[Zawgyi]

အချမ်းသာဆုံး ဆယ်လီတွေ သူတို့ ငွေကို ဘယ်လို သုံးပြီး ဘယ်လို ဖြုန်း (အပိုင်း ၁)

အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီဆိုတာနဲ့ ငွေဝင်လမ်းတွေဟာလည်း များလာပြီး သရုပ်ဆောင်ခ၊ အခွေရောင်းရငွေ၊ ပုံရိပ်အသုံးပြုခ၊ စပွန်ဆာကြေးတွေက နောက်က လိုက်လာပါတယ်။ ဆယ်လီတိုင်းဟာလည်း လူတွေထဲက လူတွေပဲမို့ ကျားကြီး ခြေရာကြီးဆိုသလို ဝင်ငွေရဲ့ နောက်မှာ သုံးချင်ဖြုန်းချင်တာလေးတွေက လိုက်လာကြတာပါပဲ။ ဆယ်လီတွေ ဘယ်နေရာမှာ ငွေသုံးဖို့လက်မတွန့်ကြဘူးလဲဆိုတော့…

၁။ စာဖတ်ပရိသတ် Kendall Jenner လေး

Kendall ကတော့ လက်ရှိမှာ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး မော်ဒယ်လ်တွေထဲက တစ်ယောက်ဖြစ်နေပါပြီ။ အားပေးမှုများတဲ့ ဖက်ရှင်ကမ္ဘာမှာ အသက် ၂၂ နှစ်သာရှိသေးတဲ့ Kendall ရဲ့ အောင်မြင်မှုကတော့ အားကျစရာပါပဲ။

သူ့ရဲ့ ပိုင်ဆိုင်မှုတန်ကြေးဟာ ဒေါ်လာ ၁၈ သန်းလောက် ရှိရုံတင်မဟုတ်ဘဲ နှစ်စဉ်ဝင်ငွေဟာလည်း ဒေါ်လာ ၄ သန်းလောက်ရှိနေပါပြီ။ ဒါတင်မဟုတ်ဘဲ Instagram မှာလည်း Followers အများဆုံး ဆယ်လီ ၁၅ ဦးထဲမှာ တစ်ဦးအပါအဝင်လည်း ဖြစ်ပါတယ်။

ဒီလို မော်ဒယ်လ်တစ်ယောက် ဘယ်နေရာမှာ ငွေသုံးလဲဆိုတာ သိသွားရင် အံ့သြသွားမှာပါ။ Instagirl ဖြစ်တဲ့ သူက စာအုပ်တွေကိုတွေ့ရင် မနေနိုင်ပါဘူးတဲ့။ စာအုပ်ဆိုင်တစ်ခါသွားရင် ဒေါ်လာ ၂၀၀၀ လောက် သုံးတတ်ပါတယ်၊ ထင်တောင် မထင်ရဘူးပေါ့ဗျာ။

၂။ ကားမက်သူ Justin Bieber

မိန်းကလေးတွေရဲ့ အသည်းကျော်လေး ၊ ကနေဒီယန်း အဆိုတော် JB ကတော့ သူ့ရဲ့ ဝင်ငွေတွေကို အခွေနဲ့ စင်တင်စတိတ်ရှိုးလက်မှတ်တွေ ရောင်းရငွေကနေ ရနေပါတယ်။ ဒါတင်မဟုတ်ဘဲ နာမည်ကြီး ကုန်အမှတ်တံဆိပ်တွေဖြစ်တဲ့ Calvin Klein ကအစ သူ့ပုံရိပ်၊ သူ့နာမည်ကို အသုံးပြုခွင့်ရဖို့ ကြိုးစားနေရတာ ဖြစ်ပါတယ်။

ဒီလို ဝင်ငွေကောင်းတဲ့ Bieber ရဲ့ အာရုံညွတ်စရာဟာ ကားတွေ ဖြစ်ပါတယ်တဲ့။ 997 Porsche Turbo ၊ Lamborghini Aventador နဲ့ Audi R8 ကအစလို့ ကားတွေကို ဆက်တိုက်စုနေပြီး တစ်လကို ဒေါ်လာတစ်သန်းလောက် သုံးစွဲနေခဲ့ပါတယ်။

၃။ အိမ်ခြံမြေပိုင်ရှင်ကြီးလုပ်မယ့် Taylor Swift

Country Music တွေ ဆိုရင်းကနေ Pop Line ဘက်ရောက်လာပြီး အရောင်းရဆုံးစာရင်းတွေထဲမှာ ထိပ်ဆုံးနေရာမှာ ရပ်တည်နေလေ့ရှိတဲ့ Taylor အတွက်တော့ ဝင်ငွေဆိုတာ ကောင်းပြီးသားလို့ ပြောရမှာပါ။ ဒီ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ အဆိုတော်ရဲ့ အာရုံကျတာကတော့ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းပါတဲ့။

တစ်ခါကဆို Rhode Island ကမ်းခြေပိုင်းမှာရှိတဲ့ ဒေါ်လာ ၁၇ သန်းတန်အိမ်ကြီးကို မျက်စိကျတာနဲ့ တစ်ခါတည်း ငွေသားနဲ့ပဲ ပေးချေပြီး ဝယ်ခဲ့ဖူးပါတယ်။ နယူးယောက်မြို့တော်ကြီးမှာ ရှိတဲ့ ဒေါ်လာ ၅၅ သန်းတန်တဲ့ တိုက်ခန်းစုတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဒါတွေအပြင် နောက်ထပ်သူ့အတွက် ကုန်စရာဆိုလို့ သူ့ဝန်ထမ်းတွေနဲ့ Crew အဖွဲ့ဝင်တွေအတွက်ပါတဲ့။

၎။ ချစ်ပြတတ်သူ Angelina Jolie

Jolie လို့ဆိုလိုက်တာနဲ့ အကြမ်း၊ အရမ်း၊ အနု စွယ်စုံရမင်းသမီးကြီးတစ်လက်ကို ပြေးမြင်မှာ ဖြစ်ပြီး သူ့ရဲ့ ရုပ်ရှင်တွေ ဖြစ်တဲ့ “Tomb Raider” နဲ့ အော်စကာမှာ တစ်ပြေးခဲ့တဲ့ “Changeling” လို ဇာတ်ကားတွေဟာ အရမ်းအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို အောင်မြင်တဲ့ Jolie ဟာလည်း ငွေသုံးတဲ့ နေရာမှာလည်း လက်မနှေးပါဘူး။ ခင်ပွန်းဟောင်း Brad Pitt ရဲ့ မွေးနေ့အတွက် အသည်းပုံ ပုံသဏ္ဍာန်ရှိတဲ့ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၂ သန်းနဲ့ ဝယ်ပြီး လက်ဆောင်ပေးခဲ့ဖူးပါတယ်။ အဲဒီကျွန်းပေါ်မှာ အသက်ရှုမှားလောက်အောင် လက်ရာမြောက်တဲ့ စံအိမ်ကြီးတစ်ခုလည်း ဆောက်ပေးခဲ့ဖူးသူဖြစ်ပါတယ်။

၅။ အရုပ်ကြိုက်တဲ့ Kim Kardashian

Kim Kardashian နဲ့ Date ထွက်ခွင့် တစ်ကြိမ်ကို ဒေါ်လာ ၅ သိန်းလောက် ပေါက်တယ်လို့ ပြောပါတယ်။ ဒီပမာဏကို ဘယ်သူသုံးလဲလို့ ထင်လာရင်တော့ သုံးတဲ့ သူဌေးသား အများကြီးရှိတယ်လို့ ဆိုရမှာပါပဲ။ သူဟာ ထူးထူးဆန်းဆန်း အရုပ်တွေ၊ အမှတ်တရတွေ စုဆောင်းရတာ ကြိုက်ပြီး Swarovski နဲ့ လုပ်ထားတဲ့ မြင်းပျံအရုပ်တစ်ခုအတွက် ဒေါ်လာ ၁သိန်း ၂ သောင်း ၅ ထောင်သုံးခဲ့ပါတယ်။ Louis Vuitton Teddy Bear အရုပ်အတွက်လည်း ဒေါ်လာ ၉ သောင်းလောက် အသုံးပြုခဲ့ပါတယ်။

လူတစ်ကိုယ်အကြိုက်တစ်မျိုးမို့ နောက်ထပ် ပရိသတ်အချစ်တော်Celebrity တွေ ဘယ်နေရာမှာ ဘယ်လိုငွေသုံးလဲဆိုတာ ထပ်ပြီး ဖော်ပြပါဦးမယ်။

ရိုးလူ (အခရာ)

www.akhayar.com

Ref : www.viraliq.com