြတဲ့ ဘော်ဒါတွေလည်း အစစအရာအရာ သတိထားကြပါ။ ဘယ်လောက်ပဲကြိုက်ကြိုက် ကော်ဖီဆိုလည်း တစ်နေ့ကို ခွက် ၃၀ ထက်ပိုမသောက်ပါနဲ့။ အားဖြည့်အချိုရည်တွေဆိုရင်လည်း ၁၀ ဗူး ထက်ပိုသောက်ကြပါနဲ့လို့ သတိပေးလိုက်ပါရစေ။

မင်းသုခ (အခရာ)

(www.akhayar.com)

Ref: www.vox.com