Diet ယဉ်ကျေးမှုနဲ့ ရန်ကုန် Salad ဆိုင်များ

 

ပြောင်းလဲလာတဲ့ ခေတ်ရေစီးထဲမှာ Salad စားတဲ့ ယဉ်ကျေးမှုလည်း ပါဝင်စီးမြောလာခဲ့ပါပြီ။ အရင်ကဆို ဝိတ်ချဖို့ Diet လုပ်တော့မယ်ဆိုရင် အိမ်မှာ အသီးအရွက်၊အသီးအနှံတွေ ပြင်ဆင်ပြီး စားရတာ အလုပ်တစ်ခုပါပဲ။ အပြင်စာတွေ အားလုံးနီးပါးကလည်း ကယ်လိုရီများတဲ့ အစားအစာတွေ ဖြစ်ရင် ဖြစ်၊ ဒါမှ မဟုတ် ကျန်းမာရေးနဲ့ မညီညွတ်တာ များတယ် မဟုတ်လား။ အဲဒီတော့ ဝိတ်ချချင်သူတွေ (အထူးသဖြင့် ပျိုပျိုမေတွေ) ကတော့ ဝိတ်ချတော့မယ်ဆိုတာနဲ့ ဘယ်ဟာတွေက ကယ်လိုရီနည်းမယ် စဉ်းစားရ၊ ဒီကြားထဲ အရသာလေးလည်း ရှိချင်သေးတာဆိုတော့ ဘယ်လို အစပ်အဟပ်တည့်အောင် လုပ်မလဲ ပြင်ဆင်ရနဲ့ပဲ အလုပ်တွေ အတော်ရှုပ်ခဲ့ကြတာ။

ခုတော့ အဲဒီလောက် ကရိကထမများတော့ဘဲ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ အသင့်စား Salad ဆိုင်လေးတွေ ရန်ကုန်မြို့မှာ အလျှိုလျှိုထွက်ပေါ်လာတဲ့ အခါ ကျွန်တော်တို့ အခရာ အဖွဲ့သားတွေလည်း တစ်ဆိုင်ပြီး တစ်ဆိုင်သွားရောက်မြည်းစမ်းကြည့်ခဲ့ပြီး ဘယ်ဆိုင်တွေက ဘယ်လိုဆိုတာလေးကို ပြန်လည် ဖောက်သည်ချပါရစေ ခင်ဗျ။

 

Salad House Myanmar

 

 

 

 

 

 

 

 

 

 

ပထမဆုံး သွားဖြစ်တဲ့ ဆိုင်ကတော့ ခု အရမ်းလူပြောများနေကြတဲ့ ရွှေဂုံတိုင်က Salad House ပါ။ ရွှေဂုံတိုင် ကလာရင် SSC ဆေးရုံအကျော် ၁၀ တိုက်မြောက်လောက် ညာဖက် အခြမ်းမှာပါ။ ဆိုင်လေးကတော့ အဝင်မှာရော၊  အထဲမှာပါ Decoration ပြင်ထားတာ ရှင်းလင်းပြီး မျက်စိအေးပါတယ်။ အေးအေးလူလူ နားအေးပါးအေး စားသောက်ပြီး စကားစမြည်ပြောချင်တဲ့ သူတွေအတွက် သင့်တော်တဲ့ ဆိုင်မျိုးပါ။

ကောင်တာမှာ တွေ့ရသလောက်ကတော့ ရွေးချယ်စရာ အသားအနေနဲ့ ဘဲကင်၊ Ham ၊ ဝက်ပေါင်ခြောက်နဲ့၊ ကြက်ကင်၊ ဂဏန်းလိပ်စတာတွေ ရှိပြီး အသီးအရွက်အနေနဲ့ကတော့ သံလွင်သီး၊ အပ်မှို၊ ဂျပန်တို့ဟူး၊ Cherry Tomatoes၊ ရိုးရိုးမှို၊ မုန်လာဥနီ၊ ပါစတာ၊ Red Cabbage စတာတွေ တွေ့ခဲ့ပါတယ်။ ဆော့စ် (Dressing) အနေနဲ့တော့ ၈မျိုးလောက် ရွေးချယ်လို့ ရပြီး နာမည်ကြီးတဲ့ ဆော့စ်ကတော့ In-House Dressing ပါတဲ့။

မှာဖို့ ကြည့်တော့ စိတ်ကြိုက် အသားတစ်မျိုး၊ အသီးအရွက်ငါးမျိုးနဲ့ Dressing တစ်မျိုးကို တစ်ပွဲ ၄၀၀၀ ကျပ်ဆိုတာကိုပဲ ရွေးလိုက်ပါတယ်၊ စိတ်ကြိုက်ထည့်မယ်ပေါ့။ အခရာအဖွဲ့သားတွေကတော့ In-House Dressing နဲ့ တစ်ပွဲ၊ Thai Peanut နဲ့ Thousand Islands စပ်ထားတဲ့ ဆော့စ်နဲ့ တစ်ပွဲ ၊ နှစ်ပွဲ မှာစားကြည့်တာ အသီးအရွက်တွေက လတ်ဆတ်ပြီး In-House Dressing နဲ့ စားတာ တော်တော်စားလို့ ကောင်းတယ်။ Thai Peanut နဲ့ Thousand Islands Dressing စမ်းထားတဲ့ Salad ကလည်း အချဉ်ဓာတ်လေးနဲ့ မို့ တစ်မျိုး ကောင်းတာပါပဲ။

အသား (သို့) အသီးအရွက် တွေလည်း ထပ်ထည့်ချင် ထပ်ထည့်ချင်လို့ ရသေးတယ်ဗျ။ အသား (သို့) အသီးအရွက်တစ်မျိုးကို တစ်မျိုးကို ၅၀၀ ကျပ် နဲ့ ထပ်ထည့်လို့ တယ်၊ Dressing တစ်မျိုးကိုလည်း ၁၅၀၀ ကျပ် နဲ့ မှာပြီး Dressing နှစ်မျိုး၊ သုံးမျိုး ရောစားလို့ ရသေးတယ်။ ကောင်တာပေါ်မှာလည်း Cashew Nut တို့လိုမျိုး အစေ့အဆံထည့်ထားတဲ့ ပုလင်းလေးတွေ တွေ့ပြီး အဲ့ဒါကိုလည်း တစ်မျိုးကို ၅၀၀ ကျပ်နဲ့ ထည့်စားလို့ ရပါတယ်။

သောက်စရာအနေနဲ့တော့ Mocktails တွေရော၊ 100% Fresh Juices တွေရော ရှိတဲ့ အထဲကမှ Green Garden ဆိုတဲ့ ပန်းသီးစိမ်းနဲ့ ကီဝီဖျော်ရည်မှာသောက်တာ ၄၀၀၀ ကျပ်ပါ၊ နှစ်ယောက်စာရတယ်ဗျ။ ချဉ်ပြုံးပြုံးနဲ့ ခံတွင်းရှင်းသွားတယ်၊ မိုက်တယ်။ တခြားသူတို့ဆီမှာ နာမည်ကြီးတာ ကွေ့သယို၊ Instant Noodle Salad နဲ့ Raindrop Cake တို့ ရှိပါသေးတယ်။ Delivery Service လည်း ရှိပြီး Take Away ယူသွားချင်ရင်လည်း ဖန်ဂျားလေးနဲ့ ပြင်ဆင်ထားတဲ့ Salad ကို တစ်ဂျား တစ်သောင်းနဲ့ ဝယ်ယူလို့ ရပါတယ်။

သတိထားမိတာက သူတို့ရဲ့ တည်ခင်းတဲ့ အသီးအရွက်တွေရဲ့ လတ်ဆတ်မှု နဲ့ ပန်းကန်ခွက်ယောက်လေးတွေ၊ ဆိုင်အပြင်အဆင်တွေရဲ့ ချစ်စရာကောင်းမှုပါပဲ။ အခရာအနေနဲ့ဆိုရင်တော့ အသီးအရွက်လတ်လတ်ဆတ်ဆတ်နဲ့ Salad အရသာစစ်စစ်စားချင်သူတွေအတွက် Salad House ကို ညွှန်ရမှာပါပဲ။

 

Sprouts

 

 

 

 

 

 

 

 

 

 

နောက်တစ်နေရာ ဆက်ချီတက်ကြတော့ ဒီတစ်ခါ Sprouts ပါခင်ဗျ။ ဆိုင်ခွဲလေးခုရှိပြီး  ကျွန်တော်တို့ ကတော့ ယောက်လမ်း၊ ဒဂုံမြို့နယ်ထဲက ဆိုင်ကို သွားခဲ့တာပေါ့။ ခြံထဲမှာဆိုတော့ နည်းနည်း ရှာရခက်ပါတယ်၊ ဆိုင်အပြင်အဆင်ကတော့ ကော်ဖီဆိုင်လေးတစ်ဆိုင်လို ပြင်ထားတာပါ။ Sprouts ရဲ့ ကြော်ငြာအရတော့ ကျန်းမာရေးနဲ့ ညီညွတ်အောင် Organic အသီးအရွက်၊ အသီးအနှံတွေနဲ့ပြုလုပ်တဲ့ Salad တွေကို ရောင်းတဲ့ ဆိုင်တစ်ခုပါတဲ့။

နံရံပေါ်မှာလည်း Menu တွေကို ရေးထားပြီး Salad ကို Basic Toppings, Premium Toppingတွေနဲ့ ရွေးချယ်စားနိုင်သလို Salad set တွေ ရောင်းတဲ့ အပြင် Sandwiches အမျိုးမျိုးနဲ့ soup တွေလည်း ရနိုင်ပါတယ်။ ဈေးကတော့ ၄,၀၀၀ ကနေ ၇,၅၀၀ ကျပ်ထိ အစားစားပဲ။ Salad နဲ့ တွဲစားတဲ့ Dressings ကတော့ Seasame Ginger, Caesar  စတဲ့ ၆မျိုးလောက် ရှိပါတယ်။
မြန်မာပါးစပ်နဲ့ အကိုက်လို့ သူတို့ ပြောတဲ့ Pomelo Yellow Salad နဲ့ Ham And Cheese Sandwich ကို မြည်းစမ်းကြည့်ခဲ့ပါတယ်။ Pomelo Yellow ကတော့ ကြက်ကင်နဲ့ ကျွဲကောသီးကို အဓိကထားပြီး Ginger Sesame Dressing ဆမ်းထားတဲ့ Salad ဖြစ်ပြီး မြန်မာပါးစပ်နဲ့ တည့်အောင် ပြုပြင်ယူထားလို့ပဲလား၊ Dressing  နည်းပြီး ခြောက်ကပ်ကပ်နိုင်နေလို့ပဲလား မသိ၊ အခရာအနေနဲ့တော့ ထူးခြားပြီး ဆွဲဆောင်မှု မရှိပါဘူး။ Saladဆိုင်မှာ Sandwich ကတော့ စားကောင်းနေတယ်ဗျ၊ သူတို့က ပေါင်မုန့်ကို စက်နဲ့ ပြန်ဖိပြီး လုပ်ထားတော့ ပေါင်မုန့်သားက ကြွပ်ရွပြီး ကောင်းတဲ့ အပြင် တွဲစားတဲ့ Sauce ကလည်း ခရမ်းသီးချဉ်ကို အချဉ်လျော့ထားတဲ့ အရသာနဲ့မို့ တွဲဖက်စားကောင်းပါတယ်။ မုန့်တွေ မှာပြီး ရတဲ့ အချိန်လည်း မြန်တယ်။ သူတို့ Website မှာ Online Order စနစ်လည်း တင်ထားတဲ့ အတွက် အိမ်ကနေ မှာယူလို့ ရတာပေါ့။

အခရာအနေနဲ့ ပြောရရင် Saladအနေနဲ့တော့ သိပ်အကြိုက်မတွေ့ခဲ့ဘူး ပြောရမှာပဲ။

 

You May Also Like : “ဝိတ်ချနေ့လယ်စာနဲ့ ညစာများ”

 

Healthy Me

 

 

 

 

 

 

 

 

 

 

Healthy Me ကတော့ ဗိုလ်ချုပ်လမ်းပေါ် မှာ ရှိပြီး၊ Ruby Mart ရှေ့မှာ ရှိတာဆိုတော့ ရှာရလွယ်ပါတယ်။ အပြင် Decoration က ရိုးရိုးရှင်းရှင်းပေမယ့် အထဲမှာတော့ ပြင်ဆင်ထားတာ အတော်မိုက်ပါတယ်။ ဝိတ်ချဖို့ Quotes လေးတွေ နံရံမှာ ရေးထားတော့ ဝိတ်ချဖို့ ပိုပြီး  စိတ်ပိုင်းပြတ်တာပေါ့ဗျာ။ Menu ထဲမှာတော့ Salad Set ကို Omega 3၊ Zero Calorie စတဲ့ နာမည်လေးတွေနဲ့ ရှိပြီး အချိုရည်ကတော့ Detox လုပ်ထားတဲ့ Apple Cider ၊ Honey Lemon စသဖြင့် ရှိပါတယ်။ Salad & Coffee Bar ဆိုတဲ့ အတိုင်း Coffee မျိုးစုံလည်း ရတဲ့ အပြင် ဒိန်ချဉ်တို့ ၊ Fruit Platter တို့လည်း ရပါသေးတယ်။ နောက်ထပ်လည်း Combo Set တွေ၊ Smoky Chicken ၊ Spinach Chicken စတာတွေ ထပ်ရသေးတဲ့ အတွက် ရွေးချယ်စရာ Menu အနေနဲ့တော့ တော်တော်ကို များတဲ့ ဆိုင်လို့ ပြောလို့ ရပါတယ်။

မှာထားတဲ့ Omega 3 ရောက်လို့ မြည်းစမ်းကြည့်တဲ့ အခါ Salmon ငါး၊ သံလွင်သီး စတာတွေနဲ့ လုပ်ထားပြီး လတ်ဆတ်မှုရော၊ တွဲစပ်ထားတဲ့ အတွဲအစပ်ကောင်းမွန်မှုကြောင့်ရော စားကောင်းတယ် ပြောရမယ်။ အအေးကတော့ Apple Cider မှာလိုက်တော့ သိတဲ့ အတိုင်း Detox ရဲ့ သဘောအတိုင်း ထူးထူးခြားခြား အရသာခံစရာတော့ မရှိဘူးပေါ့။ ဈေးတွေကတော့ တခြားဆိုင်တွေလိုပါပဲ၊ ၄,၀၀၀ ကျပ်ကနေ Combo Set ဆို ၈,၀၀၀ ကျပ်လောက်ထိ ရှိတာ တွေ့ရတယ်။

သူတို့ရဲ့ ထူးခြားချက်တော့ Diet Menu တစ်ခုလုပ်ထားပြီး Delivery စနစ် ရှိပါတယ်။ တစ်နပ်ချင်း မှာစားချင်သူတွေအတွက်ရော၊ တစ်လစာ မနက်၊ ည၊ ညစာ စားချင်တဲ့ သူတွေ အတွက်ရော သီးသန့်မှာယူလို့ ရပါတယ်။ သူတို့ဆီက မှာတဲ့ အတွက် ပို့ခ မယူဘူးလို့ လည်း သိရပါတယ်။ ဝိတ်လည်း လျှော့ချင်၊ ဆိုင်လည်း သွားမစားနိုင်တဲ့ အခရာပရိသတ်ကြီးအတွက်တော့ အရမ်း အိုကေတာပေါ့ဗျာ။

အဲဒီတော့ ဝိတ်လည်း လျှော့ချင်တယ်၊ ဆိုင်လည်း သွားမစားနိုင်ဘူး၊ အမယ်စုံလည်း စားချင်တယ်ဆိုတဲ့ ပရိသတ်ထုကြီးအတွက်တော့ အခရာ က Healthy Me ကို ရွေးချယ်သင့်တယ်လို့ ညွှန်းပေးချင်ပါတယ်။

Salad စားတဲ့ အခရာသူ၊အခရာသားတွေလည်း ဘယ်ဆိုင်က ကိုယ့်အကြိုက်ပိုဖြစ်တယ်ဆိုတာ Comment မှာ ရေးပေးခဲ့ရင်း  အတွေ့ အကြုံမျှဝေကြတာပေါ့။

 

ရိုးလူ (အခရာ)

www.akhayar.com