ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၃)မှာတော့ ၀ုလ်ဗ်က မန်ယူအသင်းကို ( ၂ – ၁ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဝုလ်ဗ် ၂ – ၁ မန်ယူ

မန်ယူအသင်းအတွက်တော့ ၀ုလ်ဗ်ကို ရှုံးကြွေးထပ်တင်ပွဲဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာတော့ မန်ယူအသင်းဟာ လူစာရင်းအပြောင်းအလဲနဲ့ ကစားကွက်အပြောင်းအလဲတွေပြုလုပ်ပြီး ပွဲထွက်ခဲ့တာပါ။ ပွဲအစပိုင်းမှာ မန်ယူအသင်းဟာ အခွင့်အရေးတချို့ရရှိခဲ့ပေမယ့် ၀ုလ်ဗ်ဂိုးသမား ပတ်ထရီစီယို Patricio ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန်(၁၃)မိနစ်မှာတော့ မန်ယူအသင်း ဦးဆောင်ဂိုးစရခဲ့ပြီး တွမ်မီနေး Tominay က အဝေးကန်ချက်နဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဂိုးရအပြီးမှာ နောက်ထပ်ဂိုးရနိုင်မယ့် အခွင့်အရေးတွေရခဲ့ပေမယ့် ဂိုးသမား ပတ်ထရီစီယို ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ ပွဲချိန်(၂၅)မိနစ်မှာတော့ မန်ယူကစားသမားတွေရဲ့ ပေါ့ဆမှုကနေ ၀ုလ်ဗ်အသင်းချေပဂိုးပြန်ရခဲ့ပြီး ဒီယေဂိုဂျိုတာ Diogo Jota က သွင်းယူခဲ့တာပါ။ ချေပဂိုးရပြီးနောက်ပိုင်းမှာတော့ ၀ုလ်ဗ်အသင်းက ကစားပုံပြန်တက်လာခဲ့ပြီး မန်ယူအသင်းဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း မန်ယူအသင်းရဲ့ ထိုးဖောက်ချက်ကို ဂိုးသမား ပတ်ထရီစီယို ကာကွယ်နိုင်ခဲ့သလို မန်ယူအသင်းခေါင်းဆောင် အက်ရှ်လေယန်း Young ဟာလည်း ကြမ်းတမ်းတဲ့ ဖျက်ထုတ်ပုံတွေကြောင့် ပွဲချိန်(၅၇)မိနစ်မှာ (၂)၀ါ (၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ပွဲချိန်(၇၇)မိနစ်မှာတော့ ၀ုလ်ဗ်အသင်း အနိုင်ဂိုးရရှိခဲ့ပြီး မန်ယူဂိုးရှေ့မှာ ရှုပ်ယှက်ခက်နေတဲ့ အနေအထားကနေ စမောလင်း Smalling က ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တာပါ။ မန်ယူအသင်းရဲ့ ဒီပွဲစွမ်းဆောင်ရည်ဟာ အကောင်းကြီးမဟုတ်ပေမယ့် ရရှိခဲ့တဲ့ အခွင့်အရေးတွေကို ၀ုလ်ဗ်ဂိုးသမား ပတ်ထရီစီယို လက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် ကံဆိုးခဲ့ရပါတယ်။ ဒီရှုံးပွဲကြောင့် မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ်မှာ အဆင့်(၄)အတွင်း ၀င်ဖို့မျှော်လင့်ချက်ဟာ လည်းေ၀၀ါးသွားခဲ့ရပါတယ်။

Photo: Premier League Twitter
Ko Kyue(Akhayar)
www.akhayar.com