၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီ စီးရီးအေပြိုင်ပွဲကတော့ ပြီးဆုံးဖို့ လက်ကျန်(၈)ပွဲသာလိုပါတော့တယ်။ ဒီရာသီ စီးရီးအေရဲ့ ချန်ပီယံအသင်းအဖြစ် ဂျူဗင်တပ်စ်အသင်းက အားလုံးသိတဲ့အတိုင်း စောစောစီးစီး အောင်ပွဲခံခဲ့တာကြောင့် ပြိုင်ပွဲအပေါ် ပရိသတ်စိတ်ဝင်စားမှု လျော့ကျခဲ့ပေမယ့် လက်ရှိအချိန်ထိ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲကတော့ ပြင်းထန်နေဆဲပါ။ စီးရီးအေကနေ ချန်ပီယံလိဂ်ဝင်ခွင့်ကို ဂျူဗင်တပ်စ် နဲ့ နာပိုလီ တို့က ရရှိခဲ့ပြီဖြစ်ပေမယ့် လက်ကျန်(၂)နေရာအတွက်တော့ အသင်း(၄)သင်းအပြိုင်ဖြစ်နေကြပြီး ဒီအသင်းတွေကတော့ အတ္တလန်တာ ၊ အင်တာမီလန် ၊ အေစီမီလန် နဲ့ ရိုးမားတို့ပါပဲ။

ဒီ(၄)သင်းမှာတော့ အတ္တလန်တာအသင်းက ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့ အခြေအနေအကောင်းဆုံးမှာရှိနေပါတယ်။ အတ္တလန်တာအသင်း ဟာ လက်ရှိစီးရီးအေမှာ ရမှတ်(၆၆)မှတ်နဲ့ အဆင့်(၃)နေရာမှာရပ်တည်နေပြီး စီးရီးအေနောက်ဆုံးပွဲမှာဆာဆူအိုလိုအသင်းနဲ့ အိမ်ကွင်းပွဲ ကစားသွားရမှာဖြစ်သလို ဒီရာသီထိပ်တိုက်တွေ့ဆုံမှုမှာလည်း အင်တာမီလန်နဲ့ ရိုးမားတို့ကို အသာရထားပါတယ်။ အတ္တလန်တာရဲ့ နောက်မှာတော့ အင်တာမီလန်အသင်းက ရမှတ်(၆၆)မှတ်နဲ့ အဆင့်(၄)နေရာမှာရှိနေပြီး စီးရီးအေနောက်ဆုံးပွဲမှာ အမ်ပိုလီအသင်းနဲ့ အိမ်ကွင်းပွဲ ကစားသွားရမှာဖြစ်တာကြောင့် ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်နိုင်ခဲ့ရင် အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်မှာဖြစ်ပါတယ်။

စီးရီးအေရဲ့ အဆင့်(၅)နေရာမှာတော့ အေစီမီလန်က ရမှတ်(၆၅)မှတ်နဲ့ ရှိနေပြီး ရိုးမားအသင်းကတော့ ရမှတ်(၆၃)မှတ်နဲ့ အဆင့်(၆)နေရာမှာရှိနေပါတယ်။ ဒီအသင်းတွေထဲမှာတော့ ရိုးမားအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ အားအနည်းဆုံးဖြစ်နေပြီး စီးရီးအေနောက်ဆုံးပွဲမှာ ပါးမားအသင်းနဲ့ အိမ်ကွင်းပွဲကစားသွားရမှာဖြစ်ပါတယ်။ အေစီမီလန်အသင်းကတော့ ဒီရာသီထိပ်တိုက်တွေ့ဆုံမှုမှာ အတ္တလန်တာနဲ့ ရိုးမားတို့ကို အသာရထားပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရချင်ရင်တော့ စီးရီးအေနောက်ဆုံးပွဲမှာ Spal ကို အဝေးကွင်းမှာ အနိုင်ကစားဖို့လိုသလို အတ္တလန်တာနဲ့ အင်တာမီလန်အသင်းတွေကလည်း ခြေချော်ဖို့လိုအပ်နေပါတယ်။

Photo: Bleacher Report Football , Futaa
Ko Kyue(Akhayar)
www.akhayar.com