ရိုးမား – မန်ယူအသင်းနောက်ခံလူ စမောလင်း Chris Smalling ဟာ ရိုးမားအသင်းကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားပြီဖြစ်ပြီး ရိုးမားအသင်းမှာ ကျောနံပါတ်(၆)ကို ၀တ်ဆင်ကစားသွားမှာဖြစ်ပါတယ်။ စမောလင်းက ပြိုင်ပွဲသစ်တစ်ခုမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်လို့ သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းရဲ့ ၀ါရင့်ဘယ်နောက်ခံလူ မွန်ရီယဲလ် Nacho Monreal ဟာ ဆိုစီဒက်အသင်းကို မထင်မှတ်ဘဲ ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက မာလာဂါအသင်းကနေ ပြောင်းရွှေ့ခဲ့သူ မွန်ရီယဲလ်ဟာ အာဆင်နယ်အသင်းအတွက် ပွဲပေါင်း(၂၅၀)ကစား (၁၀)ဂိုးသွင်းယူခဲ့ပြီး မွန်ရီယဲလ်ကို လက်လွှတ်ခဲ့လို့ အာဆင်နယ်အသင်း ဘယ်နောက်ခံလူနေရာမှာ အားနည်းချက်ဖြစ်လာဖို့ရှိနေပါပြီ။

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်အသင်းရဲ့ ၀ါရင့်နောက်ခံလူ ချီလီနီ Giorgio Chiellini ဟာ ညာဘက်ဒူးအရွတ် စုတ်ပြဲဒဏ်ရာရရှိခဲ့တာကြောင့် ခွဲစိတ်ကုသမှု ခံယူရတော့မှာဖြစ်ပါတယ်။ ချီလီနီဟာ ပြီးခဲ့တဲ့သောကြာနေ့က ဂျူဗင်တပ်စ်အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ အဲဒီဒဏ်ရာရခဲ့တာဖြစ်ပြီး ဘယ်အချိန်အထိ အနားယူရမလဲဆိုတာတော့ မသိသေးပါဘူး။

ဝက်စ်ဟမ်း – ၀က်စ်ဟမ်းအသင်းဟာ သူတို့ရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား လန်ဇီနီ Manuel Lanzini ကို ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်ပါတယ်။ လန်ဇီနီရဲ့ လက်ရှိစာချုပ်သက်တမ်းက လာမယ့်နှစ်၊ နွေရာသီမှာ ကုန်ဆုံးမှာဖြစ်တာကြောင့် ၀က်စ်ဟမ်းအသင်းက သူ့ကို စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပြီး စာချုပ်သစ်အရ တစ်ပတ်လစာ ပေါင်(၁၀၀၀၀၀)ရရှိမှာဖြစ်ပါတယ်။

အင်တာမီလန် – အင်တာမီလန်အသင်း အမှုဆောင်ချုပ် မာရော့တာ Giuseppe Marotta ဟာ အသင်းတိုက်စစ်မှူး အီကာဒီ Mauro Icardi ကို အပြောင်းအရွှေ့ Dead Line ဖြစ်တဲ့ တနင်္လာနေ့မတိုင်ခင် ရောင်းချနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ အီကာဒီဟာ အင်တာမီလန်နဲ့ စာချုပ်သက်တမ်း(၂)နှစ်ကျန်နေပေမယ့် အသင်းရဲ့စီမံကိန်းတွေမှာ မပါဝင်တော့လို့ သူ့ကို ရောင်းချချင်နေတာဖြစ်ပြီး ကစားသမားကတော့ ဒီမှာပဲ ဆက်နေမယ်လို့ ဆုံးဖြတ်ထားတာကြောင့် အင်တာမီလန်အသင်း အခက်တွေ့နေတာပါ။

စပါး – အခုတနင်္ဂနွေနေ့မှာ အာဆင်နယ်နဲ့ ကစားမယ့် မြောက်လန်ဒန်ဒါဘီပွဲမတိုင်ခင် စပါးအသင်းမှာ ဒဏ်ရာရ ကစားသမားတွေ များနေတာကြောင့် နည်းပြပိုချက်တီနို Mauricio Pochettino အတွက် ခေါင်းခဲစရာဖြစ်နေပါတယ်။ စပါးအသင်းမှာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင် ဒွန်ဘီလီ Tanguy Ndombele ၊ ဒိုင်ယာ Eric Dier ၊ ဝေါလ်ကာပီတာစ် Kyle Walker-Peters ၊ ဟွမ်ဖွိုက်သ် Juan Foyth အပြင် ကစားသမားသစ် ရိုင်ယန်ဆက်ဆီနွန် Ryan Sessegnon ကလည်း တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပါတယ်။

REF:The Sun,Daily Mail,sportskeeda
Photo:AS Roma Twitter
Naing Linn(Akhayar)
www.akhayar.com