ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်(၃၀)မှာတော့ ဗလင်စီယာအသင်းဟာ ရီးယဲလ်အသင်းကို အိမ်ကွင်းမှာ ( ၂ – ၁ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဗလင်စီယာ ၂ – ၁ ရီးယဲလ်မက်ဒရစ်

ဒီပွဲမှာ နှစ်သင်းလုံးဟာ လူစုံတက်စုံနဲ့ ပွဲထွက်ခဲ့ကြပြီး ပွဲကောင်းတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။ ရီးယဲလ်အသင်းဟာ ဗလင်စီယာကို ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ကစားနိုင်ခဲ့ပေမယ့် ဗလင်စီယာအသင်းကတော့ သူတို့ရဲ့ ထုံးစံအတိုင်း အိမ်ကွင်းခြေစွမ်းကောင်းကို ပြနိုင်ခဲ့ပါတယ်။ ပွဲချိန်(၃၅)မိနစ်မှာတော့ ဗလင်စီယာအသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး Guedes က နာဗတ်စ် Navas ရဲ့ ညာဘက်ထောင့်ထဲကို လှလှပပ အဆုံးသတ် ကန်သွင်းယူခဲ့တာပါ။ ဂိုးရပြီးနောက်မှာလည်း ဗလင်စီယာ ဟာ ရီးယဲလ်ဘက်ကို ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းအားနည်းလို့သာ ဂိုးထပ်မရခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း ဗလင်စီယာအသင်းဟာ အခွင့်အရေးတွေရရှိခဲ့ပြီး ပွဲချိန်(၈၃)မိနစ်မှာတော့ ဒုတိယဂိုးထပ်ရခဲ့ပါတယ်။ ဒီဂိုးကိုတော့ နောက်ခံလူ ဂါရေး Garay ကထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူခဲ့တာပါ။ ရီးယဲလ်အသင်းအတွက် ချေပဂိုးကိုတော့ လက်ရှိမှာ ဂိုးမြူးနေတဲ့ တိုက်စစ်မှူး ဘန်ဇီမာ Benzema က ပွဲချိန်(၉၃)မိနစ်မှာ ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီရှုံးပွဲဟာ နည်းပြ ဇီဒန်း Zidane ရဲ့ ရီးယဲလ်နည်းပြဘ၀ တစ်ကျော့ပြန် ပထမဆုံးရှုံးပွဲဖြစ်ခဲ့ပါတယ်။ ဇီဒန်း လက်ထက်မှာ ရီးယဲလ်အသင်းဟာ ပြောင်းလဲမှုတချို့ရှိခဲ့ပေမယ့် လိုအပ်ချက်တွေလည်း ရှိနေဆဲပါပဲ။ ဒီရာသီမှာတော့ ရီးယဲလ်အသင်းအနေနဲ့ လာလီဂါမှာ အဆင့်ကောင်းကောင်းနဲ့ ရာသီသိမ်းဖို့ကိုသာ ပစ်မှတ်ထားရတော့မှာဖြစ်ပြီး လာမယ့်ရာသီမှာတော့ အရင်အဆင့်အတန်းမျိုး ပြန်ရဖို့ အသင်းကို ကြီးမားတဲ့ အေပြာင်းအလဲတွေပြုလုပ်ဖို့ လိုအပ်နေပါတယ်။

Photo: Valencia Twitter , Real Madrid Twitter , Chicago Tribune , Playing for 90
Ko Kyue(Akhayar)
www.akhayar.com