တက္ကစီမောင်းတဲ့ယာဉ်မောင်းတွေမှာ ရသင့်တဲ့အခွင့်အရေးတွေရှိပေမယ့် ကျွန်တော်တို့နိုင်ငံမှာတော့ အဲ့ဒီအခွင့်အရေးတွေကို ပြည့်ပြည့်ဝဝမရကြသေးပါဘူး။ ခရီးသည်တွေအနေနဲ့လည်း ယာဉ်မောင်းတွေ ရသင့်တဲ့အခွင့်အရေးကို နားလည်ပေးဖို့လိုပါတယ်။ ဘယ်အရာမဆို သူ့ဖက်၊ ကိုယ့်ဖက်မျှမျှတတကြည့်တတ်ပါမှ ကျွန်တော်တို့နိုင်ငံဖွံ့ဖြိုးတိုးတက်မှာပါ။ ကိုယ်ရဲ့ရပိုင်ခွင့်ကိုလည်း တက္ကစီယာဉ်မောင်းတိုင်း သိရှိစေဖို့ အခရာမှဖော်ပြ လိုက်ပါတယ်။

ရပ်ဖို့နေမရာမရှိ

နံပါတ်အနီနဲ့ပြေးဆွဲတဲ့ တက္ကစီအငှားယာဉ်တွေအကုန်လုံးက နိုင်ငံတော်ကိုပြေးဆွဲခွန်ဆောင်ရပါတယ်။ အဲ့ဒီလိုပြေးဆွဲခွန်ဆောင်ထားတဲ့အတွက် လမ်းမကောင်းတဲ့နေရာမျိုးရှိခဲ့ရင် သူတို့ Complaint တက်ခွင့်ရှိပါတယ်။နောက်ပြီးတော့ ရန်ကုန်မြို့တော်စည်ပင်ကိုလည်း ဘီးခွန်ဆောင်ရပါတယ်။ မော်တော်ယာဉ် ရပ်နားခွင့်ပေးထားတဲ့နေရာမျိုးမှာ လွတ်လပ်စွာရပ်ခွင့်ရှိရပါမယ်။ အခုအချိန်မှာက လမ်းမကောင်းလည်း ကြိတ်မှိတ်မောင်းရသလိုတက္ကစီအတွက်ရပ်နားဖို့နေရာ သတ်သတ်မှတ်မှတ်လည်း မပေးထားတဲ့အတွက် ယာဉ်မောင်းတွေဟာ ကြုံသလိုရပ်နားပြီး အော်ဒါရှာရပါတယ်။ အချို့ဆိုင်တွေ၊ အိမ်တွေကလည်း သူတို့အရှေ့မှာ ကားလာရပ်ရင်မကြိုက်ကြသလို တကယ့်လူသွားလူလာများတဲ့ ရှော့ပင်းစင်တာပတ်ဝန်းကျင်မှာလည်း Taxi Stand ရယ်လို့ မရှိပါဘူး။

စောင့်ဆိုင်းခ မရ

ယာဉ်မောင်းတွေကြုံတွေ့ရတဲ့ အခက်အခဲတစ်ခုက ရန်ကုန်မြို့က ယာဉ်ကြောပိတ်ဆို့မှုပြသာနာပါ။ ယာဉ်ကြောပိတ်ဆို့တဲ့အခါမှာ နာရီဝက်လောက်ကြာရမယ့် ခရီးက တစ်နာရီ၊တစ်နာရီခွဲလောက်ကြာသွားတတ်ပါတယ်။ အဲ့ဒီလိုကြာသွားတတ်ပေမယ့် သူတို့ဟာ စောင့်ဆိုင်းခဆိုတာကို ခရီးသည်တွေဆီကမရကြပါဘူး။ဈေးပိုတောင်းတော့လည်း ခရီးသည်တွေရဲ့ ငြိုငြင်မှုကိုခံရပါသေးတယ်။ စောင့်ဆိုင်းခပါဝင်တဲ့ မီတာစနစ်သာအပြောင်းအလဲဖြစ်ခဲ့ရင် တက္ကစီယာဉ်မောင်းတွေရဲ့ ဒီအခက်အခဲပြေလည်နိုင်ပါတယ်။

လုံခြုံမှုမရှိ

တက္ကစီမောင်းတဲ့သူကို ဓါးထောက်ပြီးလုတာ၊ လူပြတ်တဲ့နေရာကို ငှားပြီး အဖွဲ့လိုက်အနိုင်ကျင့်လုတဲ့ သတင်းမျိုးတွေကို တွေ့ဖူးမှာပါ။ တာမွေက တက္ကစီယာဉ်မောင်းတစ်ယောက်ဆိုရင် မြောက်ဒဂုံ မဝတလမ်းဆုံမှာ အသက်တောင် ဆုံးရှုံးဖူးပါတယ်။ ကိုယ်ရဲ့ဝမ်းရေးအတွက် ရှာဖွေနေတဲ့အချိန်မှာ လူတိုင်းလုံလုံခြုံခြုံနေချင်တာမို့ တက္ကစီယာဉ်မောင်းတွေအတွက် လုံခြုံမှုဆိုတာ အမှန်လိုအပ်ပါတယ်။ တချို့ယာဉ်မောင်းတွေက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ကားပေါ်မှာ တုတ်ဆောင်တတ်ပေမယ့် ဒါဟာအဖြေတစ်ခုမဟုတ်ပါဘူး။

ငှားရမ်းတာကို ငြင်းပယ်ခွင့်ရှိ

ခရီးသည်ရဲ့ပုံစံကို မကြိုက်တာပဲဖြစ်ဖြစ်၊ လမ်ကြောင်းအနေအထားအရ အဆင်မပြေတာမျိုးဖြစ်ဖြစ်ရှိခဲ့ရင် စီးနင်းတဲ့သူကို ချိုချိုသာသာ ငြင်းပယ်ခွင့်ရှိပါတယ်။

စပြီးပြောတုန်းကတော့ တစ်နေရာ၊ တကယ်တမ်းပို့ခိုင်းတော့တစ်နေရာ

တချို့ခရီးသည်တွေက စငှားတုန်းကပြောတဲ့နေရာနဲ့ တကယ်တမ်းပို့ခိုင်းတဲ့နေရာနဲ့က နည်းနည်းကွဲတတ်ပါတယ်။ အဲ့ဒီလိုအချိန်မျိုးကြရင် ယာဉ်မောင်းအနေနဲ့ ကျသင့်ငွေကို ပိုမိုတောင်းခွင့်ရှိပါတယ်။ တစ်ခါတစ်လေကျရင် ဘယ်နေရာမှာ ဘယ်သူကိုဝင်ခေါ်မယ်လို့ပြောပြီးအရမ်းကြာနေခဲ့ရင်လည်း ယာဉ်မောင်းရဲ့အချိန်တွေကိုကုန်ဆုံးစေတဲ့အတွက် ယာဉ်စီးခက ပိုမိုတောင်းခွင့်ရှိပါတယ်။ ဘယ်လမ်းကြောင်းကနေမောင်းဆိုပြီး ယာဉ်မောင်းကို ညွှန်ကြားတာက ခရီးသည်တစ်ယောက်ရဲ့အခွင့်အရေးဖြစ်ပေမယ့် ယာဉ်မောင်းအများစု လမ်းကျွမ်းကျင်ကြသလို ယာဉ်ကြောအခြေအနေကိုလည်း နားလည်ကြပါတယ်။ ခရီးသည်ရွေးတဲ့လမ်းကြောင်းကြောင့် အချိန်လင့်တာမျိုးဖြစ်လာခဲ့ရင် ယာဉ်မောင်းတွေအနေနဲ့ ဈေးတိုးတောင်းနိုင်ပါတယ်။

တကယ်တော့ အခုအချိန်အထိ တက္ကစီယာဉ်မောင်းအများစုဟာ ဝမ်းရေးအတွက် အဆင်ပြေအောင်ရှာဖွေစားသောက်နေရတဲ့သူတွေပါ။ သူတို့ရသင့်တဲ့အခွင့်အရေးတွေကို ပြည့်ပြည့်ဝဝလည်း မရရှိကြသေးပါဘူး။

မင်းသုခ (အခရာ)

(www.akhayar.com)