ဒီနေ့ မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်ဒုတိယအကျော့ ပွဲစဉ်မှာတော့ ဘာစီလိုနာအသင်းဟာ ရီးယဲလ်အသင်းကို အဝေးကွင်းမှာ ( ၀ – ၃ )နဲ့ အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ( ၁ – ၄ )နဲ့ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ် ၀ – ၃ ဘာစီလိုနာ

ဒီပွဲမှာ အခွင့်အရေးတွေကို အကာင်းဆုံး အသုံးချနိုင်ခဲ့တဲ့ အသင်းက အသာရရှိသွားခဲ့တာပဲဖြစ်ပါတယ်။ နှစ်သင်းလုံးဟာ လူစုံတက်စုံနဲ့ ပွဲထွက်လာခဲ့ကြပြီး ရီးယဲလ်အသင်းဟာ ဘာစီလိုနာအသင်းကို ဖိအားပေးမှုတွေပြုလုပ်နိုင်ခဲ့ကြပါတယ်။ ရီးယဲလ်အသင်းအနေနဲ့ အပိုင်ဂိုးကန်သွင်းခွင့်တွေရရှိခဲ့ပေမယ့် ဘန်ဇီမာ Benzema ၊ ဗီနီစီယက်စ် Vinicius တို့ ဖြုန်းတီးခဲ့ကြပြီး ဒါဟာ ပွဲရဲ့အဖြေအပေါ် သက်ရောက်မှုကြီးမားခဲ့ပါတယ်။ ရီးယဲလ်အသင်းဟာ ကစားပုံကောင်းခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ အားနည်းချက်တွေများလွန်းတာက စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

ပွဲချိန်မိနစ်(၅၀)မှာတော့ ဘာစီလိုနာအသင်း ဦးဆောင်ဂိုးစရခဲ့ပြီး ဒမ်ဘီလီ Dembélé ချိုးပေးလိုက်တဲ့ ဘောလုံးကို ဆွာရက်ဇ် Suarez က အကောင်းဆုံး အဆုံးသတ်ကန်သွင်းယူခဲ့တာပါ။ ဂိုးပေးလိုက်ရလို့ ရီးယဲလ်အသင်းချေပဂိုးရဖို့ ကြိုးစားလာခဲ့ပေမယ့် ဘာစီလိုနာအသင်းကသာ ဒုတိယဂိုးထပ်ရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကိုဟန့်တားရင်း ရီးယဲလ်နောက်ခံလူ ဗာရန်း က ပွဲချိန်(၆၉)မိနစ်မှာ ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအတွက် တတိယဂိုးကိုတော့ ပွဲချိန်(၇၃)မိနစ်မှာ ဆွာရက်ဇ် က ပယ်နယ်တီကနေ လှလှပပသွင်းယူခဲ့တာပါ။

ဒီရှုံးပွဲကြောင့် ရီးယဲလ်အသင်းအနေနဲ့ ဒီရာသီမှာ မျှော်လင့်စရာဆုဖလားဟာ တော်တော်လေးကို နည်းပါးသွားခဲ့ရပါပြီ။ လူငယ်တွေကို နေရာပေးတာကောင်းပေမယ့် ပွဲကြီးတွေမှာ လိုအပ်ချက်တွေရှိနေသေးတာကို နည်းပြဆိုလာရီ Solari သိမြင်ခဲ့ပြီလို့ယူဆရမှာပါ။ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး ဆွာရက်ဇ် ကတော့ ရီးယဲလ်အသင်းကို လာလီဂါပွဲစဉ်မှာ ဒုက္ခပေးနိုင်ခဲ့သလို အခု စပိန်ဘုရင့်ဖလားပွဲစဉ်မှာလည်း ထပ်ပြီး ဒုက္ခပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။

Photo: Barcelona Twitter
Ko Kyue(Akhayar)
www.akhayar.com