ဒီတစ်ပတ် ကြားရက်ထဲမှာတော့ စီးရီးအေပွဲစဉ်(၃၀)ကို ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ဂျူဗင်တပ်စ်ဟာ အဝေးကွင်းမှာ ကာဂလီယာရီအသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

ကာဂလီယာရီ – ဂျူဗင်တပ်စ် ( ဗုဒ္ဓဟူးမနက် ၁း၃၀ နာရီ )

ကာဂလီယာရီအသင်းရဲ့ ခြေစွမ်းဟာ လက်ရှိမှာ အတက်ဘက်ကို ရောက်နေပြီး စီးရီးအေနောက်ဆုံး (၂)ပွဲဆက် အနိုင်ရရှိထားပါတယ်။ ဂျူဗင်တပ်စ်မှာတော့ ဒီပွဲအတွက် ဘာဖိအားမှမရှိပေမယ့် အခုချိန်ထိ စီရော်နယ်လ်ဒို Cristiano Ronaldo မပါရင် ဂိုးရဖို့ခက်ခဲပြီး အနိုင်ရဖို့ ရုန်းကန်ရတယ်ဆိုတဲ့ အစဉ်အလာဆိုးကနေ ဖောက်ထွက်နိုင်ခြင်းမရှိသေးပါဘူး။ ပြီးခဲ့တဲ့ အမ်ပိုလီနဲ့ ပွဲမှာလည်း မွိုက်ဆီကင်း Moise Kean ရဲ့ဂိုးနဲ့ကပ်နိုင်ခဲ့ပေမယ့် အဲဒီတစ်ဂိုးရဖို့ တော်တော်လေးကို ခက်ခဲခဲ့ပြီး တိုက်စစ်ပိုင်းက အားနည်းချက်တွေများခဲ့ပါတယ်။ ဂျူဗင်တပ်စ်အတွက် နောက်ထပ်ဆိုးရွားတဲ့အချက်ကတော့ ဒီရာသီအဝေးကွင်းခြေစွမ်းအားနည်းတာဖြစ်ပါတယ်။ ကာဂလီယာရီအသင်းဟာ အိမ်ကွင်းခြေစွမ်းမာကျောပြီး အိမ်ကွင်းမှာ ရမှတ်ရယူနိုင်စွမ်းမြင့်တဲ့အသင်းဖြစ်တာကြောင့် ဂျူဗင်တပ်စ်အနေနဲ့ ထပ်ပြီးရုန်းကန်ရဖို့ ရှိနေပါတယ်။ နည်းပြ အယ်လီဂရီ Allegri အနေနဲ့ အသင်းရဲ့ အားနည်းချက်တွေကို ပြင်ဆင်သွားဖို့လိုနေပြီး မဟုတ်ရင်တော့ သူ့ရဲ့အနာဂတ်က လှုပ်ခတ်မှုတွေရှိလာနိုင်ပါတယ်။ ဒီပွဲဟာ သရေကျဖို့များတဲ့ပွဲဖြစ်ပြီး ဂျူဗင်တပ်စ် အနိုင်ရရင်လည်း ကပ်နိုင်ရုံလောက်ပဲဖြစ်နိုင်ပါတယ်။

ကာဂလီယာရီ – ဂျူဗင်တပ်စ် ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး (၅)ကြိမ်

Juventus 3 – 1 Cagliari
Cagliari 0 – 1 Juventus
Juventus 3 – 0 Cagliari
Cagliari 0 – 2 Juventus
Juventus 4 – 0 Cagliari

Photo: Juventus Twitter , Soccer Highlights Daily , Goal.com
Ko Kyue(Akhayar)
www.akhayar.com