ပြီးခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းက သူတို့ရဲ့မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းကို (၄-၁)ဂိုးနဲ့ ပြတ်ပြတ်သားသားအနိုင်ယူပြီး ဒုတိယအကြိမ်မြောက် ယူရိုပါလိဂ်ဖလားကို ပိုင်ဆိုင်ခွင့်ရရှိခဲ့တယ်။ ပွဲအပြီး ဆုချီးမြှင့်ပွဲအခမ်းအနားမှာ ချယ်လ်ဆီးကစားသမားတွေ အောင်ပွဲခံကြတော့ ယူရိုပါလိဂ်ဖလားကို မြှောက်ကာ မြှောက်ကာနဲ့ အကြီးအကျယ်အောင်ပွဲခံနေတဲ့ အင်္ဂလန်ဝါရင့်ဂိုးသမား ရော်ဘတ်ဂရင်း Robert Green ကို ပရိသတ်တွေ သတိထားမိပါလိမ့်မယ်။ ဂိုးသမားဝတ်စုံအပြည့်နဲ့ ခပ်တည်တည်ပဲ အောင်ပွဲဝင်ခံခဲ့တဲ့ ရော်ဘတ်ဂရင်းဟာ အဲဒီပွဲအတွက် လူစာရင်းမှာ မပါသလို၊ ဆုတံဆိပ်လည်း မရခဲ့ပါဘူး။

၂၀၁၈ ဇန်န၀ါရီလမှာ ဟတ်ဒါဖီးလ်အသင်းကနေ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ရောဘတ်ဂရင်းဟာ ချယ်လ်ဆီးအသင်းအတွက် တစ်ပွဲမှ ပွဲထွက်ခွင့်မရခဲ့သူပါ။ ပြောရမယ်ဆိုရင် ဟတ်ဒါဖီးလ်မှာ ကစားခဲ့တဲ့ ၂၀၁၇ ကတည်းကစပြီး ရော်ဘတ်ဂရင်း ပွဲထွက်ခွင့်မရခဲ့တာက (၆၄၅)ရက်အထိ ကြာမြင့်နေပါပြီ။ အသက်(၃၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်ဘတ်ဂရင်းဟာ ကစားသမားဘ၀သက်တမ်း နှစ်(၂၀)အတွင်း အဓိက ဆုဖလားတစ်ခုမှ မရခဲ့ဖူးတာကြောင့် ယူရိုပါလိဂ်မှာ သူ့အသင်းဗိုလ်စွဲတော့ အသင်းဖော်တွေနဲ့အတူ ၀မ်းသာအားရ အောင်ပွဲဝင်ခံခဲ့တာပါပဲ။ ကျန်တဲ့အသင်းဖော်တွေကလည်း ရော်ဘတ်ဂရင်းရဲ့ ခံစားချက်ကို နားလည်တာကြောင့် သူနဲ့အတူ တပျော်တပါးပဲ အောင်ပွဲခံခဲ့ကြတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ပရိသတ်တွေက လူမှုကွန်ရက်စာမျက်နှာတွေမှာ ရော်ဘတ်ဂရင်းကို ချစ်စနိုးနဲ့ နောက်ပြောင်ရေးသားခဲ့ပြီး “ရောဘတ်ဂရင်းကို ချယ်လ်ဆီးကစားသမားတွေ ဒီလောက်အထိ ခင်မင်ကြတာတွေ့တော့ ၀မ်းသာရပါတယ်”၊ “အသက်(၃၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်ဘတ်ဂရင်းဟာ တစ်ပွဲမှ မကစားရဘဲနဲ့ အဓိကဆုဖလားတစ်ခုကို ရယူနိုင်ခဲ့ပါပြီ။ သူရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ခဲ့ပြီလို့ ပြောရမှာပါ”လို့ ရေးသားခဲ့ကြပါတယ်။

ဗိုလ်လုပွဲမှာ မကစားဘဲနဲ့ ၀တ်စုံပြည့်ဝတ်ပြီး အောင်ပွဲခံခဲ့တာက ဒါ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ၂၀၁၂-၁၃ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်း ဗိုလ်စွဲခဲ့တုန်းက အသင်းခေါင်းဆောင် တယ်ရီ John Terry ဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဗိုလ်လုပွဲကို လွဲချော်ခဲ့ပေမယ့် ပွဲအပြီးမှာ ၀တ်စုံအပြည့်ဝတ်ပြီး အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။ ကိုယ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကိုယ့်အသင်း ဆုဖလားရယူနိုင်ခဲ့ချိန်မှာ အသင်းရဲ့အောင်ပွဲကို စီးမျောခံစားပြီး အောင်ပွဲခံခဲ့ကြတဲ့ တယ်ရီ၊ ရောဘတ်ဂရင်းတို့ရဲ့ ခံစားချက်ကို ပရိသတ်တွေလည်း နားလည်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

REF:The Sun
Photo:Twitter,Fox Sports,Goal
Naing Linn(Akhayar)
www.akhayar.com