၂၀၁၉ – ၂၀၂၀ စီးရီးအေပြိုင်ပွဲကတော့ လာမယ့် စနေနေ့မှာ စတင်ယှဉ်ပြိုင်သွားမှာဖြစ်တာကြောင့် ပြိုင်ပွဲစတင်ဖို့ (၂)ရက်သာလိုပါတော့တယ်။ ဒါကြောင့် အခု ဒီ Article မှာတော့ စီးရီးအေ အသင်းကြီးတွေရဲ့ လက်ရှိအနေအထားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Napoli

နာပိုလီအသင်းရဲ့ လက်ရှိလူစာရင်းနဲ့ စုဖွဲ့မှုက စီးရီးအေမှာ တောင့်တင်းတဲ့ အနေအထားမှာရှိတယ်လို့ ပြောလို့ရပါတယ်။ အခုဆိုရင်လည်း PSV လူငယ်တောင်ပံကစားသမား လိုဇာနို Lozano ကိုခေါ်ယူနိုင်တော့မှာဖြစ်တာကြောင့် အရင်ကထက် အသင်းပိုကောင်းလာမှာ သေချာပါတယ်။ နာပိုလီအသင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ စီးရီးအေမှာ ဂျူဗင်တပ်စ်အသင်း လွှမ်းမိုးမှုကို အဆုံးသတ်ဖို့ ဖြစ်ပြီး ရာသီတိုင်းလိုလိုကြိုးစားနေပေမယ့် အခုထက်ထိတော့ မအောင်မြင်သေးပါဘူး။ ဒီရာသီမှာတော့ နာပိုလီအသင်း ဂျူဗင်တပ်စ်ရဲ့လွှမ်းမိုးမှုကို အဆုံးသတ်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ နာပိုလီနည်းပြ အန်ဆယ်လော့တီ Ancelotti ကလည်း အတွေ့အကြုံကောင်းပြီး အောင်မြင်မှုကို ဘယ်လိုယူရမလဲဆိုတာ သေချာသိနေသူဖြစ်တာကြောင့် ဒီရာသီ သူ့ရဲ့နာပိုလီအသင်းက အရင်ကထက်ပိုစောင့်ကြည့်ချင်စရာကောင်းနေတာ အမှန်ပါပဲ။ ဒီရာသီမှာ နာပိုလီအသင်း အဓိကပြင်ဆင်ရမှာကတော့ မထင်မှတ်ဘဲ ရမှတ်တွေဆုံးရှုံးတတ်တဲ့ အနေအထားဖြစ်ပြီး ဒါကိုပြင်ဆင်နိုင်ရင်တော့ ဂျူဗင်တပ်စ်အသင်းကို အရင်ကထက်ပိုဖိအားပေးနိုင်မှာ သေချာပါတယ်။

Inter Milan

မန်စီနီ Mancini ၊ မော်ရင်ဟို Mourinho တို့လက်ထက် က စီးရီးအေကို လွှမ်းမိုးခဲ့တဲ့ အင်တာမီလန်အသင်းဟာ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ ပုံရိပ်ကျဆင်းလာခဲ့ပြီး လတ်တလော အခြေအနေမှာဆိုရင် အသင်းက ကစားသမားအစုံအလင် ကို ပရိသတ်တချို့မသိတဲ့ အနေအထားမျိုးတောင်ဖြစ်လာပါတယ်။ ဒီအနေအထားတွေကြောင့် ပြီးခဲ့တဲ့ရာသီကစပြီး အင်တာမီလန်အသင်းဟာ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်အောင် ကြိုးပမ်းလာခဲ့ပြီး စီးရီးအေအောင်မြင်မှုရထားတဲ့ နာမည်ကျော်နည်းပြ ကွန်တီ Conte ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့သလို ကစားသမားကောင်းတွေဖြစ်တဲ့ ဂိုဒင် Godín နဲ့ လူကာကူ Lukaku တို့ကိုလည်း ခေါ်ယူထားပါတယ်။ ကွန်တီ နဲ့ လူကာကူ တို့ကြောင့် ဒီရာသီ အင်တာမီလန်အသင်းရဲ့ အနေအထားက အရင်ကထက်ပိုစိတ်ဝင်စားစရာကောင်းခဲ့ပြီး ဂျူဗင်တပ်စ်အသင်းကိုလည်း ဖိအားပေးနိုင်မယ့် အသင်းတစ်သင်းထက်တိုးလာတယ်လို့ ယူဆထားပါတယ်။ ဒီရာသီမှာ အင်တာမီလန်အသင်း ဆုဖလားအောင်မြင်မှုတစ်ခုခုရယူနိုင်ရင် အကောင်းဆုံးဖြစ်လိမ့်မယ်ဆိုပေမယ့် အရင်ကထက်ပိုသာတဲ့ အနေအထားမျိုး စွမ်းဆောင်နိုင်ရင်ဘဲ ကျေနပ်ကြရမှာဖြစ်ပါတယ်။

Roma / AC Milan

ဒီ(၂)သင်းကတော့ ဒီရာသီမှာလည်း ပြီးခဲ့တဲ့ ရာသီက အနေအထားမျိုးလောက်ပဲ ဖြစ်လာမယ်လို့ ထင်ပါတယ်။ လက်ရှိမှာ ရိုးမားအသင်းဟာ အားဖြည့်မှုတွေပြုလုပ်ပေမယ့် သာမန်အနေအထားမျိုးတွေပဲ ဖြစ်နေပြီး ဂျက်ကို Dzeko ကို စာချုပ်သက်တမ်းတိုးခဲ့တာကသာ ရင်ခုန်စရာဖြစ်ခဲ့တာပါ။ အေစီမီလန်အသင်းကလည်း အားဖြည့်မှုတွေလုပ်ထားပေမယ့် သိပ်ပြီး ထိုးထွက်လာမယ့် ပုံစံမှာရှိမနေပါဘူး။ အေစီမီလန်အသင်းမှာကလည်း တိုက်စစ်မှူး ပီယာတက် Piątek လောက်သာ စိတ်ဝင်စားစရာရှိတာကြောင့် ဒီ(၂)သင်းက ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရင်ဘဲ အောင်မြင်ပြီလို့ သတ်မှတ်ရပါလိမ့်မယ်။

Photo: Napoli Twitter , Inter Milan Twitter , Inter Milan Facebook , Hadalsame Media
Ko Kyue(Akhayar)
www.akhayar.com