လီဗာပူးလ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဆာလာ Mohamed Salah ဟာ အသင်းနဲ့အတူ နိုင်ပွဲတွေ ရယူနေပေမယ့် သူ့ရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်က တဖြည်းဖြည်းကျဆင်းလာတာကို အချက်အလက်တွေအရ တွေ့ရှိရမှာပါ။ စပါးအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဆာလာဟာ ပွဲအပြီးမှာ သူ့ကို ဝေဖန်နေကြတဲ့သူတွေကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ကွင်းတွင်းစွမ်းဆောင်ရည် အချက်အလက်တွေအရ ရာသီဝက်နောက်ပိုင်းမှာ ဆာလာရဲ့ ခြေစွမ်းက အကျဘက်ရောက်နေတာကိုတော့ ငြင်းလို့ မရပါဘူး။

နာမည်ကျော် ဘောလုံးစစ်တမ်းကောက်ခံရေးအဖွဲ့ဖြစ်တဲ့ Opta ရဲ့ အချက်အလက်တွေအရ ရာသီအစ ပရီးမီးယားလိဂ်ပွဲစဉ် (၁၆)ပွဲက ဆာလာရဲ့ စွမ်းဆောင်ရည်နဲ့ နောက်ပိုင်း (၁၆)ပွဲက စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ကြည့်ချင်ပါတယ်။ ဒီရာသီအစ ပွဲစဉ်(၁၆)ပွဲမှာ ဆာလာဟာ (၁၀)ဂိုးသွင်းယူခဲ့ပြီး ပျမ်းမျှ (၁၃၀.၉)မိနစ်တိုင်း တစ်ဂိုးသွင်းယူနိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်ရာသီဝက် (၁၆)ပွဲမှာ အရင်ပွဲတွေထက် (၁၁၆)မိနစ် ပိုကြာအောင် ကစားခဲ့ပေမယ့်လည်း (၇)ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ သွင်းဂိုးတစ်ဂိုးအတွက် (၂၀၃.၆)မိနစ်ကြာ အချိန်ယူရတယ်ဆိုတဲ့ သဘောပါပဲ။ ဒီလို သွင်းဂိုးတွေ နည်းသွားပေမယ့် ဆာလာရဲ့ ဂိုးရဖို့ အားထုတ်မှုက အရင်အတိုင်းဖြစ်ပြီး လွဲချော်မှုတွေ များနေတာက ပြဿနာပါ။ ပထမရာသီဝက်တုန်းက ဂိုးပေါက်ကန်သွင်းမှု (၅၂)ကြိမ်ရှိခဲ့ပေမယ့် ဒုတိယရာသီဝက်မှာတော့ (၅၇)ကြိမ်အထိ ပိုများလာခဲ့တယ်။ ဆိုးတာက အဲဒီအကြိမ်မှာ ဂိုးပေါက်တည့်မှုက (၂၅)ကြိမ်သာရှိပြီး ရှေ့ရာသီဝက်က (၂၇)ကြိမ်အထိ ရှိခဲ့တာပါ။ အထင်ရှားဆုံးက ဆာလာရဲ့ ဂိုးသွင်းခွင့်ကို ဂိုးအဖြစ်ပြောင်းလဲမှု Shot Conversion Rate က သိသိသာသာ ကျဆင်းသွားတာပါပဲ။ အစောပိုင်း ပွဲစဉ်(၁၆)ပွဲမှာ (၁၇.၅)ရာခိုင်နှုန်းရှိပေမယ့် အခုနောက်ပိုင်းပွဲတွေမှာ (၁၃.၅)ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။ ပထမရာသီဝက် (၁၆)ပွဲမှာ အခွင့်အရေးဖန်တီးနိုင်မှုက (၃၃)ကြိမ်အထိ ရှိခဲ့ပေမယ့် ဒုတိယရာသီဝက်မှာတော့ (၂၃)ကြိမ်သာရှိခဲ့တယ်။ ဆာလာတစ်ယောက် စွမ်းဆောင်ရည် ကျဆင်းနေချိန်မှာ အသင်းဖော် မာနေး Sadio Mane ကတော့ ခြေစွမ်းပြနေတာကြောင့် လီဗာပူးလ်အသင်း ခံသာနေတယ်လို့ ပြောရမယ်။ တကယ်လို့ ဆာလာသာ လက်ကျန်ပွဲတွေမှာ အရင်ပုံစံကောင်းပြန်ရခဲ့မယ်ဆိုရင်တော့ ၁၉၉၀ နောက်ပိုင်း ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ပြန်လည်ရယူမယ့် လီဗာပူးလ်အသင်းရဲ့ မျှော်လင့်ချက်က ပိုအားကောင်းလာဖို့ရှိနေပါပြီ။

REF:sportskeeda
Photo:Business Insider,FOX Sports Asia,Daily Active Kenya
Naing Linn(Akhayar)
www.akhayar.com