ဒီတစ်ပတ် စနေနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် (၃)ပွဲသာရှိပြီး အသင်းကြီးတွေရဲ့ပွဲ မပါဝင်ပေမယ့် တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ ဘန်လေ အဝေးကွင်းမှာ ဘုန်းမောက်နဲ့ရင်ဆိုင်ရမယ့်ပွဲက အကြိတ်အနယ်ရှိနိုင်ပါတယ်။ FA ဖလား ဆီမီးဖိုင်နယ်ပွဲဖြစ်တဲ့ မန်စီးတီး-ဘရိုက်တန်တို့ကလည်း ဒီနေ့ ကစားမှာဖြစ်ပြီး မန်စီးတီးအသင်းပဲ ဗိုလ်လုပွဲတက်ဖို့ အခြေအနေကောင်းနေပါပြီ။

ဘုန်းမောက် – ဘန်လေ (စနေည ၈း၃၀)

အိမ်ရှင် ဘုန်းမောက်အသင်းက (၃၈)မှတ်နဲ့ အဆင့်(၁၂)နေရာမှာ ရှိနေတယ်ဆိုပေမယ့် တန်းမဆင်းရဖို့ လုံးဝစိတ်ချရတဲ့အနေအထားမျိုးဖြစ်အောင် အမှတ်တွေ စုဆောင်ထားဖို့လိုပါတယ်။ တန်းဆင်းဇုန်ထဲက ကာဒစ်ဖ်နဲ့ (၁၀)မှတ်ကွဟနေတာကြောင့် ဘုန်းမောက်တို့ နည်းနည်းတော့ စိတ်အေးလို့ရတဲ့အနေအထားပါပဲ။ ဒါပေမဲ့ ဘန်လေကတော့ လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ဆက်ရှိဖို့အတွက် လက်ကျန်ပွဲတွေမှာ တိုက်ပွဲဝင်ရဦးမှာပါ။ သူ့ရဲ့အောက် အဆင့်(၁၈)နေရာက ကာဒစ်ဖ်နဲ့ (၅)မှတ်သာကွာလို့ အမှားတော့ သိပ်လုပ်လို့ မရတော့ဘူး။ ပြီးခဲ့တဲ့တစ်ပတ်က ၀ုလ်ဗ်ကို အနိုင်ရခဲ့လို့လည်း ဘန်လေ စိတ်ဓာတ်တက်နေနိုင်တယ်။ ဧည့်သည် ဘန်လေအသင်း သရေတစ်မှတ်တော့ ရယူနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

မန်စီးတီး – ဘရိုက်တန် (စနေ ည ၁၁း၀၀)

ဖလား(၄)လုံးရဖို့ ပစ်မှတ်ထားနေတဲ့ မန်စီးတီး FA ဖလား ဆီမီးဖိုင်နယ်မှာ ဘရိုက်တန်နဲ့တွေ့နေတဲ့အတွက် နောက်ထပ် ဖလားတစ်လုံးမျှော်လင့်ချက်က ပိုအားကောင်းသွားခဲ့တယ်။ တစ်ဖက်ပွဲမှာလည်း ၀က်ဖို့ဒ်-၀ုလ်ဗ်တို့ တွေ့နေတာကြောင့် ဘယ်အသင်းပဲ ဗိုလ်လုပွဲတက်တက် မန်စီးတီးကို ဒုက္ခပေးနိုင်မယ့် အနေအထားမျိုး မရှိပါဘူး။ အခုရင်ဆိုင်ရမယ့် ဘရိုက်တန်ကလည်း ပရီးမီးယားလိဂ်မှာ တန်းမဆင်းရဖို့ ရုန်းကန်ရဦးမှာဖြစ်လို့ ဒီပွဲထက် ပရီးမီးယားလိဂ်ကိုပဲ ပိုပြီး အာရုံစိုက်ဖို့ များနေတယ်။ အရန်ကစားသမားတချို့ကို မန်စီးတီး ပွဲထုတ်လာဖို့ရှိတာကြောင့် ဂိုးပြတ်ဖို့တော့ မဖြစ်နိုင်ပေမယ့် (၂-၀)လောက်နဲ့ အနိုင်ရသွားမယ်လို့ ထင်ပါတယ်။

Photo:Bitter and Blue
Naing Linn(Akhayar)
www.akhayar.com