ဒီတစ်ပတ်ရဲ့ စီးရီးအေပွဲစဉ်(၂၈)မှာတော့ ဂျူဗင်တပ်စ်အသင်းဟာ အဝေးကွင်းမှာ ဂျီနိုအာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ( ၀ – ၂ )နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဂျီနိုအာ ၂ – ၀ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်ဟာ ဒီပွဲမှာ စီရော်နယ်လ်ဒို Cristiano Ronaldo ကို အနားပေးထားတာကြောင့် အသင်းရဲ့ တိုက်စစ်ပိုင်းကို ဒီဘားလား Dybala နဲ့ မန်ဇူကစ် Mandzukic တို့ကဦးဆောင်လာခဲ့ပါတယ်။ ပထမပိုင်းမှာ ဂျီနိုအာအသင်းဟာ ပုံစံကောင်းကို ပြနိုင်ခဲ့ပြီး မာမာထန်ထန်ကစားနိုင်ခဲ့တာကြောင့် ဂျူဗင်တပ်စ်အသင်း ရုန်းကန်ခဲ့ရပါတယ်။ ဂျူဗင်တပ်စ်အသင်း ကတော့ ဒီဘားလား ၊ မန်ဇူကစ် တို့ရဲ့ တွဲလုံးတွေကနေ ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဒီအနေအထားကလည်း အလုပ်မဖြစ်ခဲ့ပါဘူး။ ပထမပိုင်းမှာ ဂျီနိုအာအသင်း ဂိုးရနိုင်မယ့် အခွင့်အရေးတွေရရှိခဲ့ပေမယ့် ဂျူဗင်တပ်စ်ဂိုးသမား ပါရင် Perin လက်စွမ်းပြကာကွယ်နိုင်ခဲ့သလို ဂျီနိုအာကစားသမားတွေရဲ့ အဆုံးသတ်ပိုင်းကလည်း အားနည်းခဲ့တာကြောင့် သက်သာရာရခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဂျီနိုအာအသင်းဟာ ပုံစံကောင်းကို ဆက်ပြနိုင်ခဲ့သလို ဂျူဗင်တပ်စ်အသင်းကလည်း ပထမပိုင်းက ထက်ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ပွဲချိန်မိနစ်(၆၀)မှာတော့ ဂျီနိုအာအသင်းဟာ ပန်ဒက်ဗ် Pandev ကို ထည့်သွင်းကစားခဲ့ပြီး သူဝင်လာတဲ့နောက်ပိုင်းမှာ အသင်းရဲ့တိုက်စစ်ပိုင်းက ပိုကောင်းလာခဲ့ပါတယ်။ ပွဲချိန်(၇၂)မိနစ်မှာတော့ ဂျီနိုအာအသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး ဒီဂိုးကိုတော့ ဂျူဗင်တပ်စ်ကစားသမားဟောင်း စတူရာရို Sturaro ဂိုးဧရိယာထိပ်ကနေ ကန်သွင်းယူခဲ့တာပါ။ ပွဲချိန်(၈၁)မိနစ်မှာတော့ ဂျီနိုအာအသင်း အနိုင်သေချာစေမယ့် ဒုတိယဂိုးရရှိခဲ့ပြီး ဒီဂိုးကိုတော့ ပန်ဒက်ဗ် ကရရှိလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ဒီပွဲကို ရှုံးနိမ့်ခဲ့တာကြောင့် ဒီရာသီ စီးရီးအေပထမဆုံး ရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရပါတယ်။ ရှုံးပွဲထက် ပိုအရေးကြီးခဲ့တာကတော့ ဒီရာသီအဝေးကွင်းခြေစွမ်းအားနည်းတဲ့ အနေအထားနဲ့ စီရော်နယ်လ်ဒို မပါရင် ဂိုးမရတော့တဲ့ အနေအထားတွေဖြစ်ပြီး ဒီအခြေအနေတွေကို နည်းပြအယ်လီဂရီ Allegri အနေနဲ့ အမြန်ဆုံး ပြင်ဆင်သွားဖို့လိုအပ်နေပါတယ်။

Photo: Squawka Football
Ko Kyue(Akhayar)
www.akhayar.com