၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲအုပ်စု (C) ရဲ့ဥရုဂွေး – ဂျပန်ပွဲမှာတော့ တစ်ဖက်(၂)ဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

ဥရုဂွေး ၂ – ၂ ဂျပန်

ဥရုဂွေးအသင်းဟာ ဒီပွဲမှာ လူစာရင်းပိုင်း အပြောင်းအလဲ သိပ်မရှိခဲ့ပေမယ့် ဂျပန်အသင်းကတော့ လူစာရင်းပိုင်း အပြောင်းအလဲလေးတွေ ပြုလုပ်လာခဲ့ပါတယ်။ ချီလီအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့် အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့တဲ့ ဂျပန်အသင်းဟာ ဒီပွဲမှာလည်း ဥရုဂွေးကို ဒုက္ခပေးနိုင်ခဲ့ပြီး ဦးဆောင်ဂိုးတွေစတင်ရရှိခဲ့တာပါ။ ပွဲချိန်(၂၅)မိနစ်မှာတော့ ဂျပန်အသင်း ဂိုးစရခဲ့ပြီး တောင်ပံကစားသမား မီယိုရှီ Miyoshi က တစ်ကိုယ်တော် အစွမ်းနဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။ ဦးဆောင်ဂိုးရပြီး သိပ်မကြာခင်မှာပဲ ကာဗာနီ Cavani ကို ဂျပန်ခံစစ်က တားဆီးပုံကြမ်းခဲ့တာကြောင့် ဥရုဂွေးအသင်း ပယ်နယ်တီကန်ခွင့်ရရှိခဲ့ပြီး ဒီပယ်နယ်တီကို ပွဲချိန်(၃၂)မိနစ်မှာ ဆွာရက်ဇ် Suarez က ကန်သွင်းယူခဲ့ပါတယ်။ ချေပဂိုးပြန်ရ အပြီးပွဲချိန်(၃၅)မိနစ်မှာ ကာဗာနီ ရဲ့ အဝေးကန်ချက် တော်တော်လေးကို ကောင်းမွန်ခဲ့ပေမယ့် ဘားတန်းထိထွက်ခဲ့လို့ ဥရုဂွေးအသင်း နစ်နာခဲ့ရပါတယ်။

ဒုတိယပိုင်း ပွဲချိန်(၅၉)မိနစ်မှာတော့ ဂျပန်အသင်း ဒုတိယဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကတော့ ဘယ်တောင်ပံကနေ တင်ပေးလိုက်တဲ့ ဘောလုံးကို ဥရုဂွေးဂိုးသမား မူဆလီယာ Muslera က မီယိုရှီ ရှေ့တည့်တည့်ကို ပုတ်ချပေးလိုက်သလိုဖြစ်ခဲ့ပြီး ဒီအခွင့်အရေးကို မီယိုရှီ က အပြည့်အ၀အသုံးချနိုင်ခဲ့တာဖြစ်ပါတယ်။ ဂျပန်အသင်းရဲ့ ဦးဆောင်မှုကို ထပ်ခံလိုက်ရတာကြောင့် ဥရုဂွေးအသင်းဂိုးပြန်ရဖို့ ကြိုးစားလာခဲ့ပြီး ပွဲချိန်(၆၆)မိနစ်မှာတော့ ချေပဂိုးပြန်ရခဲ့ပါတယ်။ ဒီဂိုးကိုတော့ နောက်ခံလူ ဟီမီနက်ဇ် Gimenez က ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူခဲ့တာပါ။ နောက်ပိုင်းမိနစ်တွေမှာတော့ (၂)သင်းလုံး သွင်းဂိုးတွေရှာဖွေနိုင်ခြင်းမရှိတာကြောင့် သရေရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ လက်ရှိမှာတော့ ဥရုဂွေးအသင်းဟာ အုပ်စု (C)မှာ (၂)ပွဲကစားအပြီး ရမှတ်(၄)မှတ်ရရှိထားသလို အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် လာမယ့်(၂၅)ရက်နေ့မှာ ချီလီအသင်းနဲ့ ကစားသွားရမှာဖြစ်ပါတယ်။

Photo: Uruguay Twitter
Ko Kyue(Akhayar)
www.akhayar.com