ခေတ်တွေ တိုးတက်ပြောင်းလဲလာတဲ့အခါ ပထမဆုံးချိန်းတွေ့ကြလို့ ဆိုင်ထိုင်တဲ့အခါ ယောကျာ်းလေးကပဲ ပိုက်ဆံရှင်းပေးသင့်သလား ဒါမှမဟုတ် မိန်းကလေးကပဲ ရှင်းသင့်သလားဆိုတာ မေးခွန်းထုတ်စရာတစ်ခုအနေနဲ့ ဖြစ်လို့လာပါပြီ။ ဘာကြောင့်လဲဆိုတော့ ယောကျာ်းလေး မိန်းကလေး ခွဲခြားမှုက တဖြည်းဖြည်းနည်းပါးလားတဲ့အတွက် ဒီလို မေးခွန်းထုတ်လာရခြင်း ဖြစ်ပါတယ်။ ဒီမေးခွန်းအတွက် ပြီးပြည့်စုံတဲ့ အဖြေတော့ မရှိသေးပေမယ့် ဒီအချက်လေးတွေနဲ့ခ်ျိန်ထိုးပြီး ကြည့်မယ်ဆိုရင်တော့ အနည်းအကျဉ်း အထောက်အကူရစေမှာ သေချာပါတယ်။

(၁) တတ်နိုင်တဲ့နေရာမျိုးကိုပဲချိန်းဆိုပါ

ပထမဆုံးချိန်းဆိုမှုမှာ ဘယ်လိုဖြစ်လာမလဲဆိုတာ သေချာမသိနိုင်ပါဘူး။ ပထမဦးဆုံးချိန်းတွေ့လိုက်တာနဲ့ ဒီလူကိုကြိုက်တာလည်း ဖြစ်နိုင်သလို နောက်ထပ်လုံးဝမတွေ့ချင်တော့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့်မို့ ကိုယ်ပဲဖြစ်ဖြစ် သူပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးနဲ့ ရှင်းနိုင်တဲ့ နေရာမျိုးလည်းဖြစ်ပြီး လူလည်းနည်းနည်းများတဲ့ နေရာကို ရွေးချယ်သင့်ပါတယ်။ လူများတဲ့နေရာကို ရွေးချယ်ခိုင်းတာကတော့ ပထမဆုံးချိန်းတွေ့မှုမှာ ဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက်ပါ။ အထင်ကြီးမှုရရှိဖို့တစ်ခုတည်းအတွက်နဲ့ ဈေးကြီးတဲ့နေရာမှာ ချိန်းတွေ့လိုက်ဖို့ မသင့်ပါဘူး။ တစ်ခါတည်းနဲ့တွေ့လို့ ကြိုက်သွားရင် ကိစ္စမရှိပေမယ့် မဟုတ်ရင် စိတ်ထဲမှာ တနုံ့နုံ့နဲ့ နှမြောတသ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့်မို့ ပထမဆုံးတွေ့တဲ့အခါ နေရာကို သေချာလေးရွေးချယ်သင့်ပါတယ်။

(၂) အပြင်းအထန်တောင်းဆိုခဲ့ရင်

ခေတ်အဆက်ဆက်သတ်မှတ်လာတဲ့ ရှေးရိုးစွဲ အယူအဆတွေအရဆိုရင် ချိန်းတွေ့တဲ့အခါ ယောကျာ်းလေးတွေကသာ ရှင်းရတာ များပါတယ်။ ဒါပေမယ့်လည်း ချွင်းချက်အနေနဲ့ အမျိုးသမီးဘက်က အတင်းအကျပ်တောင်းဆိုခဲ့ရင်တော့ ရှင်းခွင့်ပေးလိုက်ပါ။ အဲ့ဒီလို အမျိုးသမီးဘက်က ရှင်းလိုက်ပြီဆိုရင်လည်း သူမကို ကျေးဇူးတင်ကြောင်းလေး ပြောဖို့တော့ မမေ့ပါနဲ့နော်။ သူရှင်းမယ် ကိုယ်ရှင်းမယ်ဆိုပြီး ငြင်းခုံနေရတာမျိုး မဖြစ်ချင်ဘူးဆိုရင်တော့ ချိန်းဖို့စပြောတဲ့သူက ရှင်းတဲ့စည်းမျဉ်းကို ကျင့်သုံးရအောင်လို့ အကြံပြုကြည့်လိုက်ပါ။

(၃) အလွန်အကျွံဖြစ်နေခဲ့ရင်

တချို့တွေက ချိန်းတွေ့တဲ့အခါမျိုးမှာ အားမနာလျှာမကျိုး Menu ထဲက ဈေးနှုန်းကို မဖတ်ဘဲ မှာချင်တာတွေ စွတ်မှာပြီး စားတာမျိုးရှိတတ်ပါတယ်။ အဲဒီလို အလွန်အကျွံမှာစားနေပြီဆိုရင်တော့ ကိုယ်က ယဉ်ကျေးမှု သိသူကြီးလုပ်ပြီး သူစားတာကို ရှင်းပေးတာမျိုး လုပ်စရာမလိုပါဘူး။ဘာကြောင့်လဲဆိုတော့ သူကတောင် ယဉ်ကျေးမှုမသိဘဲ တစ်ဖြဲနှစ်ဖြဲစားထားတာဖြစ်တဲ့အတွက် ကုန်ကျစရိတ်ကို နှစ်ယောက်တူတူခွဲရှင်းဖို့ အကြံပြုကာ အညီအမျှခွဲရှင်းပါ။ ပထမဆုံးချိန်းတွေ့မှုမှာတင် ငွေကုန်ကြေးကျ အမြောက်အမြားခံခဲ့ရင် နောက်ပိုင်းမှာလည်း အကျင့်ဖြစ်ပြီး ကိုယ်ကပဲ ရှင်းရတာမျိုး ဖြစ်ရတတ်ပါတယ်။

(၄)အရူးအဖြစ်မခံပါနဲ့

ဒီအချက်ကတော့ ပထမဆုံးချိန်းတွေ့မှုနဲ့တော့ သိပ်မဆိုင်ပါဘူး။ ပထမဆုံးချိန်းတွေ့တဲ့ အချိန်မျိုးမှာ ယောကျာ်းလေးဘက်က ရှင်းခဲ့တယ်ဆိုပေမယ့်လည်း နောက်ပိုင်းဆက်တိုက်ချိန်းတွေ့မှုတွေမှာ ယောကျာ်းလေးကပဲ ရှင်းနေရသေးတယ်ဆိုရင် အဆင်မပြေလှပါဘူး။ တစ်ယောက်တည်းကပဲ ဒိုင်ခံရှင်းနေရတယ်ဆိုရင်တော့ နောက်ပိုင်းမှ ရှေ့ဆက်သွားဖို့ အဆင်မပြေသလို ငွေရေးကြေးရေးစီမံခန့်ခွဲမှု အပိုင်းမှာလည်း အခက်ကြုံလာနိုင်ချေရှိပါတယ်။ ကိုယ်က အမြဲတမ်းရှင်းပေးဖို့ သေချာတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ ကိုယ်ကိုယ်တိုင်က မုန့်ဖိုးကို အကန့်အသတ်နဲ့ပဲ သုံးစွဲရရင်တော့ ဒီကိစ္စကို ကြိုတင်ညှိနှိုင်းသင့်ပါတယ်။

ဒီလောက်ဆိုရင်တော့ ပထမဆုံးချိန်းတွေ့တဲ့အခါမှာ ဘယ်သူရှင်းရင် အဆင်ပြေဆုံးဖြစ်မလဲဆိုတာကိုတော့ ဒီအချက်တွေနဲ့ ချိန်ထိုးပြီး စဉ်းစားဆုံးဖြတ်လို့ ရလောက်ပြီ ထင်ပါတယ်။ အောက်မေ့တသဖြစ်ဖွယ် ပျော်ရွှင်ချမ်းမြေ့တဲ့ ပထမဆုံးချိန်းဆိုမှုလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

H.H(Akhayar)

www.akhayar.com