ကိုယ့်အနီးအနားပတ်ဝန်းကျင်မှာ ကလေးလေးတစ်ယောက်မွေးဖွားခဲ့ရင် သွားကြည့်ပြီး ပြောတတ်ကြတာ “အဖေတူလေးတော့။ အမေတူလေးဗျ” နဲ့ ကလေးဟာ သူ့အဖေနဲ့ တူသလား၊ အမေနဲ့ တူသလား ခန့်မှန်းတတ်ကြတာ အကျင့်တစ်ခုလို ဖြစ်နေပါပြီ။ ဒါတင်မဟုတ် ကျွန်တော်တို့ ငယ်ငယ်တုန်းကလည်း “နင်က အမေတူသားလေး၊ ဒါမှမဟုတ် အဖေနဲ့ တထေရာတည်းပဲဟယ်” လို့ ပြောခံဖူးကြမှာပါ။

ဒါကြောင့် ကလေးတစ်ယောက်မွေးဖွားလာရင် ဘယ်အချက်တွေကတော့ အဖေနဲ့ တူနိုင်တယ်၊ ဘယ်အချက်တွေကတော့ အမေ့ဆီကနေ အမွေရတယ်ဆိုတာကို ယေဘူယျသဘော ဆန်းစစ်ကြည့်လိုက်ရအောင်။

ကလေးအများစုရဲ့ နှာခေါင်း၊နှုတ်ခမ်း၊ ပါးရိုးကျပုံ၊ မျက်လုံးထောင့်လေးတွေနဲ့ မေးစေ့လေးတွေဟာ မိဘဆီက ဆက်ခံကြတာ ဖြစ်ပါတယ်။ ကလေးတွေရဲ့ DNA ဟာ ပုံမှန်အားဖြင့်တော့ အဖေ့ဆီက ၆၀% နဲ့ အမေ့ဆီက ၄၀% ကနေ ဆင်းသက်ကြတယ်လို့ ဆိုပါတယ်။

သားသားလေးလား၊ မီးမီးလေးလား

ကလေးတစ်ယောက်ဟာ ယောကျာ်းလေး ဖြစ်မလား၊ မိန်းကလေးဖြစ်မလားဆိုတာ အဖေ့အပေါ်မူတည်ပါတဲ့။ ကလေးတစ်ယောက်ဟာ အမေ့ဆီကနေ X-chromosome ကို အမြဲရရှိပြီး အဖေ့ဆီက X-chromosome ရရင် မိန်းကလေး၊ Y-chromosome ရရင် ယောကျာ်းလေးမွေးဖွားလာတယ်လို့ ဆိုပါတယ်။

အမျိုးသားတစ်ယောက်ဟာ သူ့မိသားစုမှာ ညီအစ်ကိုတွေများရင် သားတွေမွေးလာဖို့ ပိုများပြီး၊ အစ်မ၊ ညီမတွေများရင်တော့ သမီးတွေ မွေးလာဖို့ ပိုဖြစ်နိုင်ပါတယ်တဲ့။

သွားပုံစံ

အဖေက သွားဆေးခန်းမကြာခဏသွားရတဲ့သူဆိုရင် ကလေးမှာလည်း သွားဘက်ဆိုင်ရာ ပြဿနာရှိလာတတ်ပါတယ်။ အဖေရဲ့ Genes က လွှမ်းမိုးလို့ ဖြစ်ပြီး အဖေက သွားမလှရင် ကလေးက သွားမလှတာလည်း ဖြစ်တတ်ပါသေးတယ်။

ဉာဏ်ရည်

ဉာဏ်ရည်အတွက် ဗီဇအပိုင်းကတော့ X-chromosome တွေထဲမှာ ပါဝင်ပြီး ဒါကြောင့်ပဲ သားတွေဟာ အမေ့ဆီက ဉာဏ်ရည်ကို အမွေဆက်ခံရတာ ဖြစ်ပါတယ်။ သမီးတွေကတော့ မိဘနှစ်ပါးလုံးဆီက ဉာဏ်ရည်ကို ဆက်ခံရတယ်လို့ ဆိုပါတယ်။ အမေ့ဆီက ဉာဏ်ရည် ၄၀% ပဲဆက်ခံရတယ်ဆိုတဲ့အတွက် ကျန်တာတော့ သူတို့ဘာသာဖြစ်ထွန်းလာတာ ဖြစ်ပြီး ယောကျာ်းလေးတွေရဲ့ ဉာဏ်ရည်ဟာ အမေနဲ့ ၁၅ မှတ်လောက် ကွာခြားတယ်လို့ ဆိုပါတယ်။

စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုအလေ့အထ

အသက် ၄၅ နှစ်နဲ့ ၄၅နှစ်အထက်မှ ကလေးယူတဲ့အမျိုးသားတွေအနေနဲ့ သူတို့ရဲ့ ကလေးတွေဟာ ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်မှုနှုန်းများသလို စာသင်ကြားရမှာလည်း အခက်အခဲရှိနိုင်ပါတယ်။

အဖေ့ဆီက နှလုံးသွေးကြောပိတ်ရောဂါဟာ သားဆီကိုလည်း ရောက်ရှိတတ်ပါသေးတယ်။ အဖေက မျိုးအောင်နှုန်းနည်းတယ်ဆိုရင် သားတွေမှာလည်း အလားတူ ပြဿနာရှိတတ်ပါတယ်။

အဝလွန်တာမျိုးရိုးလိုက်မလိုက်

အဝလွန်တာ၊ ဒါမှမဟုတ် ကြံ့ခိုင်သန်စွမ်းတာဟာလည်း မျိုးရိုးလိုက်တတ်ပါတယ်။ လူတစ်ချို့ရဲ့ ကိုယ်အလေးချိန်နဲ့ ခါးဆိုဒ်ဟာ မျိုးရိုးဗီဇပေါ်မှာ အခြေခံပြီး ဒါပေမယ့် ထူးခြားတာအချက်က မိဘက ကြံ့ခိုင်သန်စွမ်းလို့ သားသမီးလိုက်ပြီး ကြံ့ခိုင်တာမျိုးထက် မိဘက ဝနေလို့ သားသမီးလိုက်ဝတာမျိုးက ပိုများပါတယ်တဲ့။ အထူးသဖြင့် ကိုယ်အလေးချိန်အပိုင်းမှာတော့ အဖေထက် အမေ့ဘက်ကို ပိုလိုက်ပါတယ်လို့ ဆိုပါတယ်။

အရပ်အမောင်း

အရပ်အမောင်းအပိုင်းမှာတော့ ကလေးတွေဟာ အမေထက် အဖေနဲ့ ပိုတူကြပါတယ်။ ပျမ်းမျှအရဆိုရင် လူတစ်ယောက်အရပ်အမြင့်ရဲ့ ၆၀% ကနေ ၈၀% ဟာ မိဘတွေရဲ့ အရပ်အမြင့်ဘယ်လောက်ရှိလဲပေါ်မူတည်ပါတယ်။ ကျန်တဲ့ ရာခိုင်နှုန်းကမှ သူတို့ရဲ့ နေထိုင်စားသောက်ပုံနဲ့ ကျန်းမာရေးအလေ့အထပေါ် မူတည်တာပါ။ နောက်တစ်ချက်ကတော့ ကလေးထဲမှာ အငယ်တွေဟာ အကြီးတွေထက် အရပ်ပိုပုတတ်ကြပါတယ်။

ကိုယ့်ကလေး အရပ်အမြင့်ခန့်မှန်းခြေဘယ်လောက်ရှိလာနိုင်မလဲဆိုတာ တွက်တဲ့ ပုံသေနည်းနှစ်ခုရှိပါတယ်။

– တကယ်လို့ သားလေးဆိုရင် အမေ့အရပ်နဲ့ အဖေ့အရပ်ကိုပေါင်း၊ အဲ့ဒါကိုမှ ၅လက်မထည့်ပေါင်းထည့်ပါ။ ရလာတဲ့ အရပ်ကို ၂ နဲ့ စားလို့ ရတဲ့ အဖြေဟာ ကိုယ့်သားရဲ့ အရပ်ပါ။ သမီးဆိုရင်လည်း အမေ့အရပ်ကို အဖေ့အရပ်နဲ့ ပေါင်းပြီး ရလဒ်ထဲက ၁၃ ကိုနှုတ်ပါ။ ရတဲ့အဖြေကိုမှ ၂နဲ့ စားရင် ကိုယ့်သမီးလေးရဲ့ ဖြစ်လာနိုင်တဲ့အရပ်ကို မှန်းလို့ ရပါတယ်။

– နောက်တစ်နည်းကတော့ ကိုယ့်သမီးလေး အသက် ၁၈ လပြည့်မှာ ရှိတဲ့အရပ်၊ ဒါမှမဟုတ် ကိုယ့်သားလေး အသက် ၂ နှစ်မှာ ရှိတဲ့အရပ်ကို မှတ်ထားပြီး ၂ နဲ့ မြှောက်ပါ၊ ရလာတဲ့ ရလဒ်ကို ၄ လက်မ လိုတိုး ပိုလျှော့လုပ်လိုက်ရင် ကိုယ့်ကလေးရဲ့ ခန့်မှန်းခြေ အရပ်ရပါလိမ့်မယ်။

မျက်လုံးအရောင်

မျက်လုံးအရောင်ကတော့ အဖေနဲ့ တူတာများပါတယ်တဲ့။

ပါးချိုင့်

ပါးချိုင့်တွေကတော့ ငုပ်နေတဲ့ ဗီဇဖြစ်တတ်ပြီး မိဘတွေထဲက တစ်ယောက်မှာ ပါးချိုင့်ပါရင် သားသမီးတွေထဲမှာလည်း ပါးချိုင့်ပါလာတတ်ပါတယ်။

ဆံပင်အကောက်

ဆံပင်အကောက်မှာတော့ မိဘတွေက ဆံပင်အကောက်ပါတယ်ဆိုတိုင်း သားသမီးက ပါဖို့ မလွယ်ပါဘူး။

– မိဘနှစ်ပါးလုံးက ဆံပင်အကောက်ဆိုရင် ကလေးမှာ ဆံပင်အကောက်ပါလာတတ်တယ်

– မိဘနှစ်ပါးလုံးက ဆံပင်အဖြောင့်ဆိုရင် ကလေးလည်း ဆံပင်အဖြောင့်ဖြစ်မယ်

– အဖေသို့မဟုတ် အမေက ဆံပင်အကောက်ဆိုရင် မွေးလာတဲ့ ကလေးက ဆံပင်အဖြောင့်ဖြစ်နိုင်သလို ကလေးမှာ လှိုင်းတွန့်ပုံ ဆံပင်တွေ ပါလာတတ်ပါတယ်။

တကယ်လို့ အဖေရော အမေရော ဆံပင်အကောက်ဖြစ်ရင်တောင် မိသားစုထဲမှာ ဆံပင်အဖြောင့်ပါရင် ကလေးမှာ ဆံပင်အဖြောင့်ပါနိုင်ပါတယ်။

ကိုယ့်ကလေး ဘယ်လို ပုံစံဖြစ်လာနိုင်မလဲ

ကိုယ်မွေးလာတဲ့ ကိုယ့်မျိုးဆက်ကလေးလေးဟာ ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာ ခန့်မှန်းကြည့်ချင်ရင် မိသားစုဓာတ်ပုံတွေနဲ့ ကိုယ့်မိဘနှစ်ပါးကိုပါ သေချာကြည့်ပါ။ တစ်ယောက်နဲ့ တစ်ယောက်ဆင်တူတဲ့အရာတွေအများစုဟာ ကိုယ့်ရင်သွေးလေးမှာ ပါဝင်နိုင်ပါတယ်။

မျိုးရိုးဗီဇတွေကို ကြည့်ပြီး ကိုယ့်ကလေးရဲ့ အနာဂတ်ပုံရိပ်ကိုရော။ ကိုယ်က အဖေနဲ့ တူလား၊ အမေနဲ့ တူတာလားဆိုတာပါ ပျော်ပျော်ရွှင်ရွှင်ခန့်မှန်းနိုင်ကြပါစေ။

Yoe Lu (Akhayar)

www.akhayar.com

Source : Brightside.me