Instagram မှာ Follower အများဆုံး ပိုင်ဆိုင်သူ အမျိုးသမီးဖြစ်ခဲ့တဲ့ Selena Gomez ဟာ အခုလတ်တလောမှာတော့ ဒီဘွဲ့ကို စွန့်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။

သူ့ကို နန်းချသွားတဲ့သူကတော့ ‘Thank u, next’ ရဲ့ အဆိုရှင် Ariana Grande ပဲ ဖြစ်ပြီး လက်ရှိကျွန်တော်စာရေးနေတဲ့အချိန်မှာ Ariana Grande က Follower ၁၄၆,၃၂၇,၈၉၇ နဲ့ Selena Gomez က ၁၄၆,၂၈၀,၃၄၁ ရရှိထားပြီး ကျော်ဖြတ်သွားတာ ဖြစ်ပါတယ်။

Selena Gomez ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအထိ Instagram မှာ Follower အများဆုံးပိုင်ရှင်ဘွဲ့ကို ရရှိထားသူ ဖြစ်ပြီး နောက်ပိုင်းမှာတော့ သူ့နေရာကို Cristiano Ronaldo က ရရှိသွားခဲ့ပါတယ်။ Ronaldo ဟာ Instagram မှာ လက်ရှိ Follower အများဆုံး Celebrity ဖြစ်နေပြီး Follower ၁၅၅,၈၉၁,၀၁၀ ပိုင်ဆိုင်နေခဲ့ပြီ ဖြစ်ပါတယ်။

ဒီလို Ariana Grande တစ်ယောက် Follower ၁၃ သန်းကျော်လောက် တက်လာတာလည်း အဆန်းမဟုတ်ဘဲ Grande ဟာ IG မှာ Selena ရဲ့ နှစ်ဆလောက် Post တွေ တင်နေခဲ့လို့ ဖြစ်ပါတယ်။ Grande ဟာ Instagram Story တွေကိုလည်း အမြဲတင်ရုံမကဘဲ ပုံတွေကိုလည်း နေ့တိုင်းလိုလို တင်နေသူလည်း ဖြစ်ပါတယ်။ သိပ်မကြာသေးခင်ကလည်း ‘Thank u, next’ Alubm ထွက်ရှိထားပြီး IG ပေါ်မှာ အခွေအတွက် Promotion တွေ ဆင်းထားသူလည်း ဖြစ်ပါတယ်။

Gomez ကတော့ စက်တင်ဘာလကုန်ပိုင်းလောက်မှာ Social Media Break လုပ်မယ်လို့ ကြေညာခဲ့ပြီး သွေးဖြူဥလျော့နည်းလို့ ဆေးရုံတက်ရတဲ့နောက်ပိုင်း အောက်တိုဘာလနဲ့ နိုဝင်ဘာလမှာတော့ စိတ်ကျန်းမာရေးအတွက် ကုသမှုတွေ ခံယူခဲ့ရပါတယ်။

Gomez နဲ့ နီးစပ်တဲ့သူတွေကတော့ “ သူ Social Media မှာ Post တွေ အများကြီး မတင်ဖြစ်ဘူးဆိုတာက Social Media က သူ့ရဲ့ စိတ်ကျန်းမာရေးအပေါ်မှာ ဘယ်လောက်ထိ သက်ရောက်စေသလဲဆိုတာ သိသွားလို့ပါပဲ၊ ဒါပေမယ့် ပရိသတ်တွေသိရအောင်လို့တော့ အမြဲတမ်း Update တွေ တင်ပေးမှာပါ”လို့ ဆိုခဲ့ပါတယ်။

Gomez ဟာ စက်တင်ဘာလက Instagram Live မှာလည်း သူ့အတွက် Follower အများဆုံးဆိုတဲ့ ဘွဲ့တွေဟာ အရေးမကြီးပါဘူးဆိုတဲ့အကြောင်း “ကိန်းဂဏန်းတွေက အရေးမကြီးပါဘူး။ Follower ဘယ်လောက်ရှိရှိ ဂရုမစိုက်ပါဘူး။ လူတွေ အတော်များများက ဒါကြီးကို စွဲလမ်းနေကြတာ အတော်ထူးဆန်းတာပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။

Cristiano Ronaldo ၊ Ariana Grande နဲ့ Selena Gomez တို့ ပြီးရင် စတုတ္ထမြောက် Follower အများဆုံးသူကတော့ Dwayne Johnson ဖြစ်ပြီး လက်ရှိမှာ ၁၃၃,၁၆၂,၆၆၂ ရှိပြီး သူ့နောက်မှာတော့ Kim Kardashian နဲ့ Kylie Jenner တို့က ကပ်လိုက်နေကြပါတယ်။

ပြောရရင်တော့ Follower ကိန်းဂဏန်းတွေဟာ IG မှာ ကြော်ငြာလက်ခံတဲ့သူတွေ၊ Public Figure တွေနဲ့ လုပ်ငန်းတွေအတွက် အရေးကြီးပေမယ့် ဒါကြီးတက်ဖို့ အရူးအမူးစွဲလမ်း၊ ထူးခြားဆန်းပြားတွေ လုပ်ဆောင်နေတာကတော့ Selena ပြောသလို ရူးလို့ပဲ ဖြစ်မှာပါလို့ ဆိုရမလိုပါပဲ။

Yoe Lu (Akhayar)

www.akhayar.com

Source : elle.com