ရီးယဲလ်မက်ဒရစ် ၁ – ၁ ဗယ်လာဒိုလစ်

ဒီပွဲအနိုင်မရတာက ရီးယဲလ်အသင်းအတွက် ကံဆိုးမှုတစ်ခုလို့ပဲ ပြောရမှာပါ။ ရီးယဲလ်အသင်းဟာ ဒီပွဲမှာ ဗယ်လာဒိုလစ် ကို ခြေစွမ်းပိုင်းအသာစီးနဲ့ ကစားနိုင်သလို ဂိုးကန်သွင်းမှုလည်း များစွာလုပ်ခဲ့ပေမယ့် ကံတရားကတော့ သူတို့ဘက်မှာရှိမနေခဲ့ပါဘူး။ အဆိုးထဲက အကောင်းကတော့ ရီးယဲလ်အသင်းရဲ့ ခြေစွမ်းက အရင်ကထက်တော့ ပိုကောင်းလာတာပါပဲ။ ဒီပွဲမှာတော့ ရီးယဲလ်အသင်းတိုက်စစ်ပိုင်းကို ဘန်ဇီမာ Benzema နဲ့ ဘေးလ် Bale တို့က ဦးဆောင်လာခဲ့ပြီး ဗယ်လာဒိုလစ်အသင်းကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဘန်ဇီမာ ၊ ဘေးလ် နဲ့ ဂျိမ်းစ်ရိုဒရီဂွက်စ် James Rodríguez တို့ရဲ့ကန်ချက်တွေ ဂိုးရဖို့နီးစပ်ခဲ့သလို ဗယ်လာဒိုလစ်ဂိုးသမား Jordi Masip ကလည်း ကာကွယ်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ရီးယဲလ်အသင်းဟာ ဂျိမ်းစ်ရိုဒရီဂွက်စ် နဲ့ အစ္စကို Isco တို့အစား ဗီနီစီယက်စ် Vinícius နဲ့ ဂျိုဗစ် Jović တို့ကိုထည့်သွင်းပြီး တိုက်စစ်ကိုမြင့်တင်ကစားခဲ့ပါတယ်။ လူစားဝင်တိုက်စစ်မှူး ဂျိုဗစ် ရဲ့ ခေါင်းတိုက်ချက်တစ်ကြိမ်ကလည်း တိုင်ထိထွက်ခဲ့တာကြောင့် ရီးယဲလ်အသင်း နစ်နာခဲ့ရပါတယ်။ ပွဲချိန်(၈၂)မိနစ်မှာတော့ ရီးယဲလ်အသင်း ဦးဆောင်ဂိုးရခဲ့ပြီး ရရှိလာတဲ့ ဘောလုံးကို ပုံစံကောင်းရနေတဲ့ တိုက်စစ်မှူး ဘန်ဇီမာ က တစ်ချက်ထိန်း ကိုယ်ကိုလှည့်ပြီး ကောင်းမွန်တဲ့ ကန်ချက်နဲ့ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီအနေအထားကြောင့် ရီးယဲလ်အသင်းရဲ့ နောက်ထပ်ဂိုးတွေကို မြင်တွေ့ရမလားလို့ မျှော်လင့်မိခဲ့ပေမယ့် တကယ်တမ်း ဂိုးရသွားတဲ့ အသင်းက ဗယ်လာဒိုလစ်ဖြစ်ပြီး ပွဲချိန်(၈၈)မိနစ်မှာ ချေပဂိုးပြန်ရခဲ့တာဖြစ်ပါတယ်။ ဒီဂိုးမှာတော့ ရီးယဲလ်အသင်း ခံစစ်ပိုင်းရဲ့ လူကပ်ကစားပုံ အားနည်းချက်ကို မြင်ခဲ့ရပြီး ဗယ်လာဒိုလစ်အတွက် ချေပဂိုးကိုတော့ Sergi Guardiola က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

Photo: Stadium Astro , Demandnewspaper.com
Ko Kyue (Akhayar)
www.akhayar.com