အခုနွေရာသီမှာ မန်ယူအသင်းကနေ အင်တာမီလန်အသင်းကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဆန်းချက်ဇ် Alexis Sanchez က မန်ယူအသင်းမှာ သူ ခြေစွမ်း မပြနိုင်တာက မိနစ်(၉၀)ပြည့်အောင် ကစားခွင့် မရလို့ဆိုပြီး ဝေဖန်ခဲ့ပါတယ်။ မန်ယူအသင်းမှာ တစ်ပတ်လစာပေါင်(၅)သိန်းအထိ ရခဲ့ပေမယ့် လစာနဲ့ထိုက်တန်တဲ့ခြေစွမ်း မပြနိုင်တာကြောင့် ပြစ်တင်ဝေဖန်ခံခဲ့ရတဲ့ ဆန်းချက်ဇ်ဟာ အခုအချိန်မှာ သူ ခြေစွမ်းမပြနိုင်တဲ့ အကြောင်းရင်းကို ထုတ်ဖော်ပြောဆိုလိုက်တာပဲဖြစ်ပါတယ်။ “တကယ်လို့ မန်ယူအသင်းဟာ ကျွန်တော့်ကို ပွဲချိန်ပြည့်ကစားခိုင်းရင် အကောင်းဆုံး ကစားနိုင်မှာပါ။ ဒါပေမဲ့ တစ်ခါတစ်လေကျရင် မိနစ်(၆၀)လောက်ပဲ ကစားရပြီး နောက်ပွဲမှာ ကစားခွင့် မရတော့ပြန်ပါဘူး။ ဘာကြောင့်လဲဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ပါဘူး”

ဆန်းချက်ဇ်ဟာ သူ့ခြေစွမ်းအပေါ် ဝေဖန်သူတွေကို အခုလိုတုံ့ပြန်ခဲ့ပေမယ့် မန်ယူကစားသမားဘ၀ စွမ်းဆောင်ရည်မှတ်တမ်းကို ပြန်ကြည့်ရင် ဆန်းချက်ဇ်ရဲ့ ပြောစကားက ဟုတ်မှ ဟုတ်ပါ့မလားဆိုတာ သံသယဖြစ်စရာပါပဲ။ မန်ယူကစားသမားဘ၀ (၁၈)လတာကာလအတွင်း ပြိုင်ပွဲစုံမှာ ဆန်းချက်ဇ် မိနစ်(၉၀)အပြည့် ပါဝင်ကစားခဲ့ရတာက (၁၀)ပွဲရှိပြီး မန်ယူအသင်းက (၅)ပွဲနိုင်၊ (၅)ပွဲရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ(၁၀)ပွဲမှာ ဆန်းချက်ဇ်ရဲ့ သွင်းဂိုးက (၁)ဂိုးသာရှိပြီး အဲဒါက ၂၀၁၈၊ ဖေဖော်ဝါရီလတုန်းက ဟတ်ဒါဖီးလ်နဲ့ ကစားခဲ့တဲ့ပွဲမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဆန်းချက်ဇ်ဟာ ပရီးမီးယားလိဂ်မှာ ပွဲ(၂၀)၊ ချန်ပီယံလိဂ် (၄)ပွဲ၊ FA ဖလား (၃)ပွဲကစားခဲ့ပြီး စုစုပေါင်း(၂၇)ပွဲမှာ (၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၄)ကြိမ်သာရှိခဲ့တာက တစ်ပတ်ပေါင်(၅)သိန်းရနေတဲ့ ကစားသမားတစ်ဦးအတွက် မဖြစ်သင့်တဲ့ စွမ်းဆောင်ရည်ပါ။ ဆန်းချက်ဇ်အတွက် ကံဆိုးတာကလည်း ဒဏ်ရာပြဿနာတွေကြောင့် ပုံမှန်ခြေစွမ်းအောက်ရောက်ခဲ့တဲ့ အချိန်တွေနဲ့ မကြာခဏရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ မန်ယူအသင်းကို စရောက်တုန်းက စန္ဒရားတီးခတ်ရင်း ပရိသတ်တွေကို မိတ်ဆက်ခဲ့တဲ့ ဆန်းချက်ဇ်ရဲ့ မန်ယူကစားသမားဘ၀က သံဇဉ်တွေ မလှပခဲ့တာတော့ အမှန်ပါပဲ။ ဘာပဲဖြစ်ဖြစ် အင်တာမီလန်ကို ဆန်းချက်ဇ် ပြောင်းရွှေ့ခဲ့တာက မန်ယူအသင်းအတွက်ရော၊ ကစားသမားအတွက်ပါ ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်ပြီး အင်တာမီလန်အသင်းမှာ ဆန်းချက်ဇ်ရဲ့ ကစားသမားဘ၀ အသစ်ပြစတင်နိုင်ဖို့ အခွင့်အရေးလို့ပဲ ပြောရမှာဖြစ်ပါတယ် . .

SANCHEZ’S MAN UNITED STATS:

2017-18: Premier League – 12 games, 2 goals, 3 assists
Champions League – 2 games
FA Cup – 4 games, 1 goal, 2 assists

2018-19: Premier League – 20 games, 1 goal, 3 assists
Champions League – 4 games
FA Cup – 3 games, 1 goal, 1 assist

Total – 45 games, 5 goals, 9 assists

REF:Daily Mail
Photo:Inter Facebook,Getty Images
Naing Linn(Akhayar)
www.akhayar.com