ဒေါ့မွန်အသင်းရဲ့ အင်္ဂလန်လူငယ်ကြယ်ပွင့် ဆန်ချို Jadon Sancho ဟာ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ (၅၂)နှစ်ကြာမြင့်နေပြီဖြစ်တဲ့ စံချိန်တစ်ခုကို ချိုးဖျက်နိုင်ခဲ့ပြီ။ သောကြာနေ့က ကိုလုံးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲမှာ ဒေါ့မွန်အသင်းက (၃-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး ဆန်ချိုဟာ ဒေါ့မွန်အသင်းအတွက် ချေပဂိုးကို မိနစ်(၇၀)မှာ သွင်းယူခဲ့ပါတယ်။ အသက်(၁၉)နှစ်၊ (၁၅၁)ရက်အရွယ်သာရှိသေးတဲ့ ဆန်ချိုဟာ အခုဆိုရင် ဒေါ့မွန်ကစားသမားဘ၀မှာ ဘွန်ဒစ်လီဂါသွင်းဂိုး (၁၅)ဂိုး သွင်းယူခဲ့ပြီး ဘွန်ဒစ်လီဂါသမိုင်းမှာ (၁၅)ဂိုးသွင်းယူခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါပြီ။

ဆန်ချိုမတိုင်ခင်က ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ အသက်အငယ်ဆုံးနဲ့ (၁၅)ဂိုးသွင်းယူခဲ့သူက စတုဂတ်တိုက်စစ်မှူးဟောင်း ကော့ပယ်လ် Horst Koppel ဖြစ်ပြီး ၁၉၆၇ ခုနှစ်မှာ အသက်(၁၉)နှစ် (၁၈၅)ရက်နဲ့ စံချိန်တင်နိုင်ခဲ့တာပါ။ အခုတော့ ဆန်ချိုက ကော့ပယ်လ်ရဲ့ စံချိန်ကို (၃၄)ရက်နဲ့ ချိုးဖျက်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက မန်စီးတီးအကယ်ဒမီကနေ ဒေါ့မွန်အသင်းကို ရောက်ရှိခဲ့သူ ဆန်ချိုဟာ စီနီယာအသင်းအတွက် အချိန်တိုအတွင်းမှာပဲ ပွဲထွက်ကစားခွင့်ရခဲ့သလို ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်တန်းအဆင့်ကို ရောက်လာခဲ့ပါတယ်။ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ (၅၈)ပွဲကစားပြီးချိန်မှာ သူပါဝင်ပတ်သက်ခဲ့တာက (၃၉)ဂိုးအထိရှိပြီး (၁၇)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁၇)ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ဆန်ချိုဟာ ဘွန်ဒစ်လီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း (၈)ဂိုးနဲ့ (၉)ဂိုးသွင်းခဲ့တဲ့ အသက်အငယ်ဆုံးကစားသမား၊ ဒေါ့မွန်အသင်းသမိုင်းမှာ တစ်ရာသီအတွင်း (၁၀)သွင်းယူခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားစတဲ့ စံချိန်တွေအပြင် အခုအချိန်မှာ နောက်ထပ်စံချိန်ကောင်းတစ်ခုကို ထပ်ပြီးရယူနိုင်ခဲ့တာဖြစ်ပါတယ်။

REF:The Sun
Photo:Borussia Dortmund Facebook,
Naing Linn(Akhayar)
www.akhayar.com