စီးရီးအေကနေ ချန်ပီယံလိဂ်ဝင်ခွင့် လက်ကျန်(၂)နေရာကိုတော့ အားလုံးသိတဲ့အတိုင်း အတ္တလန်တာ ၊ အင်တာမီလန် ၊ အေစီမီလန် နဲ့ ရိုးမားတို့က နောက်ဆုံးအချိန်ထိ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ စီးရီးအေနောက်ဆုံးပွဲမှာတော့ (၄)သင်းလုံးဟာ နိုင်ပွဲကိုယ်စီရရှိခဲ့ကြပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ အခွင့်အလမ်းပိုသာနေကြတဲ့ အတ္တလန်တာ နဲ့ အင်တာမီလန်တို့က ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲမှာ အသာရခဲ့ကြပါတယ်။

အင်တာမီလန် ၂ – ၁ အမ်ပိုလီ

ဒီပွဲနိုင်တာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာဖြစ်တဲ့ အင်တာမီလန်အသင်းကတော့ လိုအပ်နေတဲ့ နိုင်ပွဲတစ်ပွဲကို ပုံဖော်နိုင်ခဲ့တာပါ။ ဒါပေမဲ့ လွယ်လွယ်ကူကူနဲ့ နိုင်ပွဲရခဲ့တာတော့ မဟုတ်ဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အင်တာမီလန်အသင်းအတွက် ဦးဆောင်ဂိုးကိုတော့ ပွဲချိန်(၅၁)မိနစ်မှာ Blade က တစ်ကိုယ်တော်အစွမ်းနဲ့ သွင်းယူခဲ့တာပါ။ အင်တာမီလန် တိုက်စစ်မှူး အီကာဒီ Icardi ကို အမ်ပိုလီဂိုးသမား Drągowski တားဆီးပုံကြမ်းတမ်းခဲ့တာကြောင့် ပွဲချိန်(၆၁)မိနစ်မှာ အင်တာမီလန်အသင်း ပယ်နယ်တီကန်ခွင့်ရရှိခဲ့ပေမယ့် အီကာဒီ ရဲ့ကန်ချက်ကို Drągowski ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန်(၇၆)မိနစ်မှာတော့ Traore က အမ်ပိုလီအသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့တာကြောင့် အင်တာမီလန်အသင်းဖိအားဝင်ခဲ့ရပြီး ပွဲကပိုစိတ်ဝင်စားစရာကောင်းလာခဲ့ပါတယ်။ အင်တာမီလန်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရစေမယ့် အဖိုးတန်အနိုင်ဂိုးကိုတော့ ပွဲချိန်(၈၁)မိနစ်မှာ ရရှိခဲ့တာဖြစ်ပြီး ဂိုးဧရိယာထိပ် ကန်ချက်ကနေ တိုင်ထိထွက်လာတဲ့ ဘောလုံးကို နိုင်ဂိုလန် Nainggolan က ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။

အတ္တလန်တာ ၃ – ၁ ဆာဆူအိုလို

အတ္တလန်တာအသင်းအတွက်လည်း ဒီနိုင်ပွဲဟာ လွယ်ကူခဲ့တာတော့ မဟုတ်တော့ပါဘူး။ ဆာဆူအိုလိုအသင်းရဲ့ တုံ့ပြန်အားကလည်း အကောင်းဆုံးမှာရှိခဲ့ပြီး အတ္တလန်တာအသင်းကို အကောင်းဆုံးဖိအားပေးနိုင်ခဲ့ပါတယ်။ ပွဲဟာလည်း ကြမ်းတမ်းမှုတွေရှိခဲ့ပြီး ဆာဆူအိုလိုကစားသမားတွေဖြစ်တဲ့ ဘရာဒီ Berardi က ပွဲချိန်(၄၅+၅)မှာ တိုက်ရိုက်အနီ ၊ Magnanelli က ပွဲချိန်(၈၃)မိနစ်မှာ (၂)၀ါ(၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဆာဆူအိုလိုအသင်း ကစားသမားလျော့သွားမှ အတ္တလန်တာ ကအသာရခဲ့တာဖြစ်ပြီး ဦးဆောင်ဂိုးကိုတော့ ဆာဆူအိုလိုအသင်းက စရခဲ့တာဖြစ်သလို ပွဲချိန်(၁၉)မိနစ်မှာ ဘရာဒီ က သွင်းယူခဲ့တာဖြစ်ပါတယ်။ အတ္တလန်တာအသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန်(၃၅)မိနစ်မှာ ဇာပါတာ Zapata က သွင်းယူခဲ့တာဖြစ်ပြီး ဒုတိယဂိုးနဲ့ တတိယဂိုးကိုတော့ ပွဲချိန်(၅၃)မိနစ်နဲ့ (၆၅)မိနစ်တွေမှာ Gomez နဲ့ Pasalic တို့ကသွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီဟာ အတ္တလန်တာအသင်းအတွက် ကောင်းမွန်တဲ့ ဘောလုံးရာသီဖြစ်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၁၈-၁၉ ရာသီ စီးရီးအေပြိုင်ပွဲအနှစ်ချုပ်

ချန်ပီယံ – ဂျူဗင်တပ်စ်
ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းများ – ဂျူဗင်တပ်စ် ၊ နာပိုလီ ၊ အတ္တလန်တာ ၊ အင်တာမီလန်
ယူရိုပါလိဂ်ဝင်ခွင့်ရအသင်းများ – အေစီမီလန် ၊ ရိုးမား ၊ လာဇီယို
တန်းဆင်းအသင်းများ – အမ်ပိုလီ ၊ ဖရိုဆီနိုနီ ၊ ချီယေဗို
သွင်းဂိုးအများဆုံးကစားသမား – ကွာဂလီရယ်လာ ( ၂၆ ဂိုး)
စုစုပေါင်းသွင်းဂိုး – ၁၀၁၉ (တစ်ပွဲပျမ်းမျှ ၂.၆၈ ဂိုး)
အိမ်ကွင်းအကြီးမားဆုံးနိုင်ပွဲ – ဖီအိုရင်တီးနား ၆ – ၁ ချီယေဗို ၊ အင်တာမီလန် ၅ – ၀ ဂျီနိုအာ
အဝေးကွင်းအကြီးမားဆုံးနိုင်ပွဲ – ဖရိုဆီနိုနီ ၀ – ၅ ဆမ်ဒိုးရီးယား ၊ ဖရိုဆီနိုနီ ၀ – ၅ အတ္တလန်တာ
နှစ်သင်းပေါင်းသွင်းဂိုးအများဆုံးပွဲ – ဆာဆူအိုလို ၅ – ၃ ဂျီနိုအာ ၊ ဆာဆူအိုလို ၂ – ၆ အတ္တလန်တာ ၊ ဆာဆူအိုလို ၃ – ၅ ဆမ်ဒိုးရီးယား
ပွဲဆက်အများဆုံး အနိုင်ရခဲ့တဲ့အသင်း – ဂျူဗင်တပ်စ် (၈)ပွဲ
ပွဲဆက်အများဆုံး မရှုံးနိမ့်ခဲ့တဲ့အသင်း – ဂျူဗင်တပ်စ် (၂၇)ပွဲ
ပွဲဆက်အများဆုံး နိုင်ပွဲပျောက်ခဲ့တဲ့အသင်း – ချီယေဗို (၁၈)ပွဲ
ရှုံးပွဲဆက် အများဆုံးအသင်း – ချီယေဗို (၇)ပွဲ
ပရိသတ်ကြည့်ရှုမှု အများဆုံးပွဲ – အင်တာမီလန် ၁ – ၀ အေစီမီလန် (၇၈၇၂၅ ဦး)
ပရိသတ်ကြည့်ရှုမှု အနည်းဆုံးပွဲ – SPAL ၁ – ၀ ပါးမား (၇၀၀၀ ဦး)
စုစုပေါင်းပရိသတ်ကြည့်ရှုမှု – ၉၁၉၉၆၄၉ ဦး
တစ်ပွဲပျမ်းမျှ ပရိသတ်ကြည့်ရှုမှု – ၂၄၉၃၁ ဦး

Photo: Inter Milan Twitter , Atalanta Twitter , Soccer – NBC Sports
Ko Kyue(Akhayar)
www.akhayar.com