ရီးယဲလ်အသင်းဥက္ကဌ ဖလော်ရင်တီနိုပီရက်ဇ် Florentino Perez က အသင်းခေါင်းဆောင် ရာမို့စ် Sergio Ramos ဟာ ရီးယဲလ်အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ စပိန်နာမည်ကျော် ရေဒီယိုဌာနတစ်ခုဖြစ်တဲ့ Onda Cero နဲ့ အင်တာဗျူးမှာ ပီရက်ဇ်က အခုလိုအတည်ပြုခဲ့တာဖြစ်ပြီး ရာမို့စ်ကို တရုတ်ကလပ်တစ်သင်းက မြင့်မားတဲ့လစာငွေပေး ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့လည်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။ အခုလောလောဆယ် ရာမို့စ်ရဲ့ ရီးယဲလ်အသင်းအနာဂတ်က သေချာမှု မရှိဖြစ်နေပြီး သူနဲ့ ပီရက်ဇ်အကြား ဆက်ဆံရေးက တင်းမာနေတာကြောင့် ဒီနွေရာသီအပြောင်းအရွှေ့အတွင်း ရာမို့စ်အသင်းပြောင်းမယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါပြီ။

ပီရက်ဇ်က “ရာမို့စ်နဲ့ သူ့အေးဂျင့်တို့ဟာ ကျွန်တော့်ရုံးခန်းထဲမှာ လာတွေ့ပြီး တရုတ်ကလပ်တစ်ခုကနေ မက်မောလောက်စရာ ကမ်းလှမ်းမှုရထားတယ်လို့ အသိပေးခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်စူပါလိဂ်ရဲ့ စည်းမျဉ်းတွေအရ ပြောင်းရွှေ့ကြေးပေးမှာ မဟုတ်ဘူးလို့လည်း သူတို့က ပြောခဲ့ပါသေးတယ်။ အဲဒီတော့ ကျွန်တော် သူ့ကို ဘာပြောရမှာလဲ။ အဲဒီလိုမျိုးတော့ အဖြစ်မခံနိုင်ဘူး၊ အဲဒီကလပ်အသင်းနဲ့ အဆင်ပြေအောင် ဆွေးနွေးပေးမယ်လို့ သူတို့ကို ကျွန်တော်ပြန်ပြောခဲ့ပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့လည်း ကိုယ့်အသင်းခေါင်းဆောင်တစ်ဦးကို အလွတ်နဲ့ လက်လွှတ်ခံမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက တခြားကစားသမားတွေအတွက် နမူနာကောင်းတစ်ခု မဟုတ်လို့ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။ အခုအချိန်မှာ ရာမို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ PSG ၊ မန်ယူ တို့ ပါဝင်နေပြီး လီဗာပူးလ်အသင်းကတော့ ရာမို့စ်ကို ခေါ်ယူမှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ပါတယ်။ အဲဒါကြောင့် ရာမို့စ်ရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာမလဲ၊ လာမယ့်ရာသီသစ်မှာ အသင်းသစ်တစ်သင်းမှာ မြင်တွေ့ရမလားဆိုတာ စိတ်ဝင်စားစရာပါပဲ . .

REF:sportbible
Photo:AS,Busy Buddies
Naing Linn(Akhayar)
www.akhayar.com