ဘာစီလိုနာ – ဘာစီလိုနာ ၊ အင်တာမီလန်အသင်းတွေမှာ အောင်မြင်ခဲ့တဲ့ တိုက်စစ်မှူး အီတူး Eto’o ဟာ အသက်(၃၈)နှစ်အရွယ် အရောက်မှာကစားသမားဘ၀ကနေ အနားယူခဲ့ပြီဖြစ်ကြောင်းကို ကြေညာခဲ့ပါတယ်။ အီတူး ဟာ သူ့ခေတ် သူ့အခါက ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ခဲ့သလို ဘာစီလိုနာ ၊ အင်တာမီလန် (၂)သင်းလုံးနဲ့ ချန်ပီယံလိဂ် ချန်ပီယံဆုကို ရရှိခဲ့သူဖြစ်ပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းဟာ ဘယ်နောက်ခံလူ အီမာဆင် Emerson ကို စာချုပ်သစ် ကိစ္စကမ်းလှမ်းဖို့ ရှိတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းကို ရောက်ခါစမှာ အီမာဆင် ဟာ အရန်အဖြစ်သာရှိနေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ခြေစွမ်းကောင်းတွေကို ပြသနိုင်တာကြောင့် အခုဆိုရင် အသင်းရဲ့ ပထမဦးစားပေး ဘယ်နောက်ခံလူအဖြစ် ရပ်တည်နေပါပြီ။

ရိုးမား – ရိုးမားအသင်းကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ မစ်ခီတာရီယန် Mkhitaryan ဟာ အငှားကာလပြီးဆုံးရင် အာဆင်နယ်အသင်းကို ပြန်ဖို့က မသေချာဘူးလို့ သိရပါတယ်။ ဒီအနေအထားတွေကြောင့် မစ်ခီတာရီယန် ရဲ့ အနာဂတ်ဘယ်လို ဖြစ်မလဲဆိုတာစိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းဟာ PSG လူငယ်တိုက်စစ်ကစားသမား ဘာပေ Mbappe ကို လာမယ့်နွေမှာ ခေါ်ယူဖို့အတွက် ကြိုးပမ်းသွားလိမ့်မယ်လို့ သိရပါတယ်။ ဘာပေ ကို ရီးယဲလ်မက်ဒရစ်အသင်းဟာ မိုနာကိုအသင်းမှာ ကစားကတည်းက စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်အသင်းဟာ စပါးကစားသမားတွေဖြစ်ကြတဲ့ အန်ဒါဝီရယ်လ် Alderweirel နဲ့ အဲရစ်ဆင် Eriksen တို့ကို ခေါ်ယူရန်ကြိုးပမ်းဖို့ အတွက် စဉ်းစားနေတယ်လို့ သိရပါတယ်။ အန်ဒါဝီရယ်လ် ကို ခေါ်ယူဖို့ အင်တာမီလန်အသင်းက စိတ်ဝင်စားနေပါတယ်။

မန်စီးတီး – မန်စီးတီးအသင်းဟာ အင်တာမီလန်နောက်ခံလူ ရှကင်ညာ Skriniar ကို ခေါ်ယူဖို့ မျက်စိကျနေတယ်လို့ သိရပါတယ်။ ရှကင်ညာ ဟာ အင်တာမီလန်အသင်းအတွက် ရာသီတိုင်းလိုလို ပုံမှန်ခြေစွမ်းပြသနေသူဖြစ်ပြီး သူ့ကိုခေါ်ယူဖို့ လာမယ့်ဇန်န၀ါရီမှာ မန်စီးတီးအသင်းက ကြိုးပမ်းဖို့ ရှိနေပါတယ်။

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလမှာ ဘာစီလိုနာကွင်းလယ်လူ ရာကီတစ် Rakitic ကို ခေါ်ယူဖို့အတွက် ကြိုးပမ်းသွားလိမ့်မယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ရာကီတစ် ဟာ ဘာစီလိုနာအသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ ခက်ခဲနေပါတယ်။

PSG – PSG အသင်းတိုက်စစ်မှူး အီကာဒီ Icardi ရဲ့ ဇနီးလည်းဖြစ်သလို အေးဂျင့်လည်းဖြစ်တဲ့ နာရာ Wanda Nara ဟာ ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ အရာတစ်ခုကိုဖွင့်ဟခဲ့ပါတယ်။ နာရာ က အီကာဒီ ဟာ PSG အသင်းနဲ့ အငှားစာချုပ်သက်တမ်းကုန်ဆုံးရင် အီတလီကို ပြန်လိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

နယ်သာလန် – ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို(၂၀၂၀)ခြေစစ်ပွဲ ဂျာမနီ – နယ်သာလန်ပွဲမှာ နယ်သာလန်အသင်းက အဝေးကွင်းမှာ ဂျာမနီကို (၂-၄)နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဂျာမနီအသင်းအတွက် ဂိုးတွေကိုတော့ နာဘရီ Gnabry ၊ တိုနီကရူးစ် Kroos တို့ကသွင်းယူခဲ့တာဖြစ်ပြီး နယ်သာလန်အသင်းအတွက် ဂိုးတွေကိုတော့ ဒီယွန်း De Jong ၊ Tah (OG) ၊ Malen နဲ့ ၀ိုင်နယ်ဒမ် Wijnaldum တို့ကသွင်းယူခဲ့တာဖြစ်ပါတယ်။

Ref: BBC Sports , Goal.com , Mirror , Sportskeeda
Photo: FC Barcelona
Ko Kyue(Akhayar)
www.akhayar.com