၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ ဗင်နီဇွဲလား – အာဂျင်တီးနားပွဲစဉ်မှာ အာဂျင်တီးနားအသင်းက ( ၀ – ၂ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဗင်နီဇွဲလား ၀ – ၂ အာဂျင်တီးနား

ဒီပွဲမှာတော့ အာဂျင်တီးနားတိုက်စစ်ကို မာတီနက်ဇ် Martínez ၊ မက်ဆီ Messi ၊ အဂွဲရိုး Aguero တို့က ဦးဆောင်လာခဲ့ပြီး ဗင်နီဇွဲလားအသင်းကတော့ ထုံးစံအတိုင်း တိုက်စစ်ပိုင်းမှာ ရွန်ဒွန် Rondon တစ်ဦးတည်းကို တင်ကစားခဲ့ပါတယ်။ ပွဲအစပိုင်းမှာတင် အာဂျင်တီးနားအသင်းဟာ ဗင်နီဇွဲလားဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန်(၁၀)မိနစ်အရောက်မှာပဲ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ တိုက်စစ်မှူး မာတီနက်ဇ် က နောက်ပေါက်နဲ့ သွင်းယူခဲ့တာပါ။ ပထမပိုင်းမှာတော့ (၂)သင်းလုံးဟာ ဂိုးပေါက်ကန်သွင်းချက် ကိုယ်စီရှိခဲ့ကြပေမယ့် ပုံမှန်ကန်ချက်တွေလောက်သာဖြစ်လို့ သိပ်ပြီးရင်ခုန်စရာမကောင်းခဲ့ပါဘူး။

ဒုတိယပိုင်းမှာတော့ ပွဲက ပထမပိုင်းကထက် ပိုမြိုင်လာခဲ့ပြီး ဗင်နီဇွဲလားအသင်းရဲ့ ဂိုးရနိုင်တဲ့ ထိုးဖောက်ကန်သွင်းချက်ကိုလည်း အာဂျင်တီးနားဂိုးသမား အာမာနီ Armani ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန်(၇၄)မိနစ်မှာတော့ အာဂျင်တီးနားအသင်း အနိုင်သေချာစေမယ့် ဒုတိယဂိုးရရှိခဲ့ပြီး ဒီဂိုးကတော့ ဗင်နီဇွဲလား ဂိုးသမား Farinez ရဲ့ ပေါ့ဆမှုကြောင့် ရရှိခဲ့တာပါ။ အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုး ရဲ့ ပုံမှန်ကန်ချက်ကို Farinez ဖမ်းတာမှာ ဘောလုံးက ပြန်ထွက်လာခဲ့ပြီး ဒီအခြေအနေကို အသင့်ရှိနေတဲ့ လူစားဝင်ကစားသမား လိုဆယ်ဆို Lo Celso ကအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ဂိုးသမားအာမာနီ နဲ့ လူငယ်တိုက်စစ်မှူး မာတီနက်ဇ် တို့ဟာ အကောင်းဆုံးစွမ်းဆောင်ပေးနေတဲ့ ကစားသမားတွေဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့နေရာမှာ သူတို့(၂)ဦးက အဓိကကျတဲ့နေရာမှာရှိနေခဲ့ပါတယ်။ ဆီမီးဖိုင်နယ်အဆင့်မှာတော့ အာဂျင်တီးနားအသင်းဟာ အိမ်ရှင် ဘရာဇီးလ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် ရင်ခုန်စရာပွဲကောင်းတစ်ပွဲကိုတော့ ခံစားရဦးမှာ သေချာပါတယ်။

Photo: Copa America Twitter , Argentina Twitter
Ko Kyue(Akhayar)
www.akhayar.com