ဂျူဗင်တပ်စ် ၄ – ၃ နာပိုလီ

စီးရီးအေရဲ့ ထိပ်သီးအသင်း(၂)သင်း ထိပ်တိုက်တွေ့တဲ့ပွဲဖြစ်နေပြီး ပွဲချိန်အတွင်းအလှည့်အပြောင်းတွေရှိခဲ့သလို အပြန်အလှန်သွင်းဂိုးတွေကိုလည်း မြင်တွေ့ခဲ့ရတာကြောင့် ဖျော်ဖြေမှုပေးနိုင်တဲ့ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ (၂)သင်းလုံးကတော့ လက်ရှိအတောင့်တင်းဆုံး လူစာရင်းတွေနဲ့ပဲ ပွဲထွက်ခဲ့ကြတာဖြစ်ပါတယ်။ ဦးဆောင်ဂိုးကိုတော့ ပွဲချိန်(၁၆)မိနစ်မှာ ဂျူဗင်တပ်စ်အသင်းက စရခဲ့တာဖြစ်ပြီး တန်ပြန်တိုက်စစ်ကနေ ဒေါက်ဂလက်စ်ကော်စတာ Douglas Costa ဖန်တီးပေးလိုက်တဲ့ ဘောလုံးကို ကစားသမားသစ် ဒန်နီလို Danilo က ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဂိုးရပြီး သိပ်မကြာခင် ပွဲချိန်(၁၉)မိနစ်မှာတော့ ဂျူဗင်တပ်စ်အသင်း ဒုတိယဂိုးထပ်ရခဲ့သလို တိုက်စစ်မှူး ဟီဂွါအင် Higuaín က ဂိုးဧရိယာထဲမှာ နာပိုလီနောက်ခံလူ ကူလီဘလီ Koulibaly ကို တစ်ချက်လှည့်ထွက်ပြီး ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ အသင်းဟောင်းဘက်ကို ဂိုးသွင်းယူခဲ့တာပါ။ အချိန်ခဏလေးအတွင်းမှာပဲ (၂)ဂိုးဆက်ပေးလိုက်ရတာကြောင့် နာပိုလီအသင်းကစားကွက်တည်ရခက်ခဲခဲ့သလို ဂျူဗင်တပ်စ်ကွင်းလယ်လူ ခီဒီရာ Khedira ရဲ့ ကန်ချက်တစ်ကြိမ်ကလည်း ဘားတန်းထိထွက်ခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ နာပိုလီနည်းပြအန်ဆယ်လော့တီ Ancelotti ဟာ အပြောင်းအလဲတစ်ခုလုပ်ခဲ့ပြီး အင်ဆစ်ဂ်နီ Insigne အစား လိုဇာနို Lozano ကိုထည့်သွင်းအသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် ဂိုးထပ်ရသွားတဲ့ အသင်းကတော့ ဂျူဗင်တပ်စ်အသင်းဖြစ်ပြီး ပွဲချိန်(၆၂)မိနစ်မှာ ဒေါက်ဂလက်စ်ကော်စတာ ချိုးပေးလိုက်တဲ့ ဘောလုံးကို စီရော်နယ်လ်ဒို Cristiano Ronaldo က အလိုက်သင့်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ လက်ရှိဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ကစားပုံမှာ ဒေါက်ဂလက်စ်ကော်စတာ ဟာ အရေးပါတဲ့နေရာမှာရှိနေပြီး ဒီပွဲမှာလည်း သွင်းဂိုး(၂)ဂိုးဖန်တီးပေးနိုင်ခဲ့သလို ကန်ချက်တစ်ကြိမ်ကလည်း ဘားတန်းထိထွက်ခဲ့ပါတယ်။ လိုဇာနို ၀င်ရောက်လာပြီးတဲ့ အချိန်မှာတော့ နာပိုလီအသင်းတိုက်စစ်ပြန်တက်လာခဲ့ပြီး ပွဲချိန်(၆၆)မိနစ်မှာ ချေပဂိုးတစ်ဂိုးပြန်ရခဲ့ပါတယ်။ ဒီဂိုးကိုတော့ နာပိုလီနောက်ခံလူသစ် မာနိုလက်စ် Manolas က ပြစ်ဒဏ်ဘောကနေ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ခေါင်းတိုက်သွင်းယူခဲ့တာပါ။

ပထမချေပဂိုးရအပြီး သိပ်မကြာခင် ပွဲချိန်(၆၈)မိနစ်မှာ လိုဇာနို က နာပိုလီအတွက် ဒုတိယချေပဂိုး သွင်းယူခဲ့သလို ပွဲချိန်(၈၁)မိနစ်မှာ ညာနောက်ခံလူ ဒီလော်ရန်ဇို Di Lorenzo က ပြစ်ဒဏ်ဘောကနေ ရရှိလာတဲ့ အခွင့်အရေးကို ပိတ်သွင်းပြီး တတိယချေပဂိုးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ နာပိုလီအသင်းရဲ့ အံအားသင့်ဖွယ်ပြန်လာမှုနဲ့ အတူတစ်ဖက်(၃)ဂိုးစီနဲ့ သရေဖြစ်တော့မယ်လို့ ထင်မှတ်နေတဲ့အချိန်မှာပဲ ပွဲရဲ့ကြီးမားတဲ့ အလှည့်အပြောင်းကို မြင်တွေ့ခဲ့ရပါတယ်။ ဒီအလှည့်အပြောင်းကိုဖန်တီးခဲ့တဲ့သူကတော့ နာပိုလီနောက်ခံလူ ကူလီဘလီ ဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းရဲ့ ပြစ်ဒဏ်ဘောကန်ချက်ကို ဖျက်ထုတ်ရင်း ပွဲချိန်(၉၂)မိနစ်မှာ ကိုယ်ဂိုးကိုယ်သွင်းယူမိခဲ့တာဖြစ်ပါတယ်။ ဒီအနေအထားဟာ နာပိုလီအသင်းအတွက် ကံဆိုးမှုတစ်ခုဖြစ်ခဲ့ပေမယ့် ဂျူဗင်တပ်စ်အသင်းအတွက်တော့ ကံကောင်းမှုတစ်ခုဖြစ်ခဲ့ပြီး စီးရီးအေ(၂)ပွဲဆက်အနိုင်ရရှိတာလည်း ဖြစ်ခဲ့ပါတယ်။

Photo: Juventus Twitter , Goal.com
Ko Kyue(Akhayar)
www.akhayar.com