ဘောလုံးလောကရဲ့ ထိပ်တန်းအသင်းများစွာကို တာဝန်ယူကိုင်တွယ်ခဲ့ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ၀ါရင့်နည်းပြကြီး ကာပယ်လို Capello ဟာ စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ မက်ဆီ Messi တို့ကို နှိုင်းယှဉ်မှုပြုလုပ်ခဲ့ပါတယ်။ ကာပယ်လို  ဟာ စီရော်နယ်လ်ဒိုက ချန်ပီယံ ဒါပေမဲ့ မက်ဆီကတော့ ပါရမီရှင်ဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။ စီရော်နယ်လ်ဒို နဲ့ မက်ဆီ တို့ဟာ အသက်အရွယ်အတိုင်းအတာ တစ်ခုထိရောက်နေကြပြီဖြစ်ပေမယ့် ခြေစွမ်းပိုင်းကတော့ လက်ရှိအချိန်ထိ အကောင်းဆုံးပုံစံမှာရှိနေကြသူတွေပဲဖြစ်ပါတယ်။ သူတို့(၂)ဦးမှာ ဘယ်သူကပိုကောင်းလဲဆိုတာ ခုချိန်ထိ အဖြေရှာလို့ မရသလို ဘယ်တော့မှလည်း အဖြေရှာလို့ရမှာမဟုတ်တဲ့ ပုစ္ဆာတစ်ပုဒ်ပဲဖြစ်ပါတယ်။ စီရော်နယ်လ်ဒို နဲ့ မက်ဆီ တို့ဟာ Ballon d’Or ဆုကိုလည်း (၅)ကြိမ်စီရရှိထားကြတဲ့ ကစားသမားတွေဖြစ်ပါတယ်။

ကာပယ်လို ဟာ သူ့ရဲ့နှိုင်းယှဉ်ချက်ကို Sky Italia ကို ပြောကြားခဲ့တာဖြစ်ပြီး ကာပယ်လို က ” စီရော်နယ်လ်ဒိုက အံမခန်းကစားသမားတစ်ယောက်ပါ။ ဒါပေမဲ့ မက်ဆီကတော့ ပါရမီရှင်ဖြစ်ပါတယ်။ ဘောလုံးလောကမှာ ပါရမီရှင်ကစားသမား (၃)ဦးရှိပြီး သူတို့ကတော့ ပီလီ Pele ၊ မာရာဒိုနာ Maradona နဲ့ မက်ဆီ တို့ပါ။ စီရော်နယ်လ်ဒို ကတော့ အရမ်းကို သန်မာပြီး အရာအားလုံးကို အနိုင်ယူနိုင်ပါတယ်။ ဒါပေမဲ့ မက်ဆီ ကတော့ ပါရမီရှင်ဖြစ်ပြီး တခြားတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ သူတီထွင်ထားတာတွေရှိပေမယ့် ဒါကို တခြားသူတွေနားမလည်နိုင်ပါဘူး။ စီရော်နယ်လ်ဒို ကတော့ သူ့ကိုယ်သူ ချန်ပီယံဖြစ်အောင် ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူကပါရမီရှင်မဟုတ်ပါဘူး ” လို့ ပြောကြားခဲ့ပါတယ်။

ဝါရင့်နည်းပြကြီး ကာပယ်လို ကတော့ စီရော်နယ်လ်ဒို နဲ့ မက်ဆီ အပေါ် သူ့ရဲ့ထင်မြင်ချက်တွေကို ပြောသွားခဲ့ပြီးပါပြီ။ ပရိသတ်တွေအနေနဲ့လည်း စီရော်နယ်လ်ဒို နဲ့ မက်ဆီ အပေါ် ကိုယ့်ရဲ့ ထင်မြင်ချက်တွေကို ပြောသွားခဲ့ပါဦး …

Ref: Sportskeeda
Photo: Gist Junction , SPORTbible , sempremilan.com , Juventus Twitter , International News
Ko Kyue(Akhayar)
www.akhayar.com