ဒီနေ့ မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၄)မှာတော့ အာဆင်နယ်အသင်းဟာ ၀က်ဖို့ဒ်ကို အဝေးကွင်းမှာ ( ၀ – ၁ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဝက်ဖို့ဒ် ၀ – ၁ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီပွဲကို အနိုင်ရရှိခဲ့ပေမယ့် ၀က်ဖို့ဒ်အသင်းရဲ့ ကြိုးစားမှုကြောင့် တော်တော်လေးကို ခက်ခဲခဲ့ပါတယ်။ ဒီပွဲမှာတော့ အာဆင်နယ်အသင်းဟာ ကံတရားရဲ့ဖေးမမှုကို ရရှိခဲ့ပြီး လက်ဆောင်ဂိုးတစ်ဂိုးနဲ့ ပြိုင်ဘက်ရဲ့ တစ်ယောက်လျော့အနေအထားတွေကို ရရှိခဲ့တာပါ။ ပွဲချိန်(၁၀)မိနစ်မှာပဲ အာဆင်နယ်အသင်း ဦးဆောင်ဂိုးစရခဲ့ပြီး ၀က်ဖို့ဒ်ဂိုးသမားဖော်စတာ Foster ဘောလုံးကို ကန်တင်ဖို့ ကြန့်ကြာနေတာကို တိုက်စစ်မှူး အူဘာမီယန်း Aubameyang က အမိအရအသုံးချနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲချိန်(၁၁)မိနစ်မှာတော့ ၀က်ဖို့ဒ်တိုက်စစ်မှူး ဒီနေး Deeney အာဆင်နယ်ကွင်းလယ်လူ တော်ရဲရား Torreira ကို တံတောင်စွမ်းပြခဲ့လို့ တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

(၁၀)ယောက်တည်းဖြစ်သွားခဲ့ပေမယ့် ၀က်ဖို့ဒ်အသင်းဟာ အကောင်းဆုံးကြိုးစားကစားခဲ့ပြီး အာဆင်နယ်ကို အံတုနိုင်ခဲ့ပါတယ်။ ဒီပွဲမှာတော့ ၀က်ဖို့ဒ်အသင်းဟာ ဂိုးရဖို့ကံခေခဲ့သလို အာဆင်နယ်အသင်းအတွက် ဂိုးသမားလေနို Leno က လက်စွမ်းပြကာကွယ်မှုတွေပြုလုပ်နိုင်ခဲ့ပြီး ၀က်ဖို့ဒ်အသင်းရဲ့ အဝေးကန်ချက်တစ်ကြိမ်ကလည်း ဘားတန်းထိထွက်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာလည်း အခွင့်အရေးတွေရရှိခဲ့ပေမယ့် ၀က်ဖို့ဒ်ဂိုးသမား ဖော်စတာ ကာကွယ်နိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါနေတဲ့ အချိန်မှာ ကစားရခက်ခဲတဲ့ ၀က်ဖို့ဒ်အသင်းရဲ့ ကွင်းမှာ အနိုင်ရမှတ်(၃)မှတ်ရရှိခဲ့တာကြောင့် အာဆင်နယ်အသင်းအတွက် ကျေနပ်စရာဖြစ်ခဲ့ပါတယ်။

Photo: Arsenal Twitter , Premier League Twitter
Ko Kyue(Akhayar)
www.akhayar.com