မာလာနဲ့ပတ်သက်တာ အစုံရတဲ့ ရေကျော်ရထားလမ်းဘေးက မာလာရှမ်းကောဆိုင်လေး

ဒီနေ့တော့ ရေကျော်ရောက်တိုင်း မာလာရှမ်းကော စားချင်လာရင် အမြဲသွားသွားထိုင်တတ်တဲ့ မာလာရှမ်းကောဆိုင်လေးအကြောင်း အခရာက ပြောပြချင်ပါတယ်။

မာလာရှမ်းကောစားတိုင်း တစ်ခုမဟုတ်တစ်ခုစိတ်တိုင်းမကျတဲ့ ကိုယ့်ဟာကိုယ်အနေနဲ့တော့ ဒီ Shwe Spicy ဆိုတဲ့ မာလာရှမ်းကောဆိုင်လေးက အရသာကို တော်တော်လေးကို သဘောကျမိပါတယ်။

သူက တစ်ဆိုင်တည်းမှာ (၃) မျိုးခွဲရောင်းတာ။ ပထမတစ်မျိုးက မာလာရှမ်းကော၊ ဒုတိယတစ်မျိုးက မာလာနဲ့ရတဲ့ဟင်းပွဲတွေ တခြားစားစရာတွေ၊ တတိယတစ်မျိုးကတော့ Thai Milk Tea လေးတွေ၊ Bubble Tea လေးတွေ ရတယ်။

ပထမဆုံး ဒီဆိုင်မှာထိုင်ချင်တာက အေးအေးဆေးဆေးရယ် လွတ်လွတ်လပ်လပ်ရယ် ခံစားမှု ၂ မျိုးရတယ်။ ဆိုင်ထဲက သစ်သားခုံကြီးတွေနဲ့ အုံ့မှိုင်းမှိုင်းပုံစံလေးဖန်တီးထားတယ်။ ဆိုင်အပြင်ဘက်ကကျ ရထားသံလမ်းဘေးက နေရာလွတ်လေးမှာ သစ်ပင်လေးတွေစိမ်းစိမ်းစိုစိုနဲ့ သစ်သားခုံပြားကြီးတွေနဲ့ ဆိုင်ထိုင်ရတာသဘေကျသူတွေအတွက် တစ်နေကုန်တစ်နေခမ်းထိုင်ပါလိမ့်။

နောက်တစ်မျိုး သတိထားမိတာက ဈေးနှုန်း။ မာလာရှမ်းကောအနေနဲ့တခြား မာလာနဲ့အစားအစာတွေ၊ ဈေးပုံမှန်ပဲလို့ ဆိုရပေမယ့် Ice Tea နဲ့ဖျော်ရည်လေးတွေက ဈေးတော်တော်သက်သာတယ်။ ၁၀၀၀၊ ၁၂၀၀ ဝန်းကျင်လေး။ ဒီခေတ်မှာ အအေးကောင်းကောင်းတစ်ခွက်ဆို အနည်းဆုံး ၂၀၀၀ ရှိချိန် ၁၀၀၀ လောက်ဆိုတော့ ဒါ တော်တော်တန်တဲ့ထဲမှာပါတယ်။

ကဲ…ပထမဆုံး မာလာရှမ်းကောကို ကြိုက်တာလေးတွေချည်း ရွေးပြီး ထည့်တယ်။ ချိန်တယ်။ ခေါက်ဆွဲ ၂ထုပ်၊ ဝက်သားပြားတွေ၊ ထိုင်ဝမ်မုန်ညင်း၊ အသားနည်းနည်း၊အပ်မှိုနဲ့ ချိန်တော့ ၆၀၀၀ ဝန်းကျင်ကျတယ်။ မဆိုးဘူးလေ နော်။ မာလာ အနှစ်ဖိုး ၁၀၀၀ တော့ ယူပါသတဲ့။

Shwe Spicy ရဲ့ မာလာရှမ်းကောက စပ်တယ်၊ ငရုပ်သီးနံ့ မွှန်မွှန်လေးနဲ့ အနှစ်မခြောက်တခြောက်လေး၊ သဘောကျတာက အငန်လျှော့စရာတကူးတကမလိုဘဲ စပ်ပြီးလေးတယ်ဆိုရုံလေး၊ ပြီးတော့ အထုံစေ့တွေလျှော့ခိုင်းတဲ့အတိုင်း တကယ်အထုံလျော့တယ်။ ပြောသလိုဖြစ်တဲ့အရသာမျိုးရယ်၊စပ်တာကြောင့်ရယ် Shwe Spicy က မာလာရှမ်းကောကို ပိုသဘောကျပါတယ်။

မာလာဝက်အူစုံတဲ့။ သူကကျ ဝက်ကိုတောင် အူစုံမဟုတ်ဘဲ အူမကြီးနဲ့အဆုတ် ကို မာလာအရသာချဉ်ချဉ်စပ်စပ်လေး အိုးနဲ့ချပေးတာ။ အူတွေနည်းပြီး တခြားအစာပလာနဲ့အရည်နဲ့ကို တစ်ပွဲ ၄၀၀၀ က ကြိုက်ရင် တန်မယ်မကြိုက်ရင်မတန်ဘူး။

မာလာအာလူးသုပ်ကတော့ ဒီက မာလာအာလူးသုပ်စားပြီး ကျန်တာမစားချင်တော့ဘူး။ အာလူးကို အချောင်းလိုက်မဟုတ်ဘဲ အပြားလိုက်လေး မာလာအနှစ်နိုင်နိုင်မွှေးမွှေးနဲ့ သုပ်ပေးတာ။ မဆိုးဘူး အရသာရှိတယ်။ မဆိုးတာထက် တော်တော်ကောင်းတယ်။ အာလူးပြားလေးတွေထဲ မာလာအနှစ်တွေဆိမ့်ဝင်နေတာ ရှယ်ပဲ။

တခြား မာလာအူစုံတုတ်ထိုးတို့၊မာလာနဲ့ပတ်သက်တာတော်တော်များများရတယ်။ ဈေးတွေကတော့ သုံး၊ လေးထောင် ဝန်းကျင်ရှိတယ်။ အရသာကတော့ မဆိုးဘူးလို့ ထင်ပါတယ်။

အအေးကတော့ ရောက်တိုင်း သောက်ဖြစ်တာ ချဉ်စူးစူးလေးနဲ့ အရသာကောင်းတဲ့ ပန်းလိမ္မော်ဖျော်ရည်သောက်စေချင်ပါတယ်။ ၁၀၀၀ တည်းပေးရတယ်။

ညနေ နေစောင်း ရေကျော်မီးရထားလမ်းဘေးမှာ အေးအေးဆေးဆေး သစ်ရိပ်လေးနဲ့ သဘာဝဆန်ဆန် မာလာရှမ်းကောလေးစားချင်ရင်တော့ Shwe Spicy ကိုလုံးဝ Recommend ပေးပါတယ်။

ရေကျော် ရထားသံလမ်းဘေးကပ်ရက်မှာ Shwe Spicy ဆိုတဲ့ဆိုင်းဘုတ်လေးနဲ့ မနက် ၉ခွဲလောက်က စဖွင့်ပါတယ်။ သွားစားကြည့်ကြည့်ဦးနော်။ တခြားဆို တာမွေ Ocean အပေါ်ဆုံးထပ်နဲ့ စမ်းချောင်းမှာလည်း ရှိတယ်လို့ကြားပါတယ်။

ချစ်လှစွာသော
FoodieEi (Akhayar)