မနေ့က April Fool နေ့မှာ ပေါက်ကရသတင်းပေါင်းစုံ ထွက်ခဲ့ပြီး တချို့ပရိသတ်တွေတောင် ယုံထင်ကြောင်ထင်ဖြစ်ခဲ့ကြပါသေးတယ်။ April Fool နေ့ဆိုတာက ကဏ္ဍအသီးသီးမှာ ပေါက်ကရ သတင်းပေါင်းစုံ ရေးကြတာဖြစ်တဲ့အပြင် နာမည်ကျော် သတင်းမီဒီယာတွေတောင် April Fool လုပ်ကြလို့ ပြဿနာတက်ခဲ့တဲ့ ရာဇ၀င်တွေလည်း ရှိခဲ့တယ်။ ဒီလိုပဲ ဘောလုံးကဏ္ဍမှာလည်း အပြောင်အပျက်ရေးသားတဲ့ သတင်းတွေ အများကြီးရှိခဲ့ပြီး မနေ့ကဆိုရင် ပြည်တွင်းက လူမှုကွန်ရက်စာမျက်နှာတွေမှာ မြန်မာအသင်းနည်းပြအဖြစ် မော်ရင်ဟို Mourinho ကို ခန့်လိုက်ပြီဆိုတဲ့ သတင်း၊ ချယ်လ်ဆီးနည်းပြရာထူးကနေ ဆာရီ Sarri အထုတ်ခံလိုက်ရပြီဆိုတဲ့ သတင်းတွေ အများကြီးပါပဲ။ ဒါဟာ မြန်မာနိုင်ငံတစ်ခုတည်းမှာသာမဟုတ်ဘဲ တခြားဥရောပနိုင်ငံတော်တော်များများမှာလည်း ဒီလို Prank News တွေကို ရေးသားဖော်ပြလေ့ရှိကြတာဖြစ်ပါတယ်။ ဒါကြောင့် April Fool နေ့မှာ ရေပန်းအစားဆုံးဖြစ်ခဲ့တဲ့ ပေါက်ကရ ဘောလုံးသတင်းတွေကို ပရိသတ်တွေ ရယ်စရာဖြစ်အောင် ပြန်လည်ဖော်ပြလိုကပါတယ် . . .

ချယ်လ်ဆီးနည်းပြအဖြစ် ကိုယ့်ဘာသာကိုယ် ပြန်ခန့်ခဲ့တဲ့ Roman Abramovich

၂၀၁၃ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ပေါက်ကရသတင်းတစ်ပုဒ်ပါ။ အဲဒီအချိန်တုန်းက ချယ်လ်ဆီးအသင်းဟာ နည်းပြအပြောင်းအလဲတွေကြောင့် တည်ငြိမ်မှု မရှိဘဲ အသင်းကို ဘင်နီတက်ဇ် Rafael Benitez က ယာယီကိုင်တွယ်နေချိန်ဖြစ်ပါတယ်။ နည်းပြတွေ တစ်ယောက်ပြီးတစ်ယောက် လဲနေရတာကို သိပ်စိတ်မရှည်တော့တဲ့ အသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျ Roman Abramovich ဟာ သူကိုယ်တိုင် နည်းပြလုပ်တော့မယ်ဆိုပြီး မီဒီယာတွေက April Fool လုပ်ခဲ့ကြတာပါ။

ဖူလ်ဟမ်အသင်းရဲ့ အိမ်ကွင်း ရေမြုပ်သွားပြီ

ဗြိတိန်နာမည်ကျော် သတင်းဌာနတစ်ဖြစ်တဲ့ BBC ဟာ ၂၀၀၀ ခုနှစ်တုန်းက ဖူလ်ဟမ်အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ Craven Cottage ကွင်းကြီး Thames မြစ်ကြီးထဲ နစ်မြုသွားပြီလို့ အကြီးအကျယ်ရေးသားခဲ့ပါတယ်။ Craven Cottage ကွင်းကလည်း Thames မြစ်ကမ်းနားမှာရှိလို့ ယုံထင်ကြောင်ထင် ဖြစ်စရာပါပဲ။ ဒါပေမဲ့လည်း တော်တော်များများက ဒါဟာ April Fool လုပ်တာလို့ သဘောပေါက်ထားလို့ BBC ရဲ့ သတင်းက သိပ်တော့ အလုပ်မဖြစ်ခဲ့ဘူး။

အဲဗာတန်အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တဲ့ Ian Rush

အီရန်ရပ်ရှ် Ian Rush ဆိုတာက လီဗာပူးလ်အသင်းမှာ ဘယ်တော့မှ မေ့ဖျောက်လို့ မရတဲ့ဂန္ထ၀င်ကစားသမားတစ်ဦးပါ။ လီဗာပူးလ်နဲ့ အဲဗာတန်ဆိုတာကလည်း မြို့ခံဖြစ်ပေမယ့် ပြိုင်ဆိုင်မှု ကြီးမားတာကို ပရိသတ်တွေ အသိပါပဲ။ ၁၉၈၉ ဧပြီလ(၁)ရက်မှာ Shoot မဂ္ဂဇင်းက အဲဗာတန်အင်္ကျီဝတ်ဆင်ထားတဲ့ အီရန်ရှပ်ရှ်ပုံနဲ့အတူ အဲဗာတန်ကို အီရန်ရှပ်ရှ်ပြောင်းသွားပြီလို့ မျက်နှာဖုံးမှာ အထင်အရှားဖော်ပြခဲ့ပါတယ်။ အဲဒီသတင်းကို ကြားလိုက်ရတဲ့အချိန်မှာ လီဗာပူးလ်ပရိသတ်တွေ မယုံနိုင်အောင်ဖြစ်ခဲ့ရပြီး အဲဗာတန်အသင်းပရိသတ်တွေကတော့ အကြီးအကျယ်ကို အောင်ပွဲခံခဲ့ကြတယ်။ ဒါပေမဲ့ မဂ္ဂဇင်းစာမျက်နှာ (၇)မှာ အဲဒီသတင်းဟာ April Fool လုပ်တာပါလို့ ဖော်ပြခဲ့တာကြောင့် အဲဗာတန်ပရိသတ်တွေ မခံချိမခံသာဖြစ်ခဲ့ရပါတယ်။

Madonna နဲ့ Date ခဲ့တဲ့ Maradona

ဒီသတင်းကတော့ တကယ့်ကို ပေါက်ပေါက်ရှာရှာပါပဲ။ ၁၉၈၉ ခုနှစ်တုန်းက အီတလီရုပ်သံတစ်ခုဟာ အဲဒီအချိန် ဘောလုံးလောကမှာသာမက နေပယ်လ်မြို့မှာပါ ဘုရင်တစ်ပါးဖြစ်နေတဲ့ မာရာဒိုနာ Maradona ဟာ သူနဲ့ နာမည်ချင်းဆင်တူတဲ့ နာမည်ကျော်အဆိုတော့ မက်ဒေါနား Madonna နဲ့ ချိန်းတွေ့ပါတယ်ဆိုပြီး April Fool လုပ်ခဲ့ပါတယ်။ အဲဒီမှာ ပြဿနာတက်ခဲ့တာက မာရာဒိုနာဟာ အိမ်ထောင်ပြုပြီးသားဖြစ်နေတာကြောင့် အဲဒီရုပ်သံမီဒီယာကို ပြဿနာရှာတော့တာပါပဲ။ နောက်ပိုင်းမှာ April Fool လုပ်ခဲ့တဲ့ မီဒီယာက မာရာဒိုနာကို လူသိရှင်ကြား ပြန်တောင်းပန်ခဲ့ရပါတယ်။

ပရိသတ်ကြီးရေ . .April Fool နေ့မှာ ပျော်ရွှင်အောင် သတင်းတုတွေနဲ့ စကြနောက်ကြတာက ကိစ္စမရှိပေမယ့် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာရင်တော့ အပျောက်ကနေ အပျက်ဖြစ်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခပ်ပျော်ပျော်နေတတ်တဲ့ လူတွေရှိနေသမျှ April Fool နေ့ကတော့ အမြဲတမ်းအသက်ဝင်နေဦးမှာပါပဲ . . .

REF:talksport
Photo:The Times of Israel,Shoot Magazine,Evening Standard,StadiumDB
Naing Linn(Akhayar)
www.akhayar.com