အားလုံးစိတ်ဝင်စားနေကြတဲ့ Samsung Galaxy S8 ဖုန်းသစ်အတွက် ပုံရိပ်တစ်ပုံပေါက်ကြားလာခဲ့ပါတယ်။ ဒီပုံဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဗြိတိန်ရဲ့ The Guardian ကနေ ဖုန်းအတွက် အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ခဲ့ပြီးနောက်၊ Venture Beat ရဲ့ နာမည်ကျော်သတင်းထောက်တစ်ယောက်ဖြစ်တဲ့ Evan Blass က ဆက်လက်ဖော်ထုတ်ခဲ့တာဖြစ်ပြီး The Guardian သတင်းထဲကလိုပဲ အတော်များများမှန်ကန်နေတာကို တွေ့ရှိခဲ့ရတာပါ။

ထုတ်လုပ်မယ့်ပုံစံပြောင်းပြီး မျက်နှာပြင်အရွယ်အစား နှစ်မျိုးနဲ့ ထုတ်လုပ်မယ့် Samsung Galaxy S8 ဖုန်းကို ၅.၈လက်မအရွယ်နဲ့ ၆.၂လက်မအရွယ်ဆိုပြီး Galaxy S7 ထက်ပိုမိုကြီးမားတဲ့ ပုံစံတွေနဲ့ ထွက်လာမှာဖြစ်ကြောင်း သိရပါတယ်။ နှစ်မျိုးလုံးကို AMOLED panels အမျိုးအစားမျက်နှာပြင်နဲ့ ပြုလုပ်ထားမှာဖြစ်ပြီး QHD Resolution ရှိမှာပါ။

ပိုမိုကြီးမားတဲ့ မျက်နှာပြင်နဲ့ ထွက်လာမယ့် Samsung Galaxy S8 ဖုန်းနှစ်မျိုးလုံးကို ယခင်ဖုန်းလိုမျိုး မျက်နှာပြင်နှစ်ဖက်ကွေးပုံစံကို ဆက်လက် ယူဆောင်လာမှာဖြစ်ပြီး အစောပိုင်းသတင်းတွေအရ မျက်နှာပြင်ပုံစံအချိုးဟာ ၁၈.၅:၉ အချိုးနဲ့ ပုံစံထက် ၁၆:၉ ပုံစံမျိုး ပိုမိုဖြစ်လာနိုင်ခြေရှိနေတာပါ။

အဲ့ဒီအပြင် အောက်ခြေအထိ မျက်နှာပြင်ကို ချဲ့ပြီး ဘေးသား (Bezels) တွေကိုချုံ့လိုက်တာကြောင့် Home Key ပြုတ်သွားပြီး Fingerprint ဆင်ဆာကိုလည်း ကင်မရာရဲ့ ဘေးနားကို ရွှေ့လိုက်ရပါတယ်။ ဒီအချက်ဟာ The Guardian သတင်းစာက ဖောက်ချခဲ့တဲ့ အချက်အလက်တွေထဲမှာလည်း ပါဝင်ခဲ့ပြီး တကယ်ဖြစ်လာဖို့ တော်တော်ရာခိုင်နှုန်းများနေပြီဖြစ်တာကြောင့် Home Key မပါတဲ့ ပထမဆုံး Samsung ဖုန်း ဖြစ်လာမှာပါ။

ဆိုလိုတာကတော့ ဒီဗားရှင်းမှာ Apple ပုံစံ Force Touch စနစ်ပါဝင်လာနိုင်ပြီး ဖိအားသိမျက်နှာပြင် ပုံစံလို ဖြစ်လာမှာပါ။

Android Nougat စနစ်သုံး ဖုန်းဖြစ်လာမှဖြစ်ပြီး Qualcomm Snapdragon 835 Processor နဲ့ထွက်လာနိုင်သလို Samsung Exynos နဲ့လည်း ထုတ်လုပ်မှာဖြစ်ကြောင်းလည်း ဆိုနေကြပါတယ်။ ဒါကြောင့် စွမ်းဆောင်ရည်ဟာ Galaxy S7 ထက် ၁၁ရာခိုင်နှုန်းနဲ့ Graphic ပိုင်းမှာဆို ၂၃ရာခိုင်နှုန်းထိ ပိုမြန်လာမှာဖြစ်တဲ့အပြင် စွမ်းအင်ချွေတာမှုပိုင်းမှာလည်း ၂၀ရာခိုင်နှုန်းထိ ယခင်ဖုန်းထက်ပိုမိုသက်သာစေမှာဖြစ်ကြောင်း သိရပါတယ်။

ဘက်ထရီပမာဏကို ၅.၈လက်မမျက်နှာပြင်နဲ့ ၆.၂လက်မမျက်နှာပြင်တွေအတွက် 3000 mAh နဲ့ 3500 mAh ဆိုပြီး အသီးသီးထုတ်လုပ်မှာပါ။ RAM အနေနဲ့ 4GB ပါဝင်မှာဖြစ်တာကြောင့် အရင်မော်ဒယ်တွေနဲ့ ပြောင်းလဲခြင်း မရှိပဲ၊ 64 GB ရှိတဲ့ RAM ကိုအခြေခံလိုင်းကနေ စတင်ထုတ်လုပ်မှာဖြစ်ကာ အများဆုံး 256GB (SD ကတ်ထပ်စိုက်နိုင်) အထိပါဝင်မှာပါ။

USB-C ပေါက်ကို အောက်ခြေမှာဖြစ်ပြီး ပုံအရ သံသယဖြစ်ဖွယ်မလိုတာကတော့ 3.5mm Headphone Jack ကို ဆက်လက် ထည့်သွင်းထားမှာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် သတင်းထဲမှာ Samsung DeX လို့ ခေါ်မယ်ဆိုပြီး သတင်းထွက်နေတဲ့ Desktop Computer လိုမျိုး ဖုန်းကနေ ခွဲထုတ်ပြီး သုံးစွဲနိုင်မယ့် ပုံစံသစ်တစ်မျိုးအကြောင်းကို ဘာမှ ပြောကြားခြင်းမရှိပါဘူး။

ဈေးနှုန်းအနေနဲ့တော့ ယခင် Galaxy S7 ဖုန်းထက် အနည်းငယ်များသွားမှာဖြစ်ပြီး ၅.၈လက်မအရွယ် S8 ဟာ ယခင်ဗားရှင်းထက် ယူရိုငွေနဲ့ဆို ၁၀၀ ပိုများသွားပြီး ၇၉၉ ယူရိုဖြစ်သွားမှာပါ။ ၆.၂လက်မအရွယ် S8 ဟာဆိုရင်တော့ ယူရို ၈၉၉ ထိခုန်တက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

The Guardian ဖွင့်ဟခဲ့တဲ့ Galaxy S8 ရဲ့အသေးစိတ်အချက်အလက်တွေကို ဒီနေရာကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

Ref: Slash Gear, Venture Beat