၂၀၁၉ – ၂၀၂၀ စီးရီးအေပြိုင်ပွဲကတော့ လာမယ့် စနေနေ့မှာ စတင်ယှဉ်ပြိုင်သွားမှာဖြစ်တာကြောင့် ပြိုင်ပွဲစတင်ဖို့ (၃)ရက်သာလိုပါတော့တယ်။ ဒါကြောင့် အခု ဒီ Article မှာတော့ စီးရီးအေအသင်းကြီးတွေရဲ့ လက်ရှိအနေအထားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Juventus

ဂျူဗင်တပ်စ်အသင်းရဲ့  လတ်တလော ခြေစမ်းပွဲရလဒ်တွေကတော့ သိပ်ပြီးကျေနပ်စရာ မရှိပါဘူး။ ဒါပေမယ့် စီးရီးအေပြန်စရင်တော့ ဂျူဗင်တပ်စ်က ဂျူဗင်တပ်စ်ပဲဖြစ်လာဦးမှာပါ။ စီးရီးအေမှာ ဂျူဗင်တပ်စ်အသင်းကို ယှဉ်နိုင်တဲ့အသင်းမရှိသလို လက်ရှိ အသင်းရဲ့ လူစာရင်းကလည်း အရင်ထက်အများကြီးပိုကောင်းလာတာကြောင့် ဒီနှစ်မှာ စီးရီးအေချန်ပီယံဆုကို ဂျူဗင်တပ်စ်အသင်းမရရင်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်လာမှာပါ။ ဂျူဗင်တပ်စ်အသင်းရဲ့ လူစာရင်းက နေရာတစ်နေရာမှာ ကစားသမားကောင်း(၂)ဦးလောက်ရှိနေတာကြောင့် တခြား စီးရီးအေကလပ်အသင်းတွေထက် လူစာရင်းနဲ့ စုဖွဲ့မှုက ခေါင်းတစ်လုံးမကပိုမြင့်နေပါတယ်။

စီးရီးအေချန်ပီယံဆုကို နောက်ဆုံး(၈)နှစ်ဆက် ဗိုလ်စွဲထားတဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ ဒီရာသီလိုအပ်နေတဲ့ အောင်မြင်မှုက ချန်ပီယံလိဂ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ချန်ပီယံလိဂ်ဆုဖလားကို လိုချင်လို့လည်း စီရော်နယ်လ်ဒို Cristiano Ronaldo ကိုခေါ်ထားတာဖြစ်သလို တခြားကောင်းမွန်တဲ့ အပြောင်းအရွှေ့တွေကိုပါ လုပ်ဆောင်ပေးထားတာဖြစ်ပါတယ်။ နည်းပြဆာရီ Sarri အတွက်တော့ ဂျူဗင်တပ်စ်အသင်းကို တာဝန်ယူရတာက ရေကန်အသင့် ကြာအသင့်ဖြစ်သလို တစ်ချက်လေး အမှားလိုက်တာနဲ့လည်း ခံသွားရဖို့ရှိနေပါတယ်။ ဆာရီ ဟာ သူမှန်တယ်ထင်ရင် အကုန်လုပ်တတ်တဲ့ ခေါင်းမာတဲ့အကျင့်ကိုတော့ ဂျူဗင်တပ်စ်အသင်းမှာ အနည်းငယ်ပြင်ဆင်သင့်တယ်လို့ ထင်မိပြီး စီရော်နယ်လ်ဒို နဲ့ စီနီယာကစားသမားတွေရဲ့ ထောက်ခံမှုတွေကို ရယူထားဖို့ လိုအပ်ပါတယ်။

လက်ရှိ ဂျူဗင်တပ်စ်အသင်းမှာ ဆာရီ လုပ်ဆောင်သွားရမယ့် အချက်တွေရှိနေပါတယ်။ ဒါတွေကတော့ ပြီးခဲ့တဲ့ရာသီကလိုအပ်ချက်တွေနဲ့ လတ်တလောလိုအပ်ချက်တွေပါပဲ။ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ်အသင်းဟာ အဝေးကွင်းခြေစွမ်းအားနည်းခဲ့သလို အဝေးကွင်းမှာ ခြေစွမ်းပိုင်း မာကျောတဲ့အသင်းတွေနဲ့တွေ့ရင်လည်း အမြဲလိုလို ရုန်းကန်ခဲ့ရပါတယ်။ ဒါ့အပြင် ပွဲစဉ်တစ်ချို့မှာလည်း လျော့တိလျော့ရဲကစားတတ်တာတွေရှိခဲ့တာကြောင့် နည်းပြဆာရီ အနေနဲ့ အဝေးကွင်းခြေစွမ်းကို တိုးတက်အောင်လုပ်ဆောင်ပြီး အသင်းကိုလည်း စုစည်းမာကျောမှုရှိအောင် လုပ်ဆောင်သွားရမှာပဲဖြစ်ပါတယ်။ လတ်တလောလိုအပ်ချက်ကတော့ ဂျူဗင်တပ်စ်အသင်းနဲ့ ကိုက်ညီတဲ့ ကစားကွက်ကို ပုံဖော်သွားနိုင်ဖို့ပဲဖြစ်ပါတယ်။ နည်းပြဆာရီရဲ့ အကြိုက်ကစားကွက်ကတော့ ၄-၃-၃ ဖြစ်ပြီး ဒီပုံစံထဲမှာ ဂျူဗင်တပ်စ်ကစားသမားတွေကို အကောင်းဆုံးဖြစ်အောင် နေရာချပေးသွားရမှာပါ။ လက်ရှိအသင်းရဲ့ လူစာရင်းက ဆရာတွေများနေတာကြောင့် ဆာရီ အနေနဲ့အသင်းကို သတိကြီးကြီးထားပြီး ကိုင်တွယ်သွားဖို့ လိုတယ်လို့ ထင်ပါတယ်။

ဂျူဗင်တပ်စ်အသင်းရဲ့ ရှေ့ ၊ လယ် ၊ နောက် ၊ ဂိုး နေရာစုံဟာ ပြီးပြည့်စုံမှုရှိနေသလို ကစားကွက် ၊ နည်းဗျူဟာနဲ့ နည်းစနစ်ပိုင်း ကို လိုသလို ပြောင်းလဲလို့ရတဲ့ အခြေအနေမှာလည်း ရှိနေပါတယ်။ ဒီလိုမျိုး အသင်းတစ်သင်းရဲ့ လိုအပ်ချက်ကတော့ ဆုဖလားအောင်မြင်မှုတွေဖြစ်တာကြောင့် ဂျူဗင်တပ်စ်အသင်း ဟာ ဒီရာသီမှာ ကစားသမျှပြိုင်ပွဲတိုင်းမှာ ချန်ပီယံဖြစ်မှပဲ အောင်မြင်တယ်လို့ ယူဆကြရပါလိမ့်မယ်။

အခု ပရိသတ်တွေအတွက် စီးရီးအေအသင်းကြီးတွေရဲ့ လက်ရှိအနေအထားများ အပိုင်း(၁)ကို ဖော်ပြပေးသွားတာဖြစ်ပါတယ်။ အပိုင်း(၂)မှာ ကျန်ရှိနေတဲ့ အသင်းကြီးတွေအားလုံးကို စုစည်းပြီးဖော်ပြပေးသွားမှာဖြစ်တာကြောင့် ဆက်လက်စောင့်မျှော်အားပေးကြပါဦး …

Photo: Juventus Twitter
Ko Kyue(Akhayar)
www.akhayar.com